မြန်မာနိုင်ငံလွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်နှင့်အတူ ရှင်သန်မွေးဖွားလာရသော နိုင်ငံအတွက် ပြည်တွင်းငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူအများက အလိုချင်ဆုံးသော အရာတစ်ခုဖြစ်ပေသည်။ ပြည်သူမှ ပေါက်ဖွားလာသော အစိုးရတိုင်း၏ နံပါတ်တစ် ရည်မှန်းချက်လည်းဖြစ်ပေသည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်တရာ ခွဲခြားရခက်လှသော ပုစ္ဆာများပင်ဖြစ်သည်။
ထိုသို့ပြည်သူနှင့် အစိုးရများ လိုလားတောင်းတလျက်ရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေသအစိုးရများ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးသည်ကိုု သတိထားသင့်ပေသည်။ ဒေသအစိုးရခေါင်းဆောင်များ၏ အရည်အချင်းအမြော်အမြင်နှင့် လက်တွေ့လုုပ်ကိုင်ဆောင်ရွက်မူများ ကသာ ဒေသငြိမ်းချမ်းရေးဖြစ်စဉ်များကို အားကောင်းလာစေမှာဖြစ်သလို ထိုမှတစ်ဆင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေးကို ရရှိခံစားလာနိုင်မည့် အချက်ကို သတိပြုမိသင့်ပေသည်။
စီမံကိန်းများနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ပွင့်လင်းမြင်သာစွာချပြပြီး အတူတကွ ပူးပေါင်းဆာင်ရွက်နိုင်ဖို့အလွန်အရေးကြီးပေသည်။
ထိုမှသာ အစိုးရစနစ်၏ လုပ်ဆောင်နေမူများကို ဒေသတွင်း အဖွဲ့အစည်းများက သိရှိလာမှာဖြစ်သလို ၎င်းတို့၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများဖြင့်လည်း အပြန်အလှန်အကျိုးကျေးဇူး ဖြစ်ထွန်းအောင်မြင်စေပါလိမ့်မည်။
အနီးကပ်ဆုံး ဥပမာတစ်ခုကိုပြရလျှင် မွန်ပြည်နယ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုများက သက်သေပင် ဖြစ်ပါလိမ့်မည်။ မွန်ပြည်နယ်အစိုးရအနေဖြင့် မွန်ပြည်သစ်ပါတီနှင့် တစ်လ တစ်ကြိမ်တွေ့ဆုံကာ မိမိတို့အစိုးရ၏ စီမံကိန်းများနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို ပွင့်ပွင့်လင်းလင်း ချပြကာ အတူတကွလက်တွဲဆောင်ရွက် သွားဖို့ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်သည်။။ ထိုမှသာ သူ့အခက်အခဲ၊ ကိုယ့်အခက်အခဲနှင့် ဒေသခံပြည်သူများ၏ အမှန်တကယ်လိုအပ်ချက်များကို သိရှိနားလည်လာကြကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တွန်းအားတစ်ရပ်ဖြစ်ခဲ့သည်ကို တွေ့ခဲ့ရသည်။
ငြိမ်းချမ်းရေးမရှိဘဲ ဖွ့ံဖြိုးရေးလုပ်ငန်းများ မဆောင်ရွက်နိုင်သလို မဖွံ့ဖြိုးလျှင်လည်း ရေရှည်ငြိမ်းချမ်းရေးကို မရနိုင်သည့် အချက်အလက်များကို ဒေသတွင်းခေါင်းဆောင်များ သိရှိနားလည်ဖို့ လိုသလို လက်တွေ့ကျင့်သုံးလိုက်နာဆောင်ရွက်ဖို့လည်း လိုမည့်အချက်ကို တွေ့ရှိရသည်။
အာဏာရှင်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ အသွင်ကူးပြောင်းခဲ့သော နိုင်ငံများတွင် နိုင်ငံရေး ဆိုင်ရာ ပြဿနာများ ကြုံတွေ့ရမည်မှာ အသေအချာပင်ဖြစ်ပြီး ထိုပြသာနာများကို ဖြေရှင်းဆောင်ရွက် ရမည်မှာလည်း အစိုးရများ၏ အလုပ်တာဝန်ပင်ဖြစ်ပေသည်။ ထိုနေရာတွင် ခေတ်အဆက်ဆက် အားကောင်းခဲ့သော အုပ်ချူပ်ရေးမဏ္ဍိုင်မှ တာဝန်ရှိသူများ၏ ကျန်ကဏ္ဍများအပေါ်မည်မျှ တလေးတစားပြုမူ ဆောင်ရွက်သလဲဆိုသည့်အချက်နှင့်တကွ ပြုပြင်ပြောင်းလဲလိုသည့် အချက်များကသာ ပြသာနာများကို ပြေလည်နိုင်စေပါလိမ့်မည်။
အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံလို အသွင်ကူးပြောင်းနိုင်ငံများအတွက် ကြုံတွေ့ရမည့် ပြဿနာအခက်အခဲများ လွန်စွာများပြားလှပေသည်။ ထိုပြဿနာများထဲမှ မြန်မာနိုင်ငံအတွက် အဓိကဖြေရှင်းရမည့် ပြသာနာများမှာ ပြည်တွင်းငြိမ်းချမ်းရေးပင် ဖြစ်ပေသည်။
ပြည်တွင်းငြိမ်းချမ်းရေးရမှသာလျှင် အခြားပြသာနာများကို ဖြေရှင်းနိုင်ပါလိမ့်မည်။ ထိုသို့အင်မတန်အရေးကြီးလှသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဒေသအစိုးရများ၏ ပြုမှုလုပ်ကိုင်ဆောင်ရွက်ချက်များသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး တစ်ခုလုံးအတွက်အခြေခံကျပြီး အင်မတန်မှ အရေးကြိးသည်ကိုတွေ့ရသောကြောင့် အစိုးရသစ်အနေဖြင့်လည်း ဒေသအစိုးရစနစ်များ ပွင့်လင်းမြင်သာ အားကောင်းလာစေရန် အလေးထား ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။