“လူထုက မျှော်လင့်ထားတာနဲ့ ပြည်နယ် အစိုးရ လုပ်တဲ့ ရက်၁၀၀နဲ့က ဦးတည်ချက် မကိုက်ဘူး ”

“လူထုက မျှော်လင့်ထားတာနဲ့ ပြည်နယ် အစိုးရ လုပ်တဲ့ ရက်၁၀၀နဲ့က ဦးတည်ချက် မကိုက်ဘူး ”
by -
ဟင်္သာမီဒီယာ
အံ့မင်းညို
အံ့မင်းညို
မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနှင့် တွေ့ဆုံခြင်း မွန်ပြည်နယ် အတွင်း လက်ရှိ ဖြစ်ပေါ် နေသော မွန်ပြည်နယ် အစိုးရ ဖြေရှင်းစရာ ပြဿနာ များ ၊လွှတ်တော် နှင့် အစိုးရ ကြား ပူးပေါင်းဆောင်ရွက် စရာ လုပ်ငန်း များ ကို မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးနှင့် တွေ့ဆုံ ပြီး ဟင်္သာ မီဒီယာ စာဖတ်ပရိသတ်များ သတိပြု မိနိုင်ရန် ဖော်ပြလိုက် ပါသည်။

ဟင်္သာမီဒီယာ။     ။ ပထမဆုံး အနေနဲ့ ပြည်နယ် အစိုးရက အစိုးရဘက်ကလတ်တလော ဖြေရှင်းပေးရမယ့် ကိစ္စတွေက ဘာတွေဖြစ်မလဲ။

ဒေါက်တာအောင်နိုင်ဦး။     ။အဓိက ပြဿနာဖြေရှင်းပေးသင့်တာက မြေယာပြဿနာတွေကိုတော့ အဓိက ထားဖြေရှင်းပေးရမယ်လို့ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ အရင်အုပ်ချုပ်ရေးယန္တရားတွေရဲ့ အမှားအယွင်း တွေတော်တော်များတယ်၊ ဟိုဘက်စစ်အစိုးရအုပ်ချုပ်တဲ့ခေတ်မှာ ပြောရရင်အာဏာရှင်အတိုင်းပဲပေါ့၊ အောက် ခြေမှာအလွဲအချော်တော်တော်များတယ်၊ နောက်တစ်ခုက တကယ့်မြေသိမ်းယာသိမ်းကိစ္စတွေက များနေ တယ်၊ အဆုံးအစွန်ပြောရရင်အောက်ခြေ ရယက ဥက္ကဋ္ဌကနေစပြီးဖြစ်နေတာ၊ ဒါကိုအပြီးအပြတ်မရရင်တောင်မှ အတိုင်းအတာတစ်ခုထိတော့ လိုက်ဖြေရှင်းပေးဖို့သင့်တယ်၊ သို့သော် ရက်ပေါင်း ၉ဝအတွင်းမှာ ဒါတွေက ရေရေရာရာတော့မရှိဘူး၊နောက်ပြီး တခြား မူးယစ်ဆေးဝါးပြဿနာကလည်း စဉ်းစားသင့်တဲ့ကိစ္စပေါ့ ၊မူးယစ် ဆေးဝါးက မွန်ပြည်နယ်အတွက် တော်တော်လေးခြိမ်းခြောက်စရာ စိန်ခေါ်မှုအကြီးကြီးလိုဖြစ်နေတယ်၊ ကျွန်တော်တို့က အမှတ်တမဲ့မို့မသိတာ၊ ပြီးခဲ့တဲ့ နှစ်ကလည်း မော်လမြိုင်ကထွက်တဲ့လှေကနေ အများဆုံးဖမ်းမိ တဲ့ ကိစ္စဖြစ်ခဲ့တယ်၊လှေသားတွေလည်း တစ်သက်တစ်ကျွန်းထောင်ဒဏ်ကျတယ်၊သို့သော်လည်း တကယ်ပါဝင် ပတ်သက်နေတဲ့ ခေါင်းဆောင်တွေက လွတ်နေတယ်၊ နောက်ဆုံးတစ်ချက်က တရားဥပဒေစိုးမိုးရေးအပိုင်းပေါ့၊ အခုလောလောဆယ် NLDကို ဘာကြောင့်မျှော်လင့်လဲဆိုတော့ တရားဥပဒေစိုးမိုးမှုအပိုင်းက တော်တော်လေး အဆင်မပြေတာများတယ်၊ ကျွန်တော်တို့လည်း အမြဲတွေ့တယ်၊ တိုင်တယ် သွားရှင်းတယ်၊မပြေလည်ဘူး ဒီတိုင်းပဲ ပြီးသွားကြတယ်၊အဲ့တော့ လျော့ရဲတာများတယ်၊ဥပဒေကို လက်တစ်လုံးခြား လုပ်တာတွေ၊ အကျင့် ပျက်ခြစားမှုတွေက တအားများတယ်၊ဒါတွေအားလုံးကို ခြံုလိုက်ရင်တော့ တရားဥပဒေစိုးမိုးရေးမရှိတာဘဲလို့ မြင်တယ်၊တရားဥပဒေစိုးမိုးမှု အောက်မှာ သေချာကိုင်မယ်ဆိုရင် ဌာနတွေဝန်ဆောင်မှုကောင်းလာမယ်၊ ကိုယ်ချလိုက်တဲ့ပေါ်လစီတွေ တွေလည်း အောင်မြင်ဖို့များတယ်၊ဒီလိုမှမဟုတ်ဘူးဆိုရင် အလေအလွှင့်တွေများ တယ်၊ဒါတွေကို စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ကောင်းမယ်လို့မြင်တယ်၊

ဟင်္သာမီဒီယာ။   ။ အစိုးရကရော ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ထင်လဲ။

ဒေါက်တာအောင်နိုင်ဦး။    ။ အစိုးရက ကိစ္စတစ်ခုချင်းကို ပုံစံစနစ်တကျဆွဲပြီးလုပ်တဲ့ပုံစံမျိုးဖြစ်စေချင်တယ်၊ စီမံချက်လို့ပြောလိုက်ရင်လည်း မရှိဘူးလားမေးရင် အမြဲရှိတယ်၊ဒါပေမယ့် ဒီစီမံချက်အသုံးတည့်ရဲ့လားမေးရင် လည်း ကျွန်တော်တို့က ပြောစရာအများကြီးရှိတယ်၊ ဥပမာ မြေယာကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရေးဆိုတဲ့ ကော်မတီတွေကိုဖွဲ့စည်းပြီးလုပ်ခဲ့ကြတယ်၊ ဒါပေမယ့် တကယ်အောင်မြင်လား ဆိုတော့ မအောင်မြင်တဲ့ အပိုင်းတွေလည်းရှိတယ်၊ မူးယစ်ဆေးဝါးဆိုလည်းဒီအတိုင်းပဲ၊ နယ်လုံဝန်ကြီးက စီမံချက်တွေအများကြီးဆိုပြီး ပြောတာပဲ၊ ဒါပေမယ့် စီမံချက်လို့သာပြောတယ်၊ ဒီစီမံချက်အပေါ်မှာ တကယ်လုပ်နေတဲ့လူတွေကထူးထူး

ခြားခြားအကောင်းဆုံးလုပ်ပေးတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ ခါတိုင်းလုပ်နေတဲ့လူတွေကိုပဲ စီမံချက်ပုံစံမျိုးဆွဲပြီးတော့ လုပ်နေတယ်၊ ကျွန်တော်ဆိုလိုချင်တာက စာရွက်ပေါ်က စီမံချက်လိုဖြစ်နေတယ်၊အမှန်တကယ်ကျတော့ စီမံချက်လို့ပြောရင် အဆုံးအစွန်ငွေရေးကြေးရေးထောက်ပံ့မှုတွေ ပါရင်ပါလိမ့်မယ်၊ လူအထောက်အပံ့လည်း ပါရင်ပါလိမ့်မယ်၊ နည်းပညာလည်းပါရင်ပါလိမ့််မယ်၊ နောက်ပြီး ကိုယ့်နဲ့ ပါတနာလုပ်ပေးနိုင်မယ့် ဘယ်သူတွေကို ထည့်မလဲ ဆိုတာမျိုးဖြစ်စေချင်တယ်၊ မူးယစ်ဆေးဝါးဆိုလည်း အပြင် လူမှုလုပ်ငန်းတွေလုပ်နေတဲ့NGOတွေနဲ့ လည်းချိတ်ဖို့လိုတယ်၊ ကျွန်တော်ပြောချင်တာက စီမံချက်အနောက်မှာ ဘဏ္ဍာငွေကလည်း ထည့်သင့်ရင်ထည့် ရတယ်၊ ဒီလူနဲ့ ဒီပစ္စည်း ဒီကိရိယာနဲ့ပဲ သွားပြီးတော့ အထူးစီမံချက်လုပ်လို့မရဘူး၊ ရဲတွေလည်းပြောတယ် ဟိုပြေးဒီပြေးဆိုရင်လက်ထဲမှာ ဘာမှမရှိဘူး၊ဒီဟာမျိုးလောက်နဲ့တော့ မဖြစ်စေချင်ဘူး၊ တရားဥပဒေဆိုလည်း ဒီတိုင်းပဲ အကျင့်ပျက်ခြစားမှုကိုင်တယ်၊ပြောလိုက်ရင်တော့ တိုင်လိုက်ရင်လုပ်ပေးမယ်၊ တစ်ခါတလေကျတော့ မဖြစ်အောင်ကာကွယ်ဖို့အရေးကြီးတယ်၊ အကျင့်ပျက်ခြစားမှုဖြစ်စေနိုင်တဲ့ ဘယ်လိုအကြောင်းအရင်းတွေရှိလဲ ဒီအကြောင်းအရင်းကို ငါတို့ဘယ်လိုကာမလဲ၊ ချက်ချင်းဖြစ်ရင် ချက်ချင်းဘယ်လိုအရေးယူမလဲ၊ လုံးဝတုန်လှုပ် သွားအောင် ဘယ်လိုအရေးယူပေးမလဲ၊ ဒါတွေအကုန်လုံးက စီမံချက်နဲ့စနစ်တကျဆွဲပြီး လုပ်မယ်ဆိုရင်တော့ မအောင်မြင်စရာအကြောင်းမရှိဘူး၊

ဟင်္သာမီဒီယာ။    ။မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အစိုးရဘက်ကလုပ်ဆောင်နေတာတွေက ထိရောက်မှုမရှိဘူး ဆိုတာ ဘယ်လိုမျိုးကိုပြောချင်တာလဲ။

ဒေါက်တာအောင်နိုင်ဦး။     ။ ထိရောက်မှုမရှိဘူးဆိုတာက ဟိုဘက်က တစ်ဟုန်ထိုးကြီးမားလာတာရှိတယ်၊ ဒီဘက် က အလိုက်အထိုက်လုပ်နေတာရှိတယ်၊ ဆိုလိုတာက ကြံုလို့ဖမ်းတာမျိုးဖြစ်နေတယ်၊ ဟိုဘက်က တစ်ဟုန်ထိုးတက်နေတဲ့ ဒုစရိုက်မှုတွေနဲ့ က မကာမိဘူး၊ ထိရောက်မှုမရှိဘူးလာမေးရင်တော့ ရာနှုန်း တော်တော် နည်းတယ်လို့ မြင်ရတယ်၊ ဘာကြောင့်လဲ ဆိုတော့ ဟိုဘက်ကတော်တော်ကြီးနေပြီ၊ ဒီဘက်က ဖမ်းဆီးနှိမ်နင်းတဲ့ အဖွဲ့ရဲ့ စွမ်းဆောင်ရည်က ပုံမှန်ပဲ သွားနေတယ်၊ ကျွန်တော့် အမြင်ပြောရရင်တော့ ဘယ်ပြဿနာမျိုးမဆို ကြီးလေ ဖြေရှင်းရမယ့် အင်အားအရ အစီအမံတွေအရ အများကြီးဖြည့်ဆည်းဖို့လိုတယ်၊ ဖြည့်ဖို့အတွက်ကလည်း အစိုးရမှာ ငွေရေးကြေးရေးအပိုင်း ဖြေရှင်းပိုင်ခွင့်ရှိတယ်လေ၊ ဥပမာ လွှတ်တော်မှာ တင်မယ် လာမယ့်နှစ်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် ကျပ်ဘယ်လောက်သုံးစွဲမယ်ဆိုတဲ့ ဟာမျိုးမထွက်လာသေးဘူး၊

ဟင်္သာမီဒီယာ။    ။ ဒုတိယအကြိမ် လွှတ်တော်အခင်းအကျင်းတွေမှာ ဘယ်လိုပုံစံမျိုးရှိလဲ။

ဒေါက်တာအောင်နိုင်ဦး။    ။ လွှတ်တော်ကိုယ်စားလှယ်ဘက်က ယေဘူယျပြောရင်တော့ အကုန်တက် တက်ကြွကြွရှိကြတယ်၊ နောက်ပြီး သူတို့ရဲ့ အမြင်ကအကုန်လုံးနီးပါး အသစ်တွေချည်းပဲ၊ မပြောင်းလဲတာ တွေအများကြီးကို တွေ့ခဲ့တာတွေရှိမယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာရော ခံစားချက်ပိုင်းဆိုင်ရာအရရော အများကြီး ပြောင်းလဲချင်တယ်၊ သို့သော်လွှတ်တော်ကတော့ အကြံပေးမယ် တိုက်တွန်းမယ်၊ပြီးရင် တည့်မတ်ဖို့အတွက်  မေးခွန်းအားဖြင့်သော်လည်းကောင်း အဆိုအားဖြင့်သော်လည်းကောင်း တည့်မတ်ပေးမယ်၊ လွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်တွေက အကုန်လုံးတက်တက်ကြွကြွနဲ့ ပြောင်းလဲဖို့အတွက်ရုန်းကန်နေကြတယ်၊ သို့သော်လွှတ်တော်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာတာဝန်က နည်းနည်းပဲရှိတယ်၊ တကယ်တမ်းအုပ်ချုပ်ရေးယန္တရားက အစိုးရကပဲ ဦးဆောင်ပြီးတော့ မောင်းနှင်ပိုင်ခွင့်ရှိ တာ ကိုး၊အဲ့ဒီတော့ လွှတ်တော်နဲ့ အစိုးရကြားမှာ လွှတ်တော် က တအားရှေ့ရောက်တယ်လို့မြင်တယ်၊ တချို့ကျတော့ ပွတ်တိုက်မှုရှိတယ်လို့မြင်တယ်၊ သို့သော် ကျွန်တော့် အမြင်ပြောရရင်တော့ ပွတ်တိုက်မှု မဟုတ်ဘူး၊ ပိုပြီး ပြောင်းလည်းဖို့ ပိုပြီးတော့ တည့်မတ်ဖို့ကို တွန်းအားပေးတဲ့သဘောသာဖြစ်တယ်၊ အစိုးရဘက်ကကျတော့ တစ်ခါတလေကျတော့ အမြင်နည်းနည်း မှားနေတာမျိုးရှိတယ်၊ လောလော ဆယ်ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေမှာ လွှတ်တော်နဲ့ အစိုးရ အင်အားပြိုင်နေကြတယ်လို့ မြင်တယ်၊ အမှန်တကယ်ကျတော့ လွှတ်တော်က ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ အဖွဲ့အစည်းတစ်ခုကိုအာဃာတအနေနဲ့ အညိုးအတေးထားတာမျိုးလုံးဝမရှိဘူး၊

ဟင်္သာမီဒီယာ။   ။လွှတ်တော်ကကျတော့ တက်တက်ကြွကြွလုပ်ပြီး အစိုးရဘက်က မလုပ်ချင်တဲ့သဘောလား၊

ဒေါက်တာ အောင်နိုင်ဦး။   ။ ကျွန်တော့် အနေနဲ့အဲ့ဒီလိုမျိုးတော့ မသုံးသပ်ချင်ဘူး၊ သို့သော် သူတို့ရဲ့ တချို့ ကိစ္စရပ်တွေက ကျွန်တော်တို့ဘက်က သံသယဖြစ်စရာတွေပါတယ်၊ ဥပမာအားဖြင့် ကမ်းနားလမ်းကိစ္စ ဆိုရင် တကယ်စိတ်ဝင်စားစရာကောင်းတယ်၊ ကျွန်တော်တို့ဘက်ကလည်း တွန်းအားပေးနေတယ်၊အစိုုးရဘက်ကို ကြည့်တော့ ဒါကိုစိစစ်တာပြန်လည်သုံးသပ်တာ မတွေ့ရဘူး၊ အဲ့လိုပဲ တချို့ကော်မရှင်ဖွဲ့စည်းတဲ့ကိစ္စကို လူထုက သိနေကြတယ်၊ လိမ်လို့မရဘူး၊လူထုက ဘယ်သူဘာလုပ်တယ်ဆိုတာသိနေကြတော့အဖွဲ့အစည်းတွေ ဖွဲ့တဲ့နေရာမှာ လူဟောင်းတွေကိုပြန်ပြီး အသုံးပြုနေတာမျိုးက အားမရဘူး၊နောက်ပြီး စည်ပင်ပြန်ဖွဲ့ရေးအတွက် ကို လွှတ်တော်က မေးခွန်းတွေမေးပြီးတွန်းအားပေးကြတယ်၊ပြန်ဖြေတော့ ဝန်ကြီးချုပ်ကိုယ်တိုင်က ဒါကိုဖွဲ့စည်း ပြီးသွားပြီ၊ဆိုတော့ ဘယ်တုန်းက ဖွဲ့လို့ပြီးသွားတာ မသိကြဘူး၊ဒါတွေဟာ ကိုယ်တွန်းအားပေးလိုက်တိုင်း ဒီဟာပဲပြန်ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ အမြင်အရပြောရရင်အားမလိုအားမရဖြစ်တယ်၊ နောက်ပြီး ကျွန်တော်တို့က သိပ်ရှေ့ရောက်တယ်လို့ သူတို့ကပြောတယ်၊ အဲ့ဒီခါကျတော့ ကျွန်တော်တို့က ပိုပြီးတော့ စိတ်ညစ်ရတယ်၊ အဲ့လိုအားမလိုအားမရမှုတော့ ရှိတယ်၊သို့သော် ကျွန်တော်တို့သည် အစကတည်းက NLD အရပ်သားအစိုးရကို နားလည်မှုတစ်ခု ပေးထားတာက သူတို့သည်အချိန်တစ်ခုတော့ ယူရမယ်၊ ဘာကြောင့် လဲဆိုတော့ သူတို့သည် အရပ်သားအစိုးရက တက်လာတဲ့လူဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရားကို သူတို့သည်အတွေ့အကြံုအားဖြင့်မရှိဘူး၊ သူတို့အတွေ့အကြံုရဖို့အတွက် အချိန်တစ်ခုတော့ရယူရမယ်ဆိုတာ ကျွန်တော်တို့က နားလည်တယ်၊ နောက်ပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်လို့မြင်တယ်၊ ဥပမာအားဖြင့် စီမံကိန်းတစ်ခုရေးဆွဲတာဆိုရင် ဒီဘက်ကလွှတ်တော်အဖွဲ့တွေနဲ့ အကုန်လုံးက ကောင်းစေချင်တဲ့ စိတ်ဓာတ်နဲ့ပဲ နိုင်ငံရေးဝင်လုပ်နေတာ၊အခါအားလျော်စွာ  ဟိုဘက်ဒီဘက်ညှိနှိုင်းတိုင်ပင်ဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုတော့ လိုကိုလိုတယ်၊ ငါတို့က ဝန်ကြီးပဲ သူတို့က အမတ်တွေပဲဆိုပြီး ခွဲခြားဆက်ဆံမှုမလုပ်သင့်ဘူး၊ ပူးပေါင်းဆောင် ရွက်မှုကိုကောင်းမွန်စွာလက်ခံသင့်တယ်၊ ဒါတွေက လက်ရှိမှာ အားမရဘူး၊

ဟင်္သာမီဒီယာ။ ။မွန်ပြည်နယ်အစိုးရတက်လာ ပြီး  ရက် ၉ဝအတွင်းထူးထူးခြားခြားပြောင်းလဲမှုမရှိဘူးလို့ ဝေဖန်ကြ တယ်၊ ဒါကိုဘယ်လိုကြောင့်လို့ ထင်သလဲ။

ဒေါက်တာအောင်နိုင်ဦး။ ။ ကျွန်တော်လည်း ဒါကိုလက်ခံပါတယ်၊ဒီဘက်က NLDအစိုးရအနေနဲ့ သူတို့တက် လာတဲ့အချိန်မှာ ပြောင်းလဲဖို့ လက်ဆုပ်လက်ကိုင်ထားပြီးတက်လာတာ၊ တစ်ဖက်လူထုကလည်း ဒီကြွေးကြော်မှုကိုပဲ မျှော်လင့်ပြီးမဲပေးကြတယ်၊ သို့သော်လည်း အခု ရက်တစ်ရာအတွင်းစီမံကိန်းဆိုပြီးတော့ ပြည်ထောင်စုမှာတော့ ဘယ်လို Planမျိုးချပြီးတော့ လုပ်မယ်ဆိုတာတော့ သမ္မတဦဆောင်တဲ့ အစိုးရအဖွဲ့က လည်းထုတ်ပြန်ထားခြင်းမတွေ့ရဘူး၊ ပြည်နယ်မှာလည်း ဒီအတိုင်းပဲ လွှတ်တော်ကိုလာပြီးတော့ ရက်တစ်ရာ အတွင်း ဘာလုပ်မယ်ဆိုတာမရှိသေးဘူး၊ နောက်ဆုံးသူ့ရဲ့မိန့်ခွန်းထဲက လွှတ်တော်ကိုလာပြီး ပြောတဲ့အထဲမှာ ပဲ ဆယ်ချက်လောက်ပဲပြောသွားတာ၊ အမှန်တကယ်ကျတော့ စီမံကိန်းသည် Planပဲ၊ Plan သည်အလုပ်လုပ်ဖို့ ပဲ၊ ဘယ်ဟာကိုသွားမယ်ဆိုတဲ့ဟာက အများကြီးစနစ်ကျဖို့တော့ လိုတယ်၊ ခြံုငုံပြီး ကြည့်လိုက်ရင်တော့ ရက်တစ်ရာ အတွင်းခွင့်ပြုထားတဲ့ ဘဏ္ဍာငွေအတွင်းကပဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ပေးမယ်ဆိုတာလောက်ပဲ ပါတယ်၊ ဒါတွေက ကျွန်တော်တို့ နိုင်ငံရေးသမားအမြင်အရပြောရရင် ဘတ်ဂျက်အရတော့ ခွင့်ပြုပေးထားပြီး သားပဲ၊ ဒါတွေက ရက်တစ်ရာမရှိလည်းလုပ်ရမှာပဲ၊ ဒါသည်အထူးတလည်မဟုတ်ဘူး၊ ့ လူထုက မျှော်လင့်ထား တာနဲ့ ပြည်နယ် အစိုးရ လုပ်တဲ့ ရက်၁၀၀နဲ့ က ဦးတည်ချက် မကိုက်ဘူး၊ ရင်ကိုမထိဘူးပေါ့၊ ဒါကြောင့်မို့ လို့ အားရမှုမ ရှိဘူး၊ တကယ်တမ်းလူထုက ဘာကိုလိုလားတယ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ကိုလိုတာ လား၊ ကောင်းမွန်တဲ့ ဝန်ဆောင်မှု အကျင့်ပျက်ခြစားမှုပပျောက်ဖို့ တရားဥပဒေစိုးမိုးဖို့ သူတို့ကြံုတွေ့နေရတဲ့ ပြဿနာတွေကို အတတ်နိုင်ဆုံးကူညီဖြေရှင်းဖို့ ကူညီနိုင်စွမ်းမရှိရင်တောင်မှ စပြီးတော့လုပ်နေတာမျိုးထွက်လာ ဖို့ ကိုလူတွေကပိုလိုလားတယ်၊ ဆိုတော့ ဒီရက်တစ်ရာအတွင်းမှာ ငွေရေးကြေးရေးသုံးစွဲပြီတော့ လုပ်တဲ့ဖွံ့ဖြိုး ရေးပဲရှိတယ်၊ ပိုဆိုးတာက ရွှေ့ပြောင်းအလုပ်သမားတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးမယ်ဆိုတာက ပိုပြီတော့တောင် ခက်သွားရော၊ဒါတွေက အစိုးရအတွက်ကို လူထုက ပိုပြီး သံသယပွားစရာဖြစ်တယ်၊ နောက်ပြီးတော့ Change ဆိုတာကိုမျှော်လင့်ပြီးတော့ တက်လာတာ၊ နောက်ဆုံးစည်ပင်ဖွဲ့တော့လည်း ဒီလူ တွေချည်းပဲ၊ လူဟောင်းတွေ ချည်းပဲဆိုတော့ ဒါဘာကိုပြောင်းလဲတာလဲ၊ မျှော်လင့်ထားတာ နံပါတ် ၉လောက် ဆိုရင် ၉လောက်မသွားရင်တောင်မှ ၅ လောက်မဖြစ်ဘဲနဲ့ သုညကနေ အနှုတ်လက္ခဏာကိုတောင် ပြန်ရောက်သွားတာမျိုးဆိုရင်တော့ ရင်နာတဲ့ အနေအထားမျိုးရှိတာပေါ့၊

ဟင်္သာမီဒီယာ။ ။အစိုးရဘက်က အားနည်းနေတဲ့သဘောရှိတယ်ဆိုတော့  သူတို့အနေနဲ့ ဘာတွေအခက် အခဲရှိမယ်လို့ ထင်လဲ။

ဒေါက်တာအောင်နိုင်ဦး။  ။ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားက ဖြစ်နေတဲ့ဟာကို အတွေ့အကြံုပိုင်းဆိုင်ရာအရ လေ့လာဆဲကာလလို့ပဲ ကျွန်တော်မြင်တယ်၊ ဘာကြောင့်လဲ ဆိုတော့ ဒါကလပိုင်းပဲရှိသေးတယ်၊ လပိုင်းဆိုပေ မယ့် ဟိုလှည့်ဒီလှည့်နဲ့ ရက်တစ်ရာ ပြည့်တော့မယ်၊ တစ်ဖက်မှာလည်း ရက်တစ်ရာ စီမံကိန်းဆိုပြီး ကြွေးကြော် ထားတာရှိတယ်၊ အဲ့တော့ သူတို့ အခက်အခဲသည် အုပ်ချုပ်ရေး ယန္တရားရဲ့ လည်ပတ်နေတဲ့ စနစ်ကို သူတို့ အတွက်လေ့လာသင်ယူဖို့ အခက်အခဲတော့ ရှိမယ်၊ နောက်အခက်အခဲတစ်ခုက ဘယ်ခြေလှမ််းနဲ့ စပြီးလှမ်းပြီး ဘယ်ပန်းတိုင်ကို သွားမလဲဆိုတာက ဦးတည်ရာတစ်ခုကျကျနန ကျွန်တော်မမြင်ရသေးဘူး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးသည် အကျင့်ပျက်ခြစားမှုတိုက်မလား၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်မလား၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ လုပ်မလား၊ ထွက်ကုန်တွေကို ဒီထက်ပိုပြီး စျေးကွက်ကောင်းအောင်လုပ်မလား၊ ကိုယ့်အစိုး ရလက်ထက်မှာ ကိုယ်ဘာလုပ်မလဲ ဆိုပြီး ဇောင်းပေးပြီးလုပ်တာမျိုးရှိရမယ်၊ ဒါကိုလောလောဆယ်မှာတော့ မတွေ့ရဘူး၊ ဒီအခက်အခဲတော့သူတို့မှာ ရှိနေတယ်လို့မြင်တယ်၊ ဒါကြောင့် တစ်ဖက်လူထုကလည်း တအားကြီး မျှော်လင့်ကြတယ်၊ တချို့ဆိုရင် အသံကြားရတယ်၊ရက်တစ်ရာအတွင်း စောင့်ကြည့်မယ်၊ ရက်တစ်ရာပြီးလို့မှ မထူးခြားရင်တော့ တွန်းအားပေး သင့်တာပေးမယ်ဆိုပြီးတော့ ဖြစ်နေ တယ်၊ နောက် အခက်အခဲက တိုင်းရင်းသား တွေနဲ့ အခုပြည်နယ်အစိုးရနဲ့ နည်းနည်း ပွတ်တိုက်မှုဖြစ်နေတာမျိုး ဥပမာ ရွှေ့ပြောင်းတွေကို အိမ်ထောင်စုစာရင်းထုတ်ပေးမယ်ဆိုတာမျိုးရှိတယ်၊ ကျွန်တော်တို့ကတော့ တက်လာ တဲ့ အစိုးရကိုလူထုက အများအားဖြင့် အတိုက်အခံအင်းအားစုရော တိုင်းရင်းသားအဖွဲ့အစည်းရော အကုန်လုံး က လက်ခံပြီးသားပဲ၊ သို့သော် ပိုပြီးတော့ ချစ်ခင်ရင်းနှီးမှု တွေကို ခိုင်ခိုင်မာမာတည်ဆောက်ရမယ်၊ ဒီလိုတည်ဆောက်နိုင်မှ ကိုယ့်ရဲ့လုပ်ငန်းတွေ ဘာပဲလုပ်လုပ်အောင်မြင်မယ်၊ အထစ်အငေါ့လေးတွေ ရှိနေတော့ သတိထားဖို့သင့်တယ်၊ ဒါတွေက အခက်အခဲတွေပေါ့၊

ဟင်္သာမီဒီယာ။ ။ အုပ်ချုပ်ရေးယန္တရားကြီးကို လက်ရှိဝန်ကြီးတွေက မထိန်းချုပ်နိုင်သေးတဲ့ သဘောကို ဆိုလိုတာလား၊

ဒေါက်တာအောင်နိုင်ဦး။ ။ ကျွန်တော့် အယူအဆဆိုရင်တော့ အဲ့ဒီလို်မျိုးဖြစ်နေတယ်၊ အမှန်တကယ်ပြောရရင် တော့ ကျွန်တော်တို့ သာမန်အရပ်သားတွေက ဘယ်ဝန်ကြီးမဆို ကိုယ့်သက်ဆိုင်ရာ ဌာနတွေကိုယ့်နဲ့ ကိုင်တွယ် ထားတဲ့ ဌာနတွေကို ကောင်းမွန်ကျွမ်းကျင်ပြီး တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖြေရှင်းပိုင်ခွင့်ရှိရမယ်၊ ဒါက လူထုရဲ့ အမြင်၊ ဒီအချိန်မှာ ကျွန်တော်တို့ မြင်နေတာက ဒီကိစ္စတွေကိုဖြေရှင်းပေးဖို့ တောင်းဆိုပေမယ့် ဘာမှ သိပ်ထူးခြားကြီးတော့ မဖြစ်လာဘူး၊ နောက်ပြီး တချို့ဋ္ဌာနတွေက ဘာဖြစ်လဲဆိုတော့ သူတို့တိုက် ရိုက်မဟုတ်ဘဲပြည်ထောင်စုဌာနဖြစ်တော့ သူတို့သည်ဘေးတိုက်အနေအထားနဲ့ ပဲ ကြီးကြပ်ရတယ်၊ အဲ့ဒီအခါမျိုးကျတော့ ပိုဆိုးတယ်၊ အဲ့ဋ္ဌာနကို သွားပြီးတော့ ပြောလို့မရဘူး၊ ဒီဋ္ဌာနကလည်း ပြည်နယ်အဆင့် ဝန်ကြီးတွေကို ပြည်နယ်အစိုးရထက်ကို ပြည်ထောင်စုဗဟိုရုံးချုပ်ကိုပဲ ပိုပြီးတာဝန်ခံဖို့များ နေတယ်၊ ကြာတော့ ဝန်ကြီးတွေလည်း ဘေးကိုရောက်နေတာမျိုး ဖြစ်နေတယ်၊ သာမန်အရပ်သားမြင််လိုက်ရင် ဥပမာအားဖြင့် လူမှုရေးဝန်ကြီးက ကျန်းမာရေး ပညာရေး သူနဲ့ ဆိုင်တယ်၊ လူထုကတော့ ကျန်းမာရေးပညာရေး ကိစ္စတွေမှား ယွင်းနေရင်  သူ့ကိုပြောတော့ သူက မဖြေရှင်းနိုင်ဘူး၊ဘာလို့လည်းဆိုတော့ သူ့့ရဲ့လက်အောက် ခံဌာန လုံးဝမဟုတ်ဘူး၊ ပြည်ထောင်စုဋ္ဌာနကို သူက ဘေးတိုက်ကြီးကြပ်နေရတော့ ထင်သလေက်မအောင်မြင်ဘူး၊ ဒါဆိုရင် ပြည်နယ်နဲ့ ပြည်ထောင်စု အကျိုးဘယ်ဟာပိုများလဲပြောရင် ပြည်နယ်ရဲ့ လက်အောက်ခံဌာနက ၂ဝလောက်ပဲရှိတယ်၊ ပြည်ထောင်စုဌာနက ဒီမှာအများကြီးရှိတယ်၊ ပြည်ထောင် စု ဌာနက လုပ်နေတောတွေ အကုန်လုံးက ဒီအစိုးရဘယ်လောက်ထိနိုင်နိုင်နင်း နင်းသွားပြီး တော့ကြီးကြပ်စစ်ဆေးနိုင်မလဲ၊ အကယ်၍ ဒီလောက်မထိန်းနိုင်ရင်တော့ စနစ်ဟောင်းအတိုင်းဖြစ်နေမယ်ဆိုတာ သေချာတယ်၊

ဟင်္သာမီဒီယာ။ ။ လွှတ်တော်ကရော အစိုးရနဲ့ရှေ့ဆက်ပြီး ဘယ်လို ပူးပေါင်းသွားဖို့ရည်ရွယ်ထားလဲ။

ဒေါက်တာအောင်နိုင်ဦး။   ။ကျွန်တော်တို့ လွှတ်တော်ရဲ့ သဘောသဘာဝက လူထုကိုကိုယ်စားပြုမယ်၊ လူထုရဲ့ ဆန္ဒသဘောထားကို လွှတ်တော်ရဲ့ အသံအနေနဲ့ ဖော်ပြမယ်၊ပြီးရင် ကျွန်တော်တို့က လူထုအတွက် တကယ်အသုံးတည့်တဲ့ခေတ်နဲ့ လျော်ညီတဲ့ ဥပဒေပြဋ္ဌာန်းရေး၊ လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းမယ်၊ နောက်ပြီး အပြန်အလှန်ထိန်းကျောင်းရေးကတော့ မဖြစ်မနေဆက်ပြီးလုပ်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်၊ ကျွန်တော်တို့သည် တည့်မတ်ထိန်းကျောင်းရေးကိုတော့ တကယ့်ကိုစိတ်ရင်းစေတနာ အမှန်နဲ့ အပြုသဘောဆန်တဲ့ ထိန်းကျောင်း ရေးကိုပဲ ဆက်လုပ်သွားမယ်၊ ဒါသည်တိုက်ခိုက်တာမဟုတ်ဘူး၊ ဒါကိုတော့ လူထုရော လေ့လာစောင့်ကြည့်နေ တဲ့ နိုင်ငံရေးသမားတွေရော ဦးဆောင်နေတဲ့ ပြည်နယ်အဆင့်ဝန်ကြီးအစိုးရအဖွဲ့တွေ ဌာနဆိုင်ရာတွေ ကဒီသဘောတရားကိုနားလည်ရင်တော့ ရပြီ၊လူထုကလည်း ဖြစ်လာရင်ကျွန်တော်တို့ လွှတ်တော်ကိုပဲလာကြ တာ၊ နောက်ပြီးလွှတ်တော်က ဝင်ထွက်သွားလာခွင့်ဟာ အစိုးရအဖွဲ့ရုံး တွေထက်ပိုပြီးတော့ လွယ်ကူတယ်၊ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လူထုတွေနဲ့ အမြဲတမ်းထိတွေ့ဆက်ဆံနေရ တယ်ဆိုတော့ ပိုပြီးတော့ အသံကကြားနေရတယ်၊ တစ်ဖက်က အစိုးရ ဘာလုပ်လဲ ဘာအဖြေတွေထွက် လာလည်းဆိုတာ ကိုယ်စားလှယ်တွေက ပိုသိရတယ်၊ ကျွန်တော်တို့က ဆက်ပြီး ပြောသင့်ပြောထိုက် တာတွေကိုလိုအပ်ရင်တော့ အမုန်းခံပြီးတော့ဆက်ဆွေးနွေးနေရမှာပဲ၊ အမုန်းခံပြီးတော့ ဆွေးနွေးမှုသည်အစိုး ရကို ကောင်းစေချင်တဲ့ ဆန္ဒနဲ့ အပြုသဘောဆန်တဲ့ သဘောထား တွေပါတယ်၊နောက်ပြီးပုဂ္ဂိုလ်စွဲမပါ ဘူးဆိုတာ ကို သိစေချင်တယ် ၊အကယ်၍ကျွန်တော်တို့ဘက်က လည်းအစိုးရက ကောင်းမွန်တဲ့ကိစ္စကို လုပ်မယ်ဆိုရင် ချီးကျုးဂုဏ်ပြုဖို့က ကျွန်တော်တို့မှာ ရယ်ဒီပဲ၊ ဥပမာအားဖြင့် ပြည်နယ်အစိုးရဝန်ကြီးချုပ်ကနေပြီး အဝိုင်းကို ဟင်္သာရုပ်တင်မယ်ဆိုတဲ့ကိစ္စကို လုံးဝထောက်ခံ တယ်၊ သူ့အတွက်လည်း ဂုဏ်ရှိတယ်၊ကျွန်တော် တို့လည်း လုံးဝပြောစရာမလိုလောက်အောင် ထောက်ခံတယ်၊ ချီးကျုးသင့်တာ ချီးကျုးရမှာဖြစ်သလို တည့်မတ်ပေး ရမယ့်ဟာတွေရှိရင်လည်း တည့်မတ်ပေးရမယ်၊

ဟင်္သာမီဒီယာ။ ။နောက်ဆုံးအနေနဲ့ ဘာများပြောလိုပါသလဲ။

ဒေါက်တာအောင်နိုင်ဦး။ ။ စာဖတ်ပရိသတ်တွေကိုရော ပြည်နယ်သူပြည်နယ်သားတွေကိုရော ပြည်သူတွေလို လာ းနေတဲ့ ပြောင်းလဲရေးတိုးတက်ရေးကို အများကြီးလူထုနဲ့ ထပ်တူပဲ ဆန္ဒရှိပါတယ်၊ လွှတ်တော်ဘက်က လည်း လွှတ်တော်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အတွင်းမှာ လုပ်ခွင့်ရတဲ့  ဟာတွေအပေါ်မှာ ဆက်ပြီးတွန်းအားပေး နေမယ်၊ လူထုဘက်ကလည်း ပြုပြင်ပြောင်းလဲရေးဘက်မှာ လိုအပ်ရင်လိုအပ်သလို အကြံပေးတာ လာပြီးတော့ တွေ့ဆုံဆွေးနွေးတာ ကောင်းမွန်တဲ့လုပ်ငန်းတွေကို တင်ပြဆွေးနွေးတာတွေလည်း လုပ်လို့ရတယ်၊တချို့ကိစ္စတွေဆိုလည်း လူထုနဲ့လွှတ်တော်နဲ့ ပူးပေါင်းပြီးတော့ ဥပဒေပြဋ္ဌာန်းတာပဲဖြစ်ဖြစ် အဆိုတစ်ခုတင်တာပဲ ဖြစ်ဖြစ်လူထုက ဒါကိုလက်ခံမခံ လူထုရဲ့ သဘောထားကိုလည်းရယူတဲ့ အပိုင်းတွေ လည်း ကျွန်တော်တို့မှာရှိတဲ့အတွက် ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့တာဝန်ဖြစ်တဲ့ ဥပဒေပြုရေး၊ အစိုးရကို စောင့်ကြည့်ထိန်းကျောင်းရေးနဲ့ လူထုရဲ့ဆန္ဒသဘောထားကိုလွှတ်တော်ကနေ တင်ပြဆွေးနွေး နိုင်ရေးအတွက်ကိုပဲ ဆက်ပြီးဒီမိုကရေစီရဲ့ ကျင့်စဉ်အတိုင်း ကောင်းမွန်တဲ့ အမွေအနှစ်ရ အောင်ပုံဖော် သွားမယ်၊ ကျွန်တော်တို့လည်း လူထုရဲ့တာဝန်ခံတွေဖြစ်တဲ့စိတ်နဲ့ လုပ်ဆောင် သွားပါမယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...