မန်းဗလစိန်(လက်ချည်ပွဲဖြစ်မြောက်ရေးကော်မတီဝင်၊မဲဆောက်မြို့)
ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲဖြစ်ပေါ်လာရတဲ့အကြောင်းကတော့ ကျနော်တို့ရဲ့ကရင်သမိုင်းအရဆိုရင်ဟိုး(ထီးဆက်မေ့ယွာ) မွန်ဂိုလီယားရဲ့ အနောက်အရပ်မှာနေတဲ့အခါမှာ ဒီလိုဝါခေါင်လရောက်ရင် လေပြင်းမုန်တိုင်းကျတယ်။ ရေတွေကလည်းကြီးတယ်။ နေလို့ထိုင်လို့မရဘူး။ အဲ့အခါကျတော့ငါတို့ကရင်တွေ တစ်နေရာမပြောင်းသူကောင်းမဖြစ် တစ်နေရာပြောင်းမှဖြစ်တော့မယ်ဆိုပြီး ဒီမှာနေရင်တော့ ဘေးအန္တရာယ်နဲ့ကြံုနေပြီ။ ဒါပေမယ့်ကျနော်တို့ ကရင်မိသားစုကကွဲကြတော့မယ်။ အရှေ့ကိုထွက်မယ့်သူ၊ အနောက်ကိုထွက်မယ့်သူ၊ တောင်ကိုထွက်မယ့်သူရှိတဲ့အတွက် ကျနော်တို့အမှတ်အသားတစ်ခုလုပ်မယ်ဆိုပြီး မကောင်း ဆိုးဝါးတွေ ပျော်မြူးတဲ့ ဒီဝါခေါင်လရောက်ရင် ကရင်တွေရောက်ရာအရပ်မှာ ကိုယ့်ကိုယ်ကိုကရင်မှန်းသိအောင် ဘယ်နေရာပဲရောက်ရောက် ဝါခေါင်လမှာ ချည်ဖြူလက်ချည်ထားရင် ကရင်မျိုးနွယ်စုပဲဆိုပြီး အထိမ်းအမှတ်အနေနဲ့ သတ်မှတ်ခဲ့တဲ့ နောင်လာနောက်သားတွေအတွက် ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ပါ။
ရောက်ရာအရပ်ကနေ တစ်နှစ်တစ်ခါမျိုးချစ်စိတ်ဓာတ်မပျောက်အောင်၊ သူများပြောတာတွေကို မယုံမိအောင်၊ ကောင်းတဲ့လိပ်ပြာတွေကို ကရင်တွေရဲ့ဝမ်းတွင်းမှာ ထည့်သွင်းနိုင်အောင်ချည်ဖြူဖွဲ့မင်္ဂလာကို သတ်မှတ်ခြင်းဖြစ်တယ်။ ဒါကရိုးရာကောင်း၊ ဓလေ့ကောင်းတစ်ခုဘာသာရေးနဲ့လုံးဝမဆိုင်ဘူး။ ဒါကရင်အမျိုးသားအားလုံးနဲ့ဆိုင်တယ်။ခရစ်ယာန်ရော၊ဗုဒ္ဓဘာသာရောရိုးရာဓလေ့အဖြစ်နဲ့စုပေါင်းပြီးတော့လုပ်တယ်။
မန်းရွှေနှင်း(စီဒီစီ - ကျောင်းအုပ်ဆရာကြီး)
လက်ချည်ပွဲရဲ့ အဓိပ္ပာယ်ကိုပြောရမယ်ရှိရင် ကျနော်တို့ လက်ချည်ခြင်းဟာ လူတစ်ကိုယ်မှာ လက်ချည်ခြင်းအားဖြင့် ကရင်မှန်းသိလာတယ်။နောက်ပြီးတော့ ကိုယ့်ရဲ့ ကရင်မိရိုးဖလာဓလေ့ထုံးတမ်းစဉ်လာ ကိုထိန်းသိမ်းတယ်။ ယဉ်ကျေးမှုအမွေအနှစ်လည်း ထိန်းသိမ်းတယ်။ နောက်ပြီး ကိုယ့်ရဲ့မျိုးချစ်စိတ်ဓာတ်နဲ့ လူမျိုးအတွက်ဘာမဆိုလုပ်နိုင်ကိုင်နိုင်တဲ့ သတ္တိရှိတဲ့ဆိုတဲ့ အမှတ်အသားဖြင့် ဒီချည်ဖြူကို ကျနော်တို့ချည်ကြရတာဖြစ်ပါတယ်။ ကရင်လူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုကော၊တစ်ဖက်နဲ့တစ်ဖက်အသိအမှတ်ပြုဖို့ကော၊ကရင်လူမျိုးအချင်းချင်းညီညွတ်မှု၊စည်းလုံးမှု၊ စုစည်းမှုကိုကောဒီချည်ဖြူဟာ ကျနော်တို့ရဲ့အမှတ်အသားဖြစ်တာကြောင့် အင်မတန်မှအရေးကြီးပါတယ်။
ကျနော်တို့ ကရင်တစ်မျိုးသားလုံးက နောင်လာနောက်သားတွေကော၊ ဆွေစဉ်မျိုးဆက်အလိုက် ဒီအစဉ်အလာကိုဘာသာရေးအပေါ်မှာ အခြေခံတာမဟုတ်ဘဲနဲ့ ကရင်အမျိုးသားရေးပေါ်မှာအခြေခံပြီးတော့ ကရင်အမျိုးသားတွေရဲ့ဓလေ့၊ ထုံးထမ်းစဉ်လာကို ထိန်းသိမ်းဖော်ထုတ်ပေးခြင်း၊ ဒီချည်ဖြူဖွဲ့မင်္ဂလာကို နှစ်စဉ်နှစ်တိုင်းစည်ကားသိုက်မြိုက်စွာ အားလုံးစည်းလုံး ညီညာစွာစုပေါင်းကျင်းပပေးခြင်းအားဖြင့် ကျနော်တို့ရဲ့အမျိုးဂုဏ်သိက္ခာ၊ ယဉ်ကျေးမှု၊ဓလေ့ထုံးထမ်းစဉ်လာကို ထိန်းသိမ်းဖော်ထုတ်မြှင့်တင်တဲ့ မျိုးချစ်စိတ်ဓာတ်တွေပိုရှိလာတယ်။
ကျနော်တို့အမျိုးမှာ အမှတ်အသားလက္ခဏာရှိတယ်။ ကျနော်တို့အမျိုးမှာ ယုံကြည်အားကိုးယုံကြည်ချက်ရှိတယ်ဆိုတာကို တခြားလူမျိုးတွေကကော၊ နောက်မြန်မာပြည်ထဲမှာ နေထိုင်ကြတဲ့တိုင်းရင်းသားတွေ ပဲဖြစ်ဖြစ်၊ကျနော်တို့ရောက်တဲ့နေရာက ထိုင်းနိုင်ငံသားတွေပဲဖြစ်ဖြစ် ကျနော်တို့ကို ဒါလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုလေးစားကြမှာဖြစ်ပါတယ်။
စောစီ(ထိုင်းနို်င်ငံသား၊ကရင်အဆိုတော်)
ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်က ပြုလုပ်ခဲ့တဲ့အစဉ်အလာနေ့ဖြစ်တယ်။ တန်ဖိုးထားကြတယ်။ ဒီလိုနေ့ထူးနေ့မြတ်တွေမရှိဘူးဆိုရင် ကျနော်တို့ကရင်တွေက တစ်နှစ်ပြီးတစ်နှစ်ကိုယ့် အသက်မွေးဝမ်းကျောင်းအလုပ်တွေနဲ့ပဲ အချိန်ကုန်ပြီး ဒီလိုလာတွေ့ဆုံကြဖို့လွယ်ကူလိမ့်မယ်မဟုတ်ဘူး။ ကျနော်တို့ ကရင်တွေကရိုးရာအစဉ်အလာ၊ ထုံးထမ်းစဉ်လာတွေနဲ့ရှိခဲ့တယ်။ ဒါပေမယ့် ကျနော်တို့လူမျိုးတစ်မျိုးသားလုံးအတွင်းမှာ ပူးပေါင်းလုပ်ဆောင်တဲ့နေ့တွေက သိပ်မရှိဘူး။ လက်ချည်ပွဲကဘိုးစဉ်ဘောင်ဆက်ကအမြော်အမြင်ကောင်းကောင်းနဲ့ ကျနော်တို့လူမျိုးတွေ စုစည်းနိုင်ဖို့ဒီလိုနေ့တွေကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီတွေ့ဆုံခြင်းက ရိုးရိုးတွေ့ဆုံခြင်းမဟုတ်ပါဘူး။ ဆုတောင်းမေတ္တာပို့သကြတယ်။ လက်ချည်ပွဲကိုအများအားဖြင့် မိုးတွင်းကာလ စပါးတွေစိုက်ပြီးတဲ့အချိန်မှာပဲလုပ်ကြတယ်။ အချင်းချင်းအခြေအနေတွေသိရှိဖို့၊ ဆုတောင်းမေတ္တာပို့သဖို့နဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့အတွက် ဒီနေ့ဟာအရေးကြီးတယ်။
လက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင် အချိန်တွေပြောင်းလဲလာပြီ။ ဘဝရှင်သန်မှုကလည်းပြောင်းလဲလာပြီ။ ထိုင်းကရင်ပဲဖြစ်ဖြစ်၊ ကော်သူးလေကရင်ပဲဖြစ်ဖြစ်၊ ကော်လားကရင်ပဲဖြစ်ဖြစ်၊ မြန်မာပြည်ကရင်ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံထဲမှာ ဧည့်သည်အဖြစ်လာနေကြတယ်။ ဒီလိုနေ့ထူးနေ့မြတ်မျိုးတွေက ကျနော်တို့ဘိုးဘွားတွေချန်ထားခဲ့လို့ အခုလိုတွေ့ဆုံနိုင်တာဖြစ်ပါတယ်။ ကျနော်တို့လက်ပေါ်မှာ ချည်ထားတဲ့ချည်မျှင်လေးဟာဆိုရင် ဒါဟာကျနော်တို့အချင်းချင်း လိပ်ပြာခေါ်ဆုတောင်းမေတ္တာပို့သခြင်းပါပဲ။ ဒီလိုရိုးရာမျိုးတခြားလူမျိုးတွေမှာမရှိပါဘူး။ ကရင်တွေမှာပဲရှိတယ်။ ဒါကြောင့်မို့ဒီနေ့ဟာ အရေးကြီးတဲ့နေ့ဖြစ်တယ်။
နန်းဖော့ဂေ (ကရင်သတင်းဌာန)
တနှစ်တစ်ကြိမ် ကျမတို့ရဲ့ ရိုးရာချည်ဖြူဖွဲ့ခြင်းဟာ ကြင်ဖော်စုံသက်ကြီးရွယ်အိုတွေက ကျန်သားမြေးမြစ်တွေကိုအဓိပ္ပါယ်ပြည့် ၀တဲ့ ပစ္စည်းအမယ် ရခုနဲ့ ဆုတောင်း၊ လက်ချည်ပေးတဲ့ အစဉ်အလာအရ ကျင်းပနေကျ ဓလေ့ထုံးတမ်းပွဲတော်တခုဖြစ်ပါတယ်။ ဒါကို လုပ်ရိုးလုပ်စဉ်ပွဲတော်တခုလို အပေါ်ယံမြင်နိုင်ပေမဲ့ တကယ့်အနှစ်သာရအားဖြင့်က ကွဲပြားမှုကို ပြန်လည်ပေါင်းစည်းခြင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း စည်းလုံးညီညွှတ်မှုကို ကျစ်လစ်ခိုင်မာခြင်း၊ ပြည့်စုံကြွယ်ဝမှုကို ဖော်ဆောင်ခြင်း၊ဖြူစင်သန့်ရှင်းပြီး အေးမြတည်ငြိမ်ခြင်းကို မီးမောင်းထိုးပြတဲ့ ဓလေ့ရိုးရာပွဲလည်း ဖြစ်ပါတယ်။
ဒီပွဲတော်ဟာ ဘာသာ၊ အယူဝါဒ၊ ဒေသမတူတာကို အစွဲမပြုဘဲ လူမျိုးတစ်မျိုးရဲ့ ဂုဏ်အင်္ဂါရပ်တစ်ခုကို နောင်လာနောက်သားတွေ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ပြုလုပ်ကျင်းပတဲ့ ကရင်လူမျိုးရဲ့ အမျိုးသားရေးပွဲတော်တစ်ခုလို့ပဲ ကျမအနေနဲ့ ခံယူနားလည်ထားပါတယ်။ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း စတာတွေဟာ လူမျိုးတစ်မျိုးရဲ့ ဂုဏ်အင်လက္ခဏာဖြစ်လို့ အခု ချည်ဖြူဖွဲ့၊ လက်ချည်ပွဲဓလေ့ကို ကျမတို့ တန်ဘိုးထားရမယ်။ ဒါ့အပြင် မပျောက်ပျက်အောင် ထိန်းသိမ်းလာသူတွေကို ကျမတို့က လေးစားရမယ်။
ခေတ်တွေ၊ စနစ်တွေ ဘယ်လိုပြောင်းပြောင်း ရိုးရာပွဲတော်ရဲ့ အနှစ်သာရက မပြောင်းလဲဖို့လည်း အရမ်း အရေးကြီးပါတယ်။ ဒါတွေကို သတိတရား၊ အသိတရားနဲ့ ဆန်းစစ်ချင့်ချိန်ပြီး နေရာဒေသတိုင်းက ကျမတို့ရဲ့ မျိုးဆက်သစ် ကရင်လူငယ်မောင်မယ်တွေ တစ်ဆင့်ပြီးတစ်ဆင့် သယ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ စျေးသုံးလွယ်လာတဲ့ ခေတ်ကြီးအောက်မှာ ရှေးထုံးလေးတွေ မပပျောက်စေဖို့က လူကြီးလူငယ်၊ ကျားမတိုင်းရဲ့ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်လည်း ခံယူပြီး လုပ်ဆောင်သွားရမှာပါ။
လက်ချည်မင်္ဂလာပွဲတော်နဲ့ ပတ်သက်ပြီး အပြောချင်ဆုံးစကားက ကိုးကွယ်ရာ ဘာသာမတူတဲ့ ကျမတို့ ကရင်လူမျိုး၊ မျိုးနွယ်စု အားလုံး ကိုယ့်လူမျိုးရဲ့အမျိုးသားဂုဏ်သိက္ခာကို ထိန်းသိမ်းချင်တယ်ဆိုရင် နောက်နှစ်တွေတိုင်းမှာလည်း ဘိုးဘွားတွေ ပြုလုပ်လာခဲ့တဲ့ ချည်ဖြူဖွဲ့မင်္ဂလာ လက်ချည်ပွဲကို ဆင်းရဲ၊ ချမ်းသာ၊ အရွယ်မရွေး မဖြစ်မနေ အချိန်ယူပြီး ပါဝင်ဆင်နွဲကြပါ။ သိရှိနားလည်ထားသူတွေကလည်း မပါဝင်သေးသူ၊ မပါဝင်လိုသူတွေကို ရှင်းပြတိုက်တွန်းပေးကြပါလို့ ပြောချင်ပါတယ်။
နန်းမူးတကော် (ရွှေ့ပြောင်းအလုပ်သမား၊မဲဆောက်မြို့)
ကရင်လူမျိုးမှန်ရင် တစ်နှစ်တစ်ခါလက်ချည်ပေးရတယ်။ တောင်ယာလုပ်ငန်းတွေ၊လယ်ယာလုပ်ငန်းတွေစိုက်ပျိုးပြီးတဲ့ အချိန်မှာကိုယ့်ရဲ့ဝိညာဉ်(၇)ယောက်စလုံးကိုယ်နဲ့ အတူပြန်လာနေအောင် ဒီလိုအချိန်အခါမှာဘိုးဘွားတွေကပြန်ခေါ်ပေးရတယ်လေ။ ရိုးရာအရကရင်လူမျိုးတွေဟာ ချည်ဖြူနဲ့လက်ချည်ပေးရတယ်။ ဒီမှာလာတာကကိုယ့်ရဲ့ ယဉ်ကျေးမှုရိုးရာမပျောက်ရလေအောင်လာပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတယ်။ နောက်တစ်ချက်ကအဘိုး၊ အဘွားတွေကဘယ်လိုလက်ချည်ပေးသလဲ၊ ဘာတွေပါဝင်သလဲ၊ လာရောက်လေ့လာပြီးတော့ အချင်းချင်းပြန်လည်ဝေငှတာပေါ့။
ကရင်ရိုးရာလက်ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ဆိုတာက တစ်နှစ်မှတစ်ခါပဲရှိတယ်။ ညီအစ်ကို၊မောင်နှမ၊ဆွေမျိုးတွေအားလုံး ဒီလက်ချည်ပွဲမှာလာစေချင်တယ်။ ကရင်လူမျိုးမှာဖလုံပဲဖြစ်ဖြစ်၊ စဝေါ်ပဲဖြစ်ဖြစ်အားလုံးက ညီအစ်ကိုမောင်နှမတွေပါပဲ ချစ်ချစ်ခင်ခင်နဲ့ဒီလက်ချည်ပွဲမှာ လာရောက်ဆင်နွှဲစေချင်တယ်။
မိုက်ဟီ့ဖောင်(ပြည်တွင်းကရင်လူငယ်တေးသံရှင်)
ကရင်လူမျိုးတွေဟာ ကိုယ့်ရဲ့လိပ်ပြာတွေဝိညာဉ်တွေကိုယ်နဲ့ အတူနေအောင်၊ ကရင်လူမျို:တွေရိုးရာယဉ်ကျေးမှု ဓလေ့မကွဲပြားရလေအောင်၊ ကျနော်တို့ဘိုးဘွားတွေက ဒီအမွေအနှစ်တွေကိုချန်ထားပေးခဲ့တယ်။ ရှေးကရင်လူမျိုးတွေက တကွဲတပြားစီနဲ့နေခဲ့ရတယ်။ တချို့ဆိုရင်အခြားနိုင်ငံတွေ ရောက်သွားတာလည်းရှိတယ်။ အဲဒါကြောင့်ဘိုးဘွားတွေက ဒီလိုအချိန်မျိုးမှာ ကွဲပြားနေထိုင်ကြတဲ့ ကရင်လူမျိုးအားလုံးကို စုစုစည်းစည်းပြန်လည်ဆုံရအောင်ဆိုပြီး ဒီချည်ဖြူဖွဲ့ရစ်ထုံးတဲ့ မင်္ဂလာကနေပြန်ခေါ်ပေးရတယ်။ရှေးဘိုးဘွားတွေချန်ထားခဲ့တဲ့ ဒီအမွေအနှစ်တွေကိုကျနော်တို့ လူငယ်တွေအားလုံးကပြန်လည်ထိန်းသိမ်းရမယ်။