၂၁ရာစုပင်လုံအပေါ် သူတို့့အတွေး၊ သူတို့့အမြင်

၂၁ရာစုပင်လုံအပေါ် သူတို့့အတွေး၊ သူတို့့အမြင်
by -
ကေအိုင်စီ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကိုနေပြည်တော်၊ MICC 2 ခန်းမတွင် သြဂုုတ်၃၁ရက်မှ စက်တင်ဘာလ၄ရက်နေ့အထိ ကျင်းပလျက်ရှိသည်။ ထိုညီလာခံသို့တက်ရောက်လာသည့် အလွှာ ပေါင်းစုံမှ အဖွဲ့အစည်းအသီးသီးတို့၏ အမြင်များကို စုစည်းဖော်ပြခြင်းဖြစ်သည်။

KIC Anal 0501

ပဒိုကွယ်ထူးဝင်း(အထွေထွေအတွင်းရေးမှူး၊ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ)

ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့်နိုုင်ငံရေးပြဿနာများဆွေးနွေးရေး

အခုကျနော်တို့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ မငြိမ်းချမ်းသေးတဲ့ နိုင်ငံရေးပြသနာတွေကို ဆွေးနွေးဖြေရှင်းမယ်။ နောက်တစ်ခုက နိုင်ငံတော်အစိုးရမှာလည်း သဘောထားရှိတယ်။ ဖက်ဒရယ်စနစ်ကို ထူထောင်မယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒါကိုထူထောင်ဆောင်ရွက်မယ်။ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတော့ ကျနော်တို့အခုညီလာခံကနေစပြီး ညီလာခံပြီးတာနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲစတင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကော၊ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ ကိုယ့်ရဲ့အမြင်သဘောထားတွေကို တင်ပြခွင့်ရှိတယ်။ ဆွေးနွေးပိုင်ခွင့်ရှိတယ်။ ဒီညီလာခံမှာကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတင်မကဘူး။ တစ်ခြားအစုအဖွဲ့တွေကလည်း သူတို့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ကျနော်တို့ နို်င်ငံတော်ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ဘယ်လို အမြင်သဘောထားတွေရှိသလဲဆိုတာ လွတ်လွတ်လပ်လပ်တင်ပြခွင့်ရှိတဲ့အတွက် ကောင်းမွန်တဲ့ရလဒ်တစ်ခုကိုတော့ ကျနော်တို့ရမှာဖြစ်ပါတယ်။ ပိုမိုပြီးတော့နားလည်မှုတွေ တစ်ဖက်နဲ့တစ်ဖက်ပိုရှိလာမယ်။ တစ်ဖက်နဲ့ တစ်ဖက်သဘောထား ပိုသိလာမှာအတွက်ကြောင့် ကျနော်တို့ဘယ်လိုအဖြေရှာရမယ်ဆိုတာ ပိုမိုနားလည်လာမှာဖြစ်တယ်။

လွတ်လပ်စွာ တင်ပြဆွေးနွေးခွင့်နှင့် ညှိနှိုင်းအဖြေရှာရေး

ညီလာခံဆိုတာက သဘောထားမကိုက်ညီတဲ့၊ မတူတဲ့အဖွဲ့အစည်းတွေစုပြီးတော့ မိမိအဖွဲ့အစည်းရဲ့သဘောထား၊ မိမိလူမျိုးအမြင်သဘောထားတင်ပြမှာဖြစ်တဲ့အတွက် အမြင်မတူညီမှုအပေါ်မှာ ဘုံသဘောတူညီမှုရှာပြီးတော့ ကျနော်တို့အနာဂတ်မှာ ဘယ်လိုအတူတကွ ပူးပေါင်းနေထိုင်ကြမလဲဆိုတဲ့ ကိစ္စကတော့ရမှာပဲ။ ကျနော်တို့အဲလိုယုံကြည်ပါတယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးတင်ပြခွင့်ရှိတယ်။ ဒီကနေ ကျနော်တို့နို်င်ငံရေးဆွေးနွေးပွဲကို သွားပြီးတော့ ဒီအခြေခံအပေါ်မသွားနိုင်တဲ့ အဖွဲ့ကျတော့လည်း ကျနော်တို့ ပိုမိုမှန်ကန်တဲ့အဖြေကိုရမှာပဲ။

ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းမခံရသည့် အဖွဲ့့အစည်းများပေါ်အမြင်

မတက်တဲ့အဖွဲ့တွေဆိုတာကလည်း အခုလတ်တလော ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ အဖွဲ့က (၃)ဖွဲ့ပါ။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က (၂၁)ဖွဲ့။ ကြီးတာ ငယ်တာအဖွဲ့က အကုန်လုံးပေါ့။မတက်တာက (၃)ဖွဲ့။ လက်ရှိမှာ အစိုးရနဲ့ညှိနှိုင်းပြီးတော့ သဘောတူညီမှု အကုန်လုံးမရနိုင်သေးတဲ့အဆင့်မှာ ရှိသေးတဲ့အပေါ်မှာ သူတို့က ဖိတ်ကြားမှုမခံရဘူးပေါ့နော်။ သို့သော်လည်းပဲ ဒီအဖွဲ့အစည်းတွေကလည်း ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ သူတို့တစ်ကြိမ်ကြိမ်တစ်ခါခါပါလာမှာပဲလို့ ကျနော်တို့နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအစိုးရရဲ့သဘောထားမူက အားလုံးပါ၀င်ရေးဆိုတဲ့ သဘောထားချထားတယ်။ သူတို့ နိုင်ငံတော်တာဝန်စယူပြီးတဲ့နောက်ပိုင်းမှာ အဲဒီမူကိုအခြေခံပြီးတော့ မတူတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို အမျိုးအစား(category)ခွဲပြီးတော့ ကျနော်တို့၊ သူတို့ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အခု ပထမအကြိမ် ဒီဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့ပဲပါပါတယ်။ ဒီတစ်ကြိမ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၇)ဖွဲ့ ပါ၀င်လာပါတယ်။ ဆိုလိုချင်တာက အောင်မြင်မှုပေါ့နော်။ ဒါငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုမိုတိုးတက်တဲ့အနေအထားလို့ပြောရင်ရပါတယ်။သူတို့လည်း တစ်ကြိမ်တစ်ခါမှာ ပါလာမှာပဲ။ ဒါပေမယ့် သူတို့ပါရမယ့်အနေအထား တူချင်မှတူမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ဖွဲ့ချင်းရဲ့ ရပ်တည်မှု အနေအထားမတူတဲ့ အပေါ်မှာ ပါလာနိုင်ဖို့အတွက် ကျနော်တို့ဆောင်ရွက်သွားမယ်။ အစိုးရလည်း ဆောင်ရွက်သွားမယ်။ ကျနော်တို့ဘက်ကလည်း တတ်နိုင်တဲ့ဘက်က ဆောင်ရွက်သွားမယ်။

KIC Anal 0502

ဒေါ်သင်းသင်းအောင်  (ပဲ့ကိုင်ကော်မတီဝင်၊ကျား၊မတန်းတူရေးမဟာမိတ်အဖွဲ့-AGIPP)

ကျမတို့က အေဂျီအိုင်ပီပီဆိုတော့ ကျမတို့ လေ့လာသွားချက်အရဆိုလို့ရှိရင် အများစုပြောသွားတဲ့ ဖတ်ကြားသွားတဲ့ စာတမ်းတွေမှာ နောက်ပြီးတော့ အများစုပြောသွားတဲ့ မိန့်ခွန်းတွေမှာ တိတိကျကျ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို မတွေ့ရဘူး။ မကြားရဘူး။ ကုလသမဂ္ဂ အထွေထွေးအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပြောသွားတဲ့ မိန့်ခွန်းမှာပဲ အမျိုးသမီးတွေရဲ့ ကဏ္ဍကို အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းပါ၀င်ဖို့အတွက်ကို သူက အကြံပေးထားတာရှိတယ်ဆိုတော့ အဲဒါကိုပဲကျမတို့ကြားလိုက်ရတယ်။တခြားသူတွေ ပြောသွားတဲ့အထဲမှာကတော့ အမျိုးသမီးကဏ္ဍကို ထည့်သွားသော်ငြားလည်း အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ မသန်စွမ်းတွေ၊သက်ကြီးရွယ်အိုတွေကိုတစ်ခါတည်း၊ တစ်စုတည်းကိုပေါင်းထားပြီးတော့ ဒုက္ခခံနေရတယ်။ ခံစားဒုက္ခရောက်နေကြတယ်။ အိုင်ဒီပီကန့်(IDP camp)မှာဖြစ်နေတဲ့ သူတို့ကို ကူညီစောင့်ရှောက်ဖေးမရမယ်ဆိုတဲ့သဘောကိုတော့ ခြံုပြီးပြောသွားတာကတော့ကြားတယ်။ ပြောရမယ်ဆိုရင်တော့ အမျိုးသမီးတွေ၊အားနွဲ့တဲ့သူတွေဖေးမရမယ့်အစုလို့ပဲမြင်တယ်လို့ ကျမကသုံးသပ်တယ်။ အဲဒီလိုမျိုးမြင်တဲ့အမြင်က တကယ်ကို (ရိုးရာယဉ်ကျေးမှု) ဓလေ့ထုံးစံအရ အဲလိုမြင်နေတုန်းပဲလို့ခံစားရတယ်။ တကယ်တမ်းဆိုရင် အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ၊ အမျိုးသမီးတွေရဲ့တွေးခေါ်မှု၊ အမြင်တွေဟာအမျိုးသားတွေရဲ့အမြင်နဲ့ မတူတဲ့အမြင်တွေရှိတယ်။ အဲဒီအမြင်ကို ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာပေါ့နော်။ အရေးကြီးတဲ့အခန်းကဏ္ဍကနေပြီးမှ ထည့်မသွင်းဘူးဆိုလို့ရှိရင် ဟာကွက်ကြီးကြီးဖြစ်နေတယ်လို့မြင်တယ်။ အဲဒါလေးတွေကို မထည့်သွင်းသေးသမျှကတော့ တကယ်ပြည့်စုံတဲ့ဆုံးဖြတ်ချက်တွေရမှာ မဟုတ်ဘူး။

KIC Anal 0503

ဦးအောင်မျိုးမင်း( ဒါရိုက်တာ၊ Equality Myanmar )

တက်ဖြစ်တာက အရပ်ဖက်လူမှုအဖွဲ့အစည်းကို ကိုယ်စားပြုပြီးတော့တက်ဖြစ်တာပါ။ ကျနော်တို့ကတော့ လေ့လာသူအဆင့်ပဲပေါ့နော်။ ဒါပေမယ့် ဒီမှာဆွေးနွေးမယ့်အရာတွေကို ကျနော်တို့သိလာခြင်းအားဖြင့် ဘယ်လောက်ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်အဆင့်ကိုရောက်ပြီလဲ။ အဲဒီနေရာမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကော ဘယ်လောက်အထိပူးပေါင်းပါ၀င်နိုင်မလဲဆိုတဲ့ဟာကို ကျနော်သိချင်တယ်။ ကျနော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းကတစ်ဆင့် လက်ရှိဖြစ်ပေါ်ဆွေးနွေးမှုတွေကို ကျနော်တို့နဲ့ပတ်သက်နေတဲ့ အောက်ခြေကလူထုတွေ၊မြေပြင်ကလူထုတွေသိအောင် လုပ်ဆောင်ဖို့အတွက် တက်တာဖြစ်ပါတယ်။

ကျနော်တို့မျှော်လင့်တာကတော့ တကယ့်ကိုစစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးပေါ့နော်။ တိုင်းပြည်မှာ ငြိမ်းချမ်းရေးကို စစ်စစ်မှန်မှန်ပေါ်ချင်တယ်။ မှန်မှန်ကန်ကန်ပေါ်ချင်တယ်။ အဲဒါပထမဆုံးမျှော်မှန်းချက်။

နောက်တစ်ခုကတော့ ကျနော်တို့ဒီမှာလုပ်ဆောင်တဲ့ အချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အချိန်မှာ တကယ်တမ်းတန်း တူညီမျှရေးကိုဦးစားပေးမှုရှိလား။ လူတိုင်းကကိုယ့်ရဲ့ ယုံကြည်တဲ့အချက်၊ ကိုယ့်ရဲ့ယုံကြည်မှုကြောင့် တိုက်ပွဲဝင်တဲ့အပေါ်မှာ ဖြေရှင်းနိုင်တဲ့ ဒါကိုတင်ပြနိုင်တဲ့ အခွင့်အရေးကောရရှိရဲ့လား။ ဒါကတော့ ကျနော်တို့စောင့်ကြည့်သွားဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးကိစ္စတွေလုပ်ဆောင်တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားခြင်းဟာ အရမ်းအရေးကြီးတယ်။ လေးစားမှုမရှိဘဲနဲ့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုတာကလည်း စစ်မှန်မှာမဟုတ်သလို ဖြေရှင်းချက်တွေကလည်း မှန်ကန်မှာမဟုတ်ဘူး။ ကျနော် အဓိကထားစောင့်ကြည့်ချင်ပါတယ်။ ဒါမှသာကျနော်တို့တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားတဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်ကို ကျနော်တို့ထူထောင်နိုင်မယ်။ ငြိမ်းချမ်းမှုကို ကျနော်တို့ဒီမှာစဖို့အတွက် ဒီမှာအရင်းမတည်ရင် ငြိမ်းချမ်းမှုကို ဘယ်လိုမှတည်ဆောက်နိုင်မှာမဟုတ်ဘူး။ ဒါကိုကျနော်တို့စောင့်ကြည့်ချင်ပါတယ်။

KIC Anal 0504

ဒေါ်ဒွဲဘူ (ကချင်တိုင်းရင်းသားအစုအဖွဲ့)

ဒီညီလာခံမှာတော့ လက်မှတ်ထိုးတဲ့သူကော မထိုးတဲ့သူကောပါလာတယ်ပေါ့နော်။ အဲတော့ ဒီညီလာခံကနေရှေ့ဆက်ပြီးတော့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးရာမှာပါ၀င်လာပြီးမှ ကျမတို့သက်ဆိုင်ရာဒေသအလိုက်၊ လူမျိုးအလိုက်ဆွေးနွေးပွဲတွေမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးတွဲပြီးမှ ဆောင်ရွက်ပေးတဲ့အနေအထားကို မျှော်လင့်ပါတယ်။NCA မှာတော့ အမျိုးသမီးပါ၀င်မှုကို (၃၀)ရာခိုင်နှုန်းပါ၀င်ဖို့ဆိုတာ အတိအကျပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့်လက်ရှိအနေအထားမှာတော့ (၃၀)ရာခိုင်နှုန်းက ဘယ်လိုမှမရှိပါဘူး။ ဘယ်လောက်ပါ၀င်တယ်ဆိုတာ ကျမတို့လည်း အတိအကျမတွက်ချက်ကြည့်ရသေးဘူး။ ဘယ်ကဏ္ဍက အမျိုးသမီးဘယ်လောက်ပါတယ်ဆိုတာ ကျမတို့လည်းမသိသေးဘူး။ ဒါပေမယ့်(၃၀)ရာခိုင်နှုန်းမပြည့်တာတော့ သေချာပါတယ်။

တစ်ကယ့် NCA စာချုပ်အရ အမျိုးသမီး(၃၀) ရာခိုင်နှုန်းပါ၀င်ဖို့ဆိုရင်တော့ ဆောင်ရွက်ရမယ့်ကိစ္စရပ်က အဲဒီ NCAမှာပဲ မူဘောင်တွေဆောင်ရွက်တဲ့အခါမှာ ပြုပြင်ဖို့လိုတယ်။ နောက်ပြီးမှ အခုလိုတိုင်းရင်းသားအစုအဖွဲ့၊ ဖိတ်ကြားသင့်သောအစုအဖွဲ့၊ပါသင့်ပါထိုက်တဲ့အစုအဖွဲ့၊နိုင်ငံရေးအစုအဖွဲ့လိုပဲ အမျိုးသမီးအစုအဖွဲ့ကို သီးသန့်ထည့်မှ (၃၀) ရာခိုင်နှုန်းပြည့်မှာဖြစ်ပါတယ်။ အဓိကကတော့ အစုအဖွဲ့အနေနဲ့ထည့်မှသာ ပြည့်မီနိုင်မှာပါ။ အဲလိုမထည့်လို့ရှိရင် နိုင်ငံရေးအဖွဲ့အစည်းမှာကော ဦးဆောင်နိုင်တဲ့သူအားလုံး၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ လူအားလုံးကအမျိုးသားတွေဖြစ်တဲ့အတွက် သူတို့ထည့်မှပဲ သူတို့ဆုံးဖြတ်မှပဲ အမျိုးသမီးတွေကပါ၀င်လာမှာပါ။ နောက်တစ်ချက်ရှိတာက အဲလိုဆုံးဖြတ်နိုင်တဲ့ အမျိုးသားတွေကို ကျမတို့တိုက်တွန်းနိုးဆော်ရမှာဖြစ်ပါတယ်။ ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေပါ၀င်ရေးကို ဦးစားပေးထည့်ဖို့ပေါ့နော်။

 ********************--------------------**********************-------------------*************

ကိုမင်းလွင်ဦး (အတွင်းရေးမှူး၊ဓနုတိုင်းရင်းသားဒီမိုကရေစီပါတီ)

ဒီ (၂၁)ရာစုပင်လုံလို့ တပ်ထားလိုက်တာနဲ့ ဒါကနိုင်ငံရေးဆွေးနွေးပွဲလို့ပဲ ကျနော်တို့မြင်တယ်။ ဒါကျနော်တို့ပါတီရဲ့အမြင်ပါ။နိုင်ငံရေးဆွေးနွေးပွဲလို့မြင်တာနဲ့ တစ်လျှောက်တည်းဘဲ တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီအသီးသီး ၀င်ရောက်ဆွေးနွေးနိုင်ရမယ်ဆိုတဲ့မူကတော့ ရှိကိုရှိရမယ်။ နောက်တစ်ခုက တိုင်းရင်းသားတွေအားလုံး ကျနော်ပုဂ္ဂိုလ်ရေးအရပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ ဦးခွန်ထွန်းဦးတို့ပါလာတယ်။ ကျနော် တိုင်းရင်းသားခေါင်းဆောင်မပါလာဘူး။ သူ့စကားကိုကျနော် နိုက်ကြည့်လိုက်တဲ့အချိန်မှာ ဒီအတိုင်းပဲသူတို့ထွက်တယ်။ နိုင်ငံရေးဆွေးနွေးပွဲနေရာမှာ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားအလုံးစုံမပါဘဲနဲ့တော့ ဒီတိုင်းရင်းသားညီလာခံနှောင့်နှေးနေဦးမှာပဲဆိုတဲ့ သူ့ရဲ့စကားပဲပြောဖို့ရှိတယ်။ ကျနော်လည်းအဲလိုပဲမြင်ပါတယ်။

********************************      ။      ***************************************

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...