မေး- ကိုယ်တိုင်သွားရောက်ခဲ့တယ်ဆိုတော့ စစ်ပြေးရှောင် ဒုက္ခသည်တွေရဲ့ အခြေအနေ ဘယ်လို တွေ့မြင်ခဲ့ရပါသလဲ။
ဖြေ-ဒီကနေ့ ကျွန်တော်တို့လေ ရသေ့တောင်မြို့နယ် ကျောက်တန်း၊ ပဲသဒူ၊ ရေစိုးချောင်း နေရာ သုံးခုကို ကျွန်တော်တို့သွားခဲ့ပါတယ်။ အဲသလို သွားခဲ့တဲ့ အခါမှာ အဆိုးဆုံးနေရာကတော့ ပဲသဒူပါ။ ပဲသဒူမှာ စစ်ပြေးရှောင် အိမ်ထောင်စု ၃၀ ရှိပါတယ်။ အဲဒီမှာ မိုးထဲ လေထဲမှာ အိပ်နေရတဲ့ အခြေအနေကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဆိုလိုတာကတော့ တာလပတ်ချာတွေမိုးပြီးတော့ မြေကြီးမှာ တာလပတ်ချာတွေခင်းပြီး အိပ်နေရပါတယ်။ မိုးကလည်း မတရားရွာနေတယ်ဆိုတော့ သူတို့ အခြေအနေက တော်တော်လဲကို ဆိုးပါတယ်။ ကျန်တဲ့ နေရာ နှစ်ခုမှာတော့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ နေတဲ့ဟာတွေကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီရက်အတောအတွင်းမှာ အဲဒီနေရာက ထွက်ပေးရမယ်ဆိုတော့ သူတို့မှာတော်တော်လေးကို အခက်အခဲရှိနေတဲ့ဟာကို တွေ့ရပါတယ်။
မေး- ဒုက္ခရောက်နေကြတဲ့ ပဲသဒူရွာမှာ ဒုက္ခသည် စုစုပေါင်း လူဦးရေ ဘယ်လောက်ရှိပါသလဲ။
ဖြေ- အိမ်ထောင်စု ၃၀ ရှိတယ်ခင်ဗျား။ လူဦးရေက ၁၅၆ ဦးရှိပါတယ်။
မေး- သူတို့ကို အာဏာပိုင်တွေက ရွာတွေကို ပြန်ပြောင်းခိုင်းတယ်လို့ ကြားရပါတယ်။ အဲဒီအခြေအနေက ဘယ်လိုရှိနေပါသလဲ။
ဖြေ- ကျွန်တော်တို့ အဲဒီမှာ ရောက်တဲ့ နေရာတိုင်းမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးကို မေးကြည့်တယ်။ နောက်တစ်ခါ ဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေကို မေးကြည့်တဲ့အခါမှာ သူတို့ကို သူတို့ နေရပ်တွေဆီကို ပြန်ပြောင်း ခိုင်းတယ်လို့ ဆိုတယ်။ အဲဒီအခါ ကျွန်တော်တို့ ပြောတယ်။ ခင်ဗျားတို့ကို ပြန်ပြောင်းခိုင်းလို့ မရဘူး။ ပြန်ပြောင်းရွှေ့ခိုင်းတယ်ဆိုရင် လုံခြံုရေးကို အသေအချာ လုပ်ပေးရမယ်။ ပေါ်တာမဆွဲရဘူး။ လမ်းပြ မခေါ်ရဘူး။ တစ်ခြား ညှဉ်းပန်းနှိပ်စက်မှုတွေ မလုပ်ရဘူး ဆိုတဲ့ ကတိခံဝန်ချက်တွေ ရှိပြီးမှဘဲ ရွာကို အသေအချာ ပြန်လို့ ရမယ်။ အဲသလို ခံဝန်ချက်တွေ မရဘဲနဲ့ မိမ်ိဒေသကို ပြန်မယ်ဆိုလို့ရှိရင် နဂိုအတိုင်းဘဲ ဒုက္ခရောက်မယ်။ အဲဒါကြောင့်မို့လို့ လောလောဆယ်တော့ မပြန်နဲ့။ ပြန်စရာ ရှိလို့ရှိရင်လည်း ကျွန်တော်တို့ ဒေသအာဏာပိုင်တွေနဲ့ အသေအချာ ဆွေးနွေးပြီးမှ အဲဒီဟာကို ဘယ်လို လုပ်သင့်လဲဆိုတာ ကျွန်တော်တို့ စဉ်းစားပြီးမှ နောက်ထပ် အဖြေပေးမယ်လို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်ခင်ဗျား။
မေး- ဒီလို မိုးထဲလေထဲမှာ ဒုက္ခ ရောက်နေကြတဲ့ စစ်ပြေးရှောင် ဒုက္ခသည်တွေကို အစိုးရပိုင်းကကော တာဝန်ယူ ဆောင်ရွက်ပေးတာကို တွေ့ခဲ့ရပါသလား။
ဖြေ- ကျွန်တော်နေရာ နှစ်ခုကို ရောက်တဲ့ အခါမှာ အစိုးရကတော့ ဘာတစ်ခုမှ ကူညီ ဆောင်ရွက်ပေးတာ မရှိသေးဘူး။ သူတို့က ဒုက္ခသည်တွေ မရှိတော့ဘူး ဆိုတဲ့ဟာကို ပြချင်တဲ့ အတွက်ကြောင့် သူတို့က မိမိနေရာကို ပြန်သွားခိုင်းတယ်။ ဆိုလိုတာကတော့ သူတို့ ဘာမှလဲ တာယူမပေးနိုင်ဘူး။ ဒီက တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ လူမှု အသင်းအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ တစ်ခြား တစ်ခြား တစ်သီးပုဂ္ဂလ စေတနာရှင်တွေ လုပ်ပေးနေတဲ့ဟာတာတွေကိုတောင် သူတို့က မလိုလားတဲ့ သဘောရှိနေတာကို ကျွန်တော်တို့တွေ့ရပါတယ်။
မေး- ဒုက္ခသည် စခန်းတွေမှာရှိတဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လို မြင်တွေ့ခဲ့ရပါသလဲ ခင်ဗျား။
ဖြေ- ကျွန်တော်တို့ အဓိက မြင်တွေ့ရတာက ပဲသဒူမှာ များပါတယ်။ ဒါပေမယ့် ပဲသဒူမှာ ကျန်းမာရေး ၀န်ထမ်းနှစ်ဦး ချပေးထားတယ်လို့ ကျွန်တော်တို့ အဲဒီမှာ ကြားသိရပါတယ်။ ဒါပေမယ့် သူတို့ က ကျန်းမာရေး ၀န်ထမ်း ဘယ်လိုပဲ ချပေး ချပေး အိပ်နေရတဲ့ အနေအထားက မြေကြီးပေါ်မှာ၊ ဒီလောက် မိုးထဲ လေထဲ၊ မိုးတွေရွာ လေတွေတိုက် ကာလမှာ မြေကြီးပေါ် တာလပတ်ချာ ခင်းပြီး အိပ်နေရတယ်ဆိုတော့ သူတို့ရဲ့ ကျန်းမာရေးက တော်တော်လေးကို စိုးရိမ်စရာ ဖြစ်နေပါတယ်။ ထမင်းချက်စားတဲ့ နေရာထိုင်ခင်းလေးတွေ၊ အိပ်ရတဲ့ နေရာ ထိုင်ခင်းလေးတွေ၊ သောက်ရေ သောက်သုံးရတဲ့ အခြေအနေတွေကို ကျွန်တော်တို့ အကုန်လုံး စစ်ဆေးတဲ့ အခါမှာ ကျန်းမာရေး အရကတော့ တော်တော်စိုးရိမ်စရာဖြစ်တယ်လို့ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ် ခင်ဗျား။
မေး- ဦးခိုင်ပြည်စိုးက ပါတီက တာဝန်ရှိသူ တစ်ယောက်ဆိုတော့ ဒီဒုက္ခသည်တွေ ရင်ဆိုင်ကြံုတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းပေးဖို့ မျှော်လင့်ထားပါသလဲ။ ဘယ်လို ဖြေရှင်းပေးရင် ရနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ- ခုကတော့ ဒီနေ့သွားတဲ့ အခါမှာ အဲဒီ ဒုက္ခသည်တွေကို အမိုးအကာ လုံလုံခြံုခြံုနဲ့ နေလို့ ထိုင်လို့ ရအောင် ဆိုပီးတော့ ပထမဆုံး အစီအစဉ်တစ်ခုကို ကျွန်တော်တို့ စဉ်းစားတယ်။ ဆိုလိုတာက အခု တဲလေးတွေ ပေါ့ဗျာ။ အိမ်သာသာလေး အဲသလို တဲလေးတွေ ဆောက်ပေးမယ်။ ဆောက်တဲ့ အခါမှာ ၁၂ပေ၊ ၉ ပေ အဲသလို အနေအထားတွေ ဆောက်ပြီးတော့ သွပ်တွေပေးမယ်၊ နောက်တစ်ခါ ခင်းဖို့ အတွက် ၅ ထပ်သားတို့ ဘာတို့ အဲသလို ကျွန်တော်တို့ စီစဉ်ပေးမယ်။ ယာယီ နေလို့ ရအောင် ဆိုပြီးတော့ အဲသလို ကျွန်တော်တို့ စီစဉ် ထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဆိုလိုတာက ဒီဟာက လူမှု အသင်း အဖွဲ့ အစည်းတွေနဲ့ နိုင်ငံရေး ပါတီ တစ်ခုတည်း အနေနဲ့ လုပ်လို့ မရဘူး။ နိုင်ငံတော် အစိုးရ ကပါ ပူးပေါင်း ပါ၀င်ပြီးမှ နိုင်ငံတကာ အသင်းအဖွဲ့အစည်းတွေ ပူးပေါင်း ပါ၀င်ပြီးမှ ဒီ စစ်ဘေး ဒုက္ခသည်တွေရဲ့ ဘဝဟာ ဒီနေ့ကာလမှာ လုံလုံခြံုခြံု ဖြစ်မယ်လို့ ကျွန်တော်တို့ အဲသလို ထင်ပါတယ်။ အဲဒီ အစိုး ရအနေနဲ့ ကူညီ ဆောင်ရွက်ပေးမှု မရှိဘူးဆိုရင် ပညာရေးက အစ အကုန်လုံး အခက်အခဲရှိနိုင်တယ်လို့ ကျွန်တော်တို့ အဲသလို မြင်ပါတယ်။
မေး- လက်ရှိ စစ်ပြေးရှောင် ဒုက္ခသည်က ဘယ်လောက်ရှိပါသေးသလဲ ခင်ဗျား။
မေး- ကျောက်တန်းမှာ အိမ်ထောင် ၂၀၊ လူဦးရေ ၁၀၀၊ ရေစိုးချောင်းမှာ ၆၄ စု၊ ၂၅၈ ယောက်ရှိခဲ့ပါတယ်။ အခုတော့ အိမ်ထောင်စု ၂၂ စု ဘဲရှိပါတယ်။ ပဲသဒူမှာ အိမ်ထောင်စု ၃၀ ရှိပါတယ်။ အဲဒီ ကျောက်တန်း၊ ပဲသဒူ၊ ရေစိုးချောင်း သုံးခုမှာ ဒုက္ခသည် ၅၀၀ နီးပါးခန့် ရှိပါတယ်။ ကျွန်တော်တို့ မရောက်ခဲ့တဲ့ ဘူးသီးတောင် မြို့နယ်နဲ့ ပေါင်းလိုက်ရင် ဒုက္ခသည် ၈၀၀ လောက်တော့ ရှိနိုင်ပါတယ်။