မွန်ပြည်နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ကျောင်းအခြေပြု ကာကွယ်ဆေး ထိုးပေးမှုအဖြစ် ပြီးခဲ့သည့် နိုဝင်ဘာတွင် ပထမအကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ထို့သို့ ဆောင်ရွက်ရာတွင် ကလေးငယ် သုံးဦး အော့အန်မှု ဖြစ်ပွားခဲ့သည်။ ထိုကြောင့် ကာကွယ်ဆေး ထိုးရာတွင် မည်သည့် ရောဂါ ရှိသူက ထိုးရန် မသင့်၊ ထိုးရာတွင် မည်သို့ မည်ပုံ စစ်ဆေး ဆောင်ရွက်ပြီးမှ ထိုးနှံပေးသည့် ကိစ္စရပ်များ အပါအဝင် ကာကွယ်ဆေးကို နောက်ပိုင်း၌ ဆက်လက် ထိုးပေးခြင်း ရှိ မရှိကို မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးဆွေနှင့် တွေ့ဆုံ မေးမြန်းမှုများကို ဟင်္သာမီဒီယာက ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။
ဟင်္သာမီဒီယာ။ ။ အရင်ဆုံး ဂျပန်ဦးနှောက်ရောဂါ ဖြစ်ပွားပုံနဲ့ ကူးစပ်ပုံလေးကို ပြောပြပေးပါဦး။
ဒေါက်တာမိုးဆွေ။ ။ ဂျပန်ဦးနှောက်ရောဂါက ဗိုင်းရပ်စ်ပိုးကြောက်ဖြစ်တယ်၊ ဒီဗိုင်းရပ်စ်ကို ဘယ်သူက သယ်ဆောင်လာလဲ ဆိုရင် ခြင်က သယ်ဆောင်လာတာဖြစ်တယ်၊ ဒီခြင်က ရေးဆိုး၊ ရေညစ်မှာ ပေါက်ဖွားတက်တဲ့ ခြင်ဖြစ်တယ်၊ ဒါတွေကို ဘာမှာများလဲဆိုတော့ စိုက်ပျိုးရေး မွေးမြူးရေ လုပ်တဲ့ နေရာတွေမှာ အများဆုံး အဖြစ်များတယ်၊ ခြင်အမျိုးအစားကတော့ ကျူးလက်ခြင်ဖြစ်တယ်၊ ဒီခြင်ကိုက်လို့ဆိုရင် လူရဲ့ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအား စနစ်ရှိတယ်၊ ဒီစနစ်ကောင်းရင် ကောင်းသလို မကောင်းရင် မကောင်းသလို ဖြစ်တက်တယ်၊
ကိုယ်ခံအား ကောင်းတဲ့ သူက ခြင်ကိုက်ရင် ဘာမှ သိပ်မသိသာဘဲ နေမကောင်းတာလောက်ပဲ ဖြစ်သွားတယ်၊ ကိုယ်ခံအား မကောင်းရင်တော့ ဆိုးဝါးနိုင်တယ်၊ ဒီရောဂါက အသက်အရွယ် မရွေးဖြစ်နိုင်တယ်၊ များသော်အားဖြင့် ကလေးသူငယ်တွေမှာ အများဆုံးဖြစ်တက်တယ်၊ ဖြစ်တဲ့နေရာမှာဆိုရင် ကိုယ်ခံအား မကောင်းတဲ့ ကလေးတွေဆိုရင် ကိုယ်ပူပြီး ဖျားလို့ရှိရင် ရောဂါ နောက်ဆက်တွဲအရ ဦးနှောက် ထိခိုက်ပြီး ကျန်တက်တယ်၊ အကြောဆွဲတာတို့ တွန်နေတာတို့ ကျန်တက်တယ်၊ နောက်ပြီး တခြားဟာတွေဖြစ်တဲ့ ကလေးရဲ့ ဘဝမှာ ဦးနှောက်ကြောင့် တစ်သက်လုံး ထိခိုက်နိုင်တာတွေလည်း ရှိတက်တယ်၊ အဲဒါလေးက နည်းနည်းလေး များလာတော့ ကာကွယ်ဆေးထိုးကြတာဖြစ်တယ်၊ ကာကွယ်ဆေးထိုးတဲ့ နေရာမှာ ကုန်ကျစရိတ်တွေ ရှိတယ်၊ ဒီအတွက် အမျိုးသားအဆင့်မှာ လူကြီးတွေ ဆုံးဖြတ်တော့ ဒါက ထိုးသင့်တယ်ပေါ့၊ ဒီလို ဆုံးဖြတ်ပြီး ကာကွယ်ဆေးကို ထိုးတာဖြစ်တယ်။
ဟင်္သာမီဒီယာ။ ။ ဒီဂျပန်ဦးနှောက်ရောင်ဂါ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိတယ်၊ နောက်ပြီး ဒီဆေးဟာ အစမ်းသပ်ခံဆေးလို့လည်း ပြောနေကြတယ်၊ အဲဒီအပေါ်မှာ ဘာများ တုံ့ပြန်ပြောဆိုခြင်းလဲ။
ဒေါက်တာ မိုးဆွေ။ ။ ဒီဆေးဟာ အစမ်းသပ်ခံဆေးမဟုတ်ဘူး၊ ကမ္ဘာ့ကျန်မားရေးအဖွဲ့(WHO) က အသိမှတ်ပြုခံထားတဲ့ ဆေးဖြစ်ပါတယ်၊ မြန်မာနိုင်ငံက အခုမှ စထိုးတာဖြစ်တယ်၊ တကယ်တမ်းကျတော့ နိုင်ငံပေါင်း ၂၀ ကျော်မှာ ထိုးနေပါပြီ၊ သန်းပေါင်းများစွာသော လူတွေလည်း အထိုးခံပြီးသာပါ၊ လူသန်း ၄၀၀ လောက်ကို ထိုးပြီပါပြီး။
ဟင်္သာမီဒီယာ။ ။ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ သုံးနေရာမှာ ဖြစ်သွားတဲ့ ကိစ္စဆိုရင် ကျန်မားရေးအဖွဲ့က ကလေးတွေ ရောဂါ အခံရှိနေလို့ သေဆုံးတာလို့ ထုတ်ပြန်ထားတယ်၊ ဒါကြောင့် ဒီဆေးကို ဘယ်လို လူတွေက အဓိက မထိုးသင့်လဲ။
ဒေါက်တာမိုးဆွေ။ ။ အဓိကကတော့ ကိုယ်ခံအားကျတဲ့ ကလေးတွေ နောက်ပြီး လက်ရှိ အဖျားတက်နေတဲ့ ကလေးတွေ နောက်တစ်ခုက ဆေးမတည်တာတွေ ရှိတက်တယ်၊ ဆရာတို့က ကာကွယ်ဆေးထဲမှာ ကာကွယ်ဆေးရဲ့ သဘာဝအရ သွေးယိုတက်တဲ့ ကလေးတွေကတော့ မထိုးသင့်ဘူး၊ အဓိကကတော့ အဲလောက်ပါပဲ၊ ရောဂါအခံရှိတဲ့ အခါကျတော့ ကိုယ်ခံအားကျတဲ့ ဆေးတွေ သောက်ထားရင်တော့ မထိုးသင့်ဘူး။
ဟင်္သာမီဒီယာ။ ။ ဒီနေရာမှာ ဘယ်လို ကိုယ်ခံအားကျဆင်းတဲ့ ရောဂါတွေက မထိုးသင့်တာလဲ။
ဒေါက်တာမိုးဆွေ။ ။ ကိုယ်ခံအားကျဆင်းတဲ့ ရောဂါရှိရင်တော့ မထိုးသင့်ဘူး၊ ဥပမာ ကိုယ်ခံအားကျဆင်းနေလို့ ရန်ကုဆရာဝန်တွေ ပေးတဲ့ ဆေးသောက်ထားရင်တော့ မထိုးပေးဘူး။
ဟင်္သာမီဒီယာ။ ။ ကာကွယ်ဆေးထိုးတဲ့ နေရာမှာ ကလေးတွေ ကိုယ်ခံအားကျဆင်းတဲ့ ရောဂါ ရှိ မရှိကို ဘယ်လို စိစစ်လဲ။
ဒေါက်တာမိုးဆွေ။ ။ ဆေးထိုးဖို့ စာရင်းပေးတဲ့ နေရာမှာ စမ်းလည်စမ်းပေးတယ်၊ နယ်မှာဆိုရင်တော့ ကျန်းမာရေးမှူးတွေက စမ်းပေးတယ်၊ စမ်းပေးတဲ့နေရာမှာ နှလုံးက သွေးခုန်နှုန်း မမှန်ဘူး၊ ဒါဆိုရင် အဲမှာကလည်းက ဘာဆေးတွေ သောက်ထားလဲ၊ နောက်ပြီး သူတို့က ဂျပန်ဦးနှောက်ရောဂါ ကာကွယ်ဆေးထိုးဖို့ ဆန္ဒမရှိရင် မထိုးပေးဘူး၊ မွန်ပြည်နယ်မှာ ပထမအကြိမ်က ငါးသိန်းထိုးပေးလိုက်တယ်၊ တစ်ယောက်မှတော့ ဘာမှမဖြစ်လိုက်ဘူး၊ ဆေးသာ အစစ်မှန် မဟုတ်ဘူးဆိုရင် ငါးသိန်းမှာ တစ်ခုခုတော့ ဖြစ်မှာ၊ ဆေးထိုးတဲ့နေရာမှာ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်မှာလည်း ဒီဆေးပဲ၊ ဒီဆေးဟာ အလွန်စိတ်ချရတဲ့ ဆေးဖြစ်ပါတယ်၊ ဒီဖြစ်သွားတဲ့ ကလေးတွေကတော့ ဆရာတို့လည်း ဓာတ်ခွဲစစ်ဆေးတဲ့ ထဲမှာတော့ မပါဘူးပေါ့၊ ဒါပေမယ့် ကလေးအထူးကုတွေကော ဆရာဝန်ကြီးတွေလည်း စစ်ထားပါတယ်၊ ဒါကြောင့် သူတို့က ဆေးကြောင့် ဖြစ်တာ မဟုတ်ဘူးလို့ ထုတ်ပြန်လိုက်တာဖြစ်တယ်၊ ဆေးကြောင့် ဖြစ်မယ်ဆိုရင် ဆရာ မွန်ပြည်နယ်မှာ ငါးသိန်း ဖြစ်မှာပေါ့။
ဟင်္သာမီဒီယာ။ ။ သတင်းတွေအရ ကာကွယ်ဆေးကြောင့် မွန်ပြည်နယ်မှာ ဆေးထိုးရင် ကလေး သုံးယောက် အော့အန်မှု ဖြစ်တယ်လို့ ကြားရတယ်။
ဒေါက်တာမိုးဆွေ။ ။ မှန်ပါတယ်၊ ဆေးကြောင့် ကိုယ်ပူချိန်တက်တယ်၊ အင်ပြင်တွေထတယ်၊ ဒါမျိုးကတော့ ဖြစ်နိုင်ပါတယ်၊ ဒီဟာက ကာကွယ်ဆေးမှ မဟုတ်ဘူး၊ ဘယ်ဆေးမဆို ဖြစ်နိုင်ပါတယ်၊ ပါတာစီတမော့ သောက်တာပဲ ဖြစ်ဖြစ် အားဆေးသောက်တာပဲ ဖြစ်ဖြစ် မတည်ရင်တော့ ဖြစ်တက်ပါတယ်၊ ပဋိဇီဝဆေးတွေမှာ မတည်တာတွေ ဖြစ်တက်ပါတယ်၊ ဒီလောက်တော့ ဖြစ်တက်ပါတယ်။
ဟင်္သာမီဒီယာ။ ။ ကာကွယ်ဆေးကို လူတွေ တော်တော်များများ အထိတ်တလန့်ဖြစ်နေတာကို ဘာများ ပြောချင်လဲ။
ဒေါက်တာ မိုးဆွေ။ ။ ကျွန်တော်တို့ကတော့ အထိတ်တလန့်မဖြစ်စေချင်ပါဘူး၊ တကယ်လို့ ကိုယ်ကလေးတွေကို သံသယရှိတယ်ဆိုရင် မထိုးခင်မှာ ဆရာဝန်တွေနဲ့ ပြလို့ရပါတယ်၊ ဆရာဝန်နဲ့ တိုင်ပင်ပြီး သူတို့က မထိုးသင့်ဘူးလို့ ပြောရင် မထိုးပါနဲ့၊ သူမျာပြောရင်တောင်မှ ကိုယ်စိတ်ထဲမှာ သံသယရှိတယ်ဆိုရင် ထပ်ပြီး ဆွေးနွေးလို့ ရပါတယ်၊ ကျွန်တော်တို့လည်း ဒီလို လုပ်နေပါတယ်၊ ကျွန်တော်တို့အနေနဲ့ နိုဝင်ဘာမှာ ကျောင်းအခြေပြု ကလေး ၉၆ ရာခိုင်နှုန်းကိုလည်း ထိုးထားပြီဖြစ်လို့ ဒီကောလဟလ အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဘာမှ ပြောစရာ မရှိဘူး၊ ပြောတဲ့သူကတော့ ပြောမှာပဲ။
ဟင်္သာမီဒီယာ။ ။ ကျောင်းအခြေပြုထိုးပြီးသွားလို့ ဆရာတို့အနေနဲ့ ဒီဇင်ဘာမှ ဘယ်လို ပုံစံတွေနဲ့ ထိုးပေးသွားဦးမှာလဲ။
ဒေါက်တာမိုးဆွေ။ ။ ကျွန်တော်တို့က ကျောင်းအခြေပြုဆိုပေမယ့် တကယ်တမ်းထိုးချင်တာတော့ အသက် ၉ ကနေ ၁၅ နှစ်အထိဖြစ်တယ်၊ ကျောင်းတွေမှာကျတော့ ငါးနှစ်ကစတယ်၊ ဒီ ၉ လနဲ့ ကလေးတွေက အရပ်ထဲမှာ ရှိနေတယ်၊ နောက်ပြီး ကျောင်းမနေတဲ့ ကလေးတွေလည်း အရပ်ထဲမှာ ရှိနေတယ်၊ ကျောင်းတွေမှာ ထိုးတယ်၊ အဲဒီအချိန်မှာ ဖျားနေလို့ ရွေ့ဆိုင်းထားတဲ့ ကလေးတွေ ရှိတယ်၊ ဒီကလေးတွေကို ပြန်ထိုးပေးမှာ ဖြစ်တယ်၊ ဒီအတွက် ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၀ အထိ ပြည်သူလူထု အခြေပြုထိုးပေးသွားမယ်။
ဟင်္သာမီဒီယာ။ ။ ဒီလို ထိုးတဲ့ အစီအစဉ်တွေ ပြီးသွားလို့ရှိရင်ကော နောက်ပိုင်းမှာ ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးတွေ ဆက်ထိုးသွားဖို့ ရှိသေးလား။
ဒေါက်တာမိုးဆွေ။ ။ ရှိပါတယ်၊ ခြင်ကနေ သယ်လာတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဒီရောဂါဖြစ်တယ်၊ ဒီရောဂါဖြစ်လို့ရှိရင် သေတဲ့ ကလေးတွေလည်း ရှိတယ်၊ မသေပဲနဲ့ ဦးနှောက်နဲ့ အာရုံကြောထိခိုက်တဲ့ ကလေးတွေ ရှိတယ်၊ ကျွန်တော်တို့အနေနဲ့ ပုံမှန်အားဖြင့်ဆိုရင် ဒီဆေးတွေကို တစ်နှစ်အောက် ကလေးတွေသာ ထိုးပေးတာပါ၊ ကျွန်တော်တို့က စေတနာနဲ့ ထိုးပြီရအောင် လုပ်ပေးတာဖြစ်ပါတယ်၊ ဒါတွေက ပိုက်ဆံကုန်ကျမှု အများကြီးရှိပါတယ်၊ ဒီအတွက်လည်း ပုံမှန် ကာကွယ်ဆေးထဲမှာ ထည့်ထိုးသွားမယ်၊ အခုဆိုရင် ပုံမှန် ကာကွယ်ဆေးဟာ ဒီကာကွယ်ဆေး အပါအဝင်ဆိုရင် ၁၀ မျိုးကနေ ၁၁ မျိုးအထိ ရှိလာမယ်၊ ဒါပေမယ့် ကလေးကြီးတွေ အတွက်ကတော့ ဒါဟာ နောက်ဆုံး အခွင့်အရေးတွေပဲ ဖြစ်ပါတယ်၊ ဒါကို သူတို့တွေ အနေနဲ့က နားလည်း သဘောပေါက်ပြီး ထိုးမယ်ဆိုရင် ကျွန်တော်တို့ ထိုးပေးမယ်၊ ဒါကို သူတို့အနေနဲ့ လက်မခံဘူးဆိုရင် ကျွန်တော်တို့ ထိုးပေးမှာ မဟုတ်ဘူး။
ဟင်္သာမီဒီယာ။ ။ ဒီကာကွယ်ဆေးဟာ လူကြီးပိုင်တွေကော ထိုးဖို့လိုလား။
ဒေါက်တာမိုးဆွေ။ ။ ဒါကတော့ သစ်ပင်လေးလိုပေါ့၊ သစ်ပင်လေးတွေမှာက အပင်ပေါက်ကာစဆို သေလွယ်တယ်၊ ကလေးတွေကျတော့ ဖြစ်ပြီးဆိုရင် ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်နိုင်ခြေများတာပေါ့၊ တကယ်တမ်းကျတော့ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ လူကြီးတွေကို မထိုးပေးဘူး၊ လူကြီးတွေက ဒီဟာကို ပိုက်ဆံ သုံး လေးသောင်း အကုန်ကျခံပြီး ထိုးကြတယ်။
ဟင်္သာမီဒီယာ။ ။ ဒီကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ ပြည်သူတွေကို ဘာများ ပြောချင်သေးလဲ။
ဒေါက်တာမိုးဆွေ။ ။ ဒီကာကွယ်ဆေးဟာဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခွင့်ပြုထားတဲ့ ဆေးဖြစ်တယ်။ နောက်ပြီး စိတ်ချရတဲ့ ဆေးလည်းဖြစ်တယ်၊မွန်ပြည်နယ်မှာ ပထမအကြိမ် ထိုးခဲ့ပြီးပြီး ဘာမှလည်း အသေအပျောက် မရှိခဲ့ဘူး၊ ဒီအတွက် ကျွန်တော်တို့ ပေးတဲ့ ဝန်ဆောင်မှုကို လက်ခံတယ်ဆိုရင် ကျွန်တော်တို့က welcome ပါ၊ ဒီအတွက်လည်း အသိပညာပေးမှုတွေကို လုပ်လည်း လုပ်နေတယ် ဆက်လည်း လုပ်ဦးမှာပါ၊ နောက်ပြီး ဆေးထိုးတဲ့ နေရာမှာ လက်က တဆင့် ရောဂါ ပိုးမဝင်အောင် ကျွန်တော်တို့ ကြိုးစားပေးမယ်၊ မိဘပြည်သူတွေက ကျွန်တော်တို့ကို ယုံကြည်ပြီး ထိုးမယ်ဆိုရင် ဒါအခွင့်အရေးပါပဲ၊ ဒီအတွက် ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးကို ဆန္ဒရှိမှ ထိုးပေးမှာပါ၊ ဆန္ဒမရှိရင် ဇွတ်မလုပ်ပါဘူး။