ခြောက်လအတွင်း အဖြေထွက်မယ့် ချင်းပါတီ ပူးပေါင်းရေး

ခြောက်လအတွင်း အဖြေထွက်မယ့် ချင်းပါတီ ပူးပေါင်းရေး
(photo - ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)
(photo - ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)

“ကျွန်တော်တို့ပါတီအနေနဲ့ ထုတ်ပြန်တာ က မပေါင်းဘူးလို့မဟုတ်ဘူး။  ဒီဟာတွေလက်ခံမှ ပေါင်းမယ်ဆို တာမျိုးလည်းမဟုတ်ဘူးလေ။ ဒါက ကျွန်တော်တို့ပါတီရဲ့အဆိုပြုချက်ဖြစ်တယ်”

ချင်းပါတီပူးပေါင်းရေးနဲ့ ပတ်သက်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) အနေနဲ့ ပါတီညီလာခံကနေ သဘောထားထုတ် ပြန်ချက်အပေါ် ဝေဖန်မှုရှိတွေရှိနေတဲ့အတွက် CLD ရဲ့ ပြောရေးဆိုခွင့်ရှိ ဦးအောင် လိန်းကအထက်ပါအတိုင်း ပြောတာဖြစ်ပါတယ်။

အခုအခြေအနေအရ ချင်းပါတီ ၃ ခု ပူးပေါင်းနိုင်ရေးမှာ မတူညီတဲ့ သဘောထား၊ အဆိုပြုချက်လေးတွေကတော့ ရှိနေဆဲဖြစ်နေပါတယ်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပူးပေါင်းရေးကိစ္စနဲ့ပတ်သက်ရင် ခြောက်လအတွင်း မူဝါဒတွေအရင်ရေးဆွဲချမှတ်ပြီး မဟာမိတ်ဖွဲ့ရေး နဲ့ ပူးပေါင်းရေးကိစ္စကို တစ်ခါတည်းဆွေးနွေးဖို့ အဆိုပြု လာတာဖြစ်ပါတယ်။ အရင်ကမဟာမိတ်ဖွဲ့ရေးကို အရင်လုပ်၊ ယုံကြည်မှုတွေတည်ဆောက် မှုတွေတည် ဆောက်ပြီးမှ ပူးပေါင်းရေးကို ဆောင်ရွက်ဖို့ပြောဆိုခဲ့ပေမယ့် အခုညီလာခံအပြီးမှာ အပြောင်းအ လဲလုပ် လာတာဖြစ်ပါတယ်။

ဦးအောင်လိန်းက “ အရင်တုန်းကလို ၁၈ လအတွင်းဆွေးနွေးရမယ်ဆိုတာမျိုးမပါဘူး။ ခြောက်လတွင်းမှာပဲ အပြတ်ဆွေးနွေးမယ်။ နံပတ်တစ် အနေနဲ့ ပူးပေါင်းနိုင်ရေး အတွက် မူဝါဒတွေ ဆွေးနွေးမယ်။ နံပတ် ၂ အနေနဲ့ ဘယ်မဟာမိတ် မှာပါရမလဲဆိုတာကိုဆွေးနွေးမယ်။ နံပတ်သုံး အနေနဲ့ ဘယ်လိုဖွဲ့စည်းပုံနဲ့ ပေါင်းမလဲဆို တာဆွေးနွေးဖို့ဖြစ်တယ်။ စီအဲန်ဒီပီနဲ့ စီပီပီမပေါင်းခင်ကလည်း စီပီပီက ညီလာခံလုပ်ပြီး အဆိုပြုချက် တွေထွက်လာတာပဲ။ ကျွန်တော်တို့က လည်းပူးပေါင်းမယ်ဆိုရင် ပါတီနာမည်ကို ဘယ်လိုပေး သင့်တယ်ဆိုပြီး CNLD နာမည်ကို အဆိုတင်သွင်းတဲ့သဘောဖြစ်တယ်။ ကျွန်တော်တို့က ဒီအတိုင်းလုပ်မှ ပေါင်းမယ်ဆို တာမျိုးမရှိပါဘူး။ ကြေညာချက်ဖတ်တဲ့သူတစ်ချို့က နားလည်မှုလွဲနေတာဖြစ်တယ်” လို့ပြောပါတယ်။

ပူးပေါင်းရေးကိစ္စနဲ့ပတ်သက်ပြီး မူဝါဒအရင်ရေးဆွဲရေးမရေးဆွဲရေးမှာတော့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အနေနဲ့တော့ သဘောထားကွဲလွဲမှုတွေရှိပါတယ်။  ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီကတော့ ပူးပေါင်းရေးကို အရင်လုပ်ပြီး ဆွေးနွေးဖို့ရည်ရွယ်ထားပါတယ်။ အဲဒီအပြင် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြေညာချက် အပေါ်လည်း သဘောမကျမှုတွေရှိနေပါတယ်။ ပူးပေါင်းရေးကိစ္စဆွေးနွေးလာရင်လည်း CLD ရဲ့အဆိုပြုချက်တွေက အခက်အခဲတွေရှိစေမယ်လို့ဆိုပါတယ်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ဥက္ကဌဦးဇိုဇမ်က “ CLD ကတော့ သူတို့အခြေအနေအရ အရင်ချည်း ကပ်တဲ့ပုံစံပေါ့။ ဒါမရရင်မလုပ်ဘူး ဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အဲဒါကျွန်တော်တို့နဲ့မတူဘူး။ ကျွန်တော် တို့ကတော့ အခြေအနေအချိန်အခါ အရချည်းကပ်တာဖြစ်တယ်။ ဒီဟာက ၂၀၁၄ နှစ်ဆန်းကတည်းက သုံးပါတီညှိနှိုင်းခဲ့တာဖြစ်တယ်။ ဒီပုံစံနဲ့ဆိုရင် သူတို့နဲ့ ဆွေးနွေးဖို့အတော် ခက်ခဲမယ်လို့ယူဆတယ်။ အဓိကတော့ ( Chin National League for Democracy) CNLD ဆိုတဲ့နာမည်မျိုးပြန်ပေးဖို့ဆိုတာမျိုးက လုံးဝမဖြစ်သင့်တာ။ သူတို့က ပြန်အသက်သွင်းချင်တာပေါ့။ ဒီနာမည်က တရားဝင်ဖျက်သိမ်းခံ ထားပြီးသားဖြစ်တယ်။ နောက်တစ်ခုက ချင်းပြည်သူတွေအတွက် ကြိုတင်ပြီး ဘာလုပ်ပါ။ ဘယ်လိုလုပ်မှ ဘယ်လိုဆက်လုပ်မယ်ဆိုတာမျိုးက မလုပ်သင့်တဲ့ကိစ္စလို့ ကျွန်တော်ကတော့မြင်တယ်။ ချင်းပြည်သူ တွေနဲ့ အတူတူလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ လိုချင်တဲ့ပုံစုံဖြစ်လာမှာမဟုတ်ဘူး။ ချင်းပြည်သူတွေ ဆန္ဒအတိုင်း စလုပ်မှ ကျွန်တော်တို့မျှော်မှန်းထားတဲ့ ချင်းပြည်သူကိုကိုယ်စားပြုတဲ့ပါတီရမှာဖြစ်တယ်” လို့ သူ့ရဲ့သုံး သပ်ချက်ကိုပြောပါတယ်။

ဦးဇိုဇမ် အနေနဲ့ ပူးပေါင်းရေးဆွေးနွေးမှုအတွက် CLD ရဲ့အဆိုပြုချက်တွေက အခက်အခဲဖြစ်စေမယ်လို့ ပြောပေမယ့် ဦးအောင်လိန်းကတော့  ပူးပေါင်းရေးကိစ္စဆွေးနွေးတဲ့အခါမှာ သူတို့အဆိုပြုထား တာမျိုးမရရင် မပူးပေါင်းဘူး ဆိုတဲ့ ဆုပ်ကိုင်ထားတာမျိုးမရှိဘူးလို့ပြောပါတယ်။ ပါတီတစ်ခုအနေနဲ့ အဆိုပြုတဲ့ သဘောဖြစ်တယ်လို့ဆိုပါတယ်။ ပူးပေါင်းဖြစ်မှာကလည်း လက်ရှိချင်းနာမည်တပ်ထားတဲ့ပါတီ (၃) ခုပူးပေါင်းတာပဲ ဖြစ်လာမယ်လို့ ပြောထားပါတယ်။ CLD ရဲ့ ပူးပေါင်းရေးနဲ့ပတ်သက်ပြီး လိုချင်တဲ့ပုံစံကို ဦးအောင်လိန်းက အခုလိုပြော ပါတယ်။

“အဲလိုဆွေးနွေးတဲ့အခါမှာ မျိုးနွယ်စုအခြေခံတဲ့ ပါတီတွေကပေါင်းမှာမဟုတ်ဘူး။ ဘာဖြစ်လို့ သူတို့မပေါင်း မှာလည်းဆိုရင် သူတို့နဲ့က ပါတီရည်မှန်းချက်တွေမတူဘူး။ သူတို့ရဲ့ Identity အတွက် အဓိကဖြစ်တယ်။ ဒါကြောင့် ချင်းပါတီသုံးခုပေါင်းပြီးရင်လည်း ချင်းပါတီကရှိအုံးမယ့် သဘောဖြစ်နေတယ်။ သူတို့လည်း ပါတီဖြစ်နေတော့ ချင်းပါတီလို့ သတ်မှတ်တဲ့အတွက် မဟာမိတ်အနေနဲ့နေဖို့ပြောတာဖြစ်တယ်။ အဲဒါဆိုရင် မဲဆန္ဒနေရာဖယ် ပေးတာမျိုး တွေကောင်းလာမယ်။ သူတို့အမာခံဖြစ်တဲ့နေရာမှာ သူတို့ပါတီပဲ ဝင်ပြိုင်ပေါ့။  အဲဒါဆိုရင် မျိုးနွယ်စုပါတီတွေလည်း ကျွန်တော်တို့မနိုင်တဲ့ သူတို့အမာခံမြေမှာအနိုင်ရ၊ ချင်းပါတီသုံးခုလည်း အနိုင်ရနဲ့ လွှတ်တော်နေရာမှာက ချင်းပါတီတွေအားလုံးအနိုင်ရလာမယ်။ ပူးပေါင်းရင်တော့ အခုချင်းပါတီ သုံးပါတီပဲပေါင်းမှာပါ” လို့ပြောပါတယ်။

ချင်းတိုးတက်ရေးပါတီ (CPP) အနေနဲ့တော့ ချင်းပါတီ (၃) ခုပူးပေါင်းရေးကိစ္စမှာ မျိုးနွယ်စုပါတီတွေက ပူးပေါင်းရေးကို ချင်းပါတီ (၃) ခုအရင်လုပ်ဖို့ ပြောဆိုခဲ့ပြီးပေမယ့် အခုလို မျိုးနွယ်စုပါတီတွေနဲ့ ပတ်သက်ပြီး အဆိုပြုချက်မှာ ပြန်ပါလာတာကို နားမလည်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သုံးပါတီ ပြန်ဆွေးနွေးလာရင်တော့ အကောင်းဆုံးဖြေထွက်လာမယ်လို့ယုံကြည်ထားပါတယ်။

ချင်းတိုးတက်ရေးပါတီဥက္ကဌ ဦးနိုထန်ကပ်က “မျိုးနွယ်စုပါတီတွေအနေနဲ့လည်း ကျွန်တော်တို့ သုံးပါတီ ကို အရင်ပေါင်းပါဆိုပြီး ပြောခဲ့တာပဲလေ။ ဒါကြောင့်ဆက်ဆွေးနွေးခဲ့တာဖြစ်တယ်။ CLD က ပါတီအလိုက်ပူးပေါင်းဖို့ပြောလိုက်တော့ နားမလည်နိုင်ဘူးဖြစ်သွားတယ်။ သူတို့က အဲဒါကို အခြေခံပြီးတော့ ပူးပေါင်းရေးဆွေးနွေးမယ်ပြောထားတော့ ဆွေးနွေးတဲ့အချိန် အဲဒါကို အတည်ကိုင်ထားမှာလား၊ ဘယ်လောက်အထိ ပေးဆပ်မှာလည်းဆိုတာကို ဆွေးနွေးမှာပေါ့။ သူ့အမြင်၊ ကိုယ့်အမြင်ဆိုတာမျိုး တော့ရှိမှာပေါ့။ ဒါပေမယ့်လည်း ဆွေးနွေးလာရင် အဖြေတစ်ခုလောက်ပေါ်လာမှာပါ” လို့ပြောပါတယ်။

ချင်းတိုးတက်ရေးပါတီအနေနဲ့ ပါတီပူးပေါင်းရေးနဲ့ပတ်သက်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီညီလာခံမတိုင်မီ ကအခုလိုပြောခဲ့ပါသေးတယ်။

“အကယ်လို့ ပူးပေါင်းဖို့ အဆင်မပြေဘူးဆိုရင်လည်း ပူးပေါင်းဖို့အသင့်ဖြစ်တဲ့ ချင်းနှစ်ပါတီကပူးပေါင်းပြီး မှတ်ပုံတင်တော့မှာပေါ့။ ဒီထက်လည်းစောင့်ဖို့ အချိန်မရတော့ဘူးလေ။ လက်ခုပ်ဆိုတာတစ်ဖက်တည်း တော့တီးလို့မရဘူးပေါ့။ ပူးပေါင်းရေးနဲ့ပတ်သက်ပြီး CPP နဲ့ CNDP က CLD ကို အကြိမ်ကြိမ် ပြောထား ခဲ့တာပါပဲ။ ပူးပေါင်းမယ်လို့ ယုံကြည်လို့လည်း စောင့်တာပေါ့။ ပေါင်းသည်ဖြစ်စေ မပေါင်းသည်ဖြစ်စေ ကြိုးစားခဲ့ သမျှကိုတော့ ဆက်လုပ်ရမှာပေါ့။ နှစ်ခုပေါင်းပြီး တစ်ခုကျန်ခဲ့မယ်ဆိုရင်လည်း လာမယ့်ရွေး ကောက်ပွဲမှာ အဲလောက်ထိ ကယက်ရိုက်မယ်လို့တော့ မထင်ဘူး။ နှစ်ခုပေါင်းဖြစ်မယ်ဆိုရင်လည်း အခြေအနေ လည်း မဆိုးပါဘူး။ မြို့နယ်အားလုံးတော့မဆိုလိုပါဘူး။ ဒါပေမယ့် တော်တော်များများမှာတော့ အခြေအနေ မဆိုးဘူးလို့ထင်တာပါပဲ။ အားလုံးပူးပေါင်းနိုင်ရင်တော့ ပိုကောင်းတာပေါ့” လို့ပြောပါတယ်။

လက်ရှိအချိန်မှာ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဟာ တိုင်းရင်းသားမဟာမိတ်ပါတီအနေနဲ့ NBF မှာရှိနေသလို ချင်းတိုးတက်ရေးပါတီနဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ကတော့ UNA နဲ့မဟာမိတ်လုပ်ထားပါတယ်။ CLD ရဲ့ထုတ်ပြန်ချက်မှာ ပါတီ (၃) ခုပူးပေါင်းဖြစ်ရင် တိုင်းရင်းသားမဟာမိတ်အနေနဲ့ UNA နှင့်ပြုလုပ်ဖို့ အဆိုပြုထားတဲ့အတွက် အဆိုပါကိစ္စကလည်း အထူးတလည် ဆွေးနွေးရမယ့်အနေအထားမှာရှိနေပါတယ်။ ပါတီတွင်း မဲခွဲစနစ်နဲ့ သွားမယ်ဆိုရင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီအနေနဲ့ NBF ရဲ့ မဟာမိတ်ပါတီကနေ နှုတ်ထွတ်နိုင်ခြေရှိနေပါတယ်။

ချင်းပါတီများ ပေါင်းစည်းနိုင်ရေးအတွက် CLD က၂၀၁၇ ခုနှစ် မေလမှာ  ညီလာခံ ခေါ်ယူပြီးမှ ပေါင်းစည်းရေးကို ဆုံးဖြတ်ချက်ချသွားမည်ဟုဆိုခဲ့ပေမယ့် ညီလာခံမကျင်းပနိုင်ခဲ့ပါဘူး။ ဒါကြောင့် ပေါင်းစည်းရန် အဆင်သင့်ဖြစ်တဲ့ CNDP, CPP တို့နှစ်ပါတီအနေနဲ့ ဇွန်လ ၁၅ ရက်နေ့မှာ ဦးစွာပေါင်းဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ချင်းပါတီ (၃) ခုလုံး ပူးပေါင်းနိုင်ရန်အတွက် နှစ်ပါတီအရင်ပေါင်းစည်းရေးနဲ့ မှတ်ပုံတင်လျှောက်ထားရေးကို ဆိုင်းငံကာ CLD ရဲ့ညီလာခံကို စောင့်ဆိုင်းခဲ့ တာဖြစ်ပါတယ်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပါတီပူးပေါင်းရေးနဲ့ မဟာမိတ်ဖွဲ့ရေးကို ခြောက်လအတွင်း အပြီးဆွေးနွေးဆုံးဖြတ်ဖို့အဆိုပြုခဲ့တဲ့အတွက် အဲဒီအပေါ် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီနဲ့ ချင်းတိုးတက်ရေးပါတီက ဘယ်လိုသဘောထားပြီး ဘယ်လိုမျိုးအဖြေထွက်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

October 2, 2024
ချင်းပြည်နယ်ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိုးတွေ့ရင် စစ်ကောင်စီတပ်က...
September 26, 2024
မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံက ချင်းစစ်ဘေးဒုက္ခသည်တွေနဲ့ CDM...
September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...