၂၀၁၀ ရွေးကောက်ပွဲမှ ဒေါက်တာ နိုင်အောင်နိုင်ဦးလည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ရကာ မွန်လူထုအသံ၊ မွန်လူထူ အခြေအနေတွေကို တစိုက်မတ်မတ် ဦးထိပ်ထားပြီး လုပ်သင့်လုပ်ထိုက်သည့်အရာတွေကို လုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။ မွန်ဒေသရှိ အစိုးရ စာသင်ကျောင်းတွင် မွန်စာသင်ကြားခွင့် ရရှိရေး၊ မွန်အမျိုးသားနေ့ကို ရုံးပိတ်ရက်နေ့အဖြစ် သတ်မှတ်ပေးရေး၊ အံဒင် ကျောက်မီးသွေးစက်ရုံ ဆန့်ကျင်ရေး စသည့် ကိစ္စရပ်များတွင်လည်း တက်ကြွစွာ လှုပ်ရှားခဲ့သူတစ်ဦးဖြစ် သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် တစ်ကျော့ပြန် တဖန်ပြန်လည် ရွေးချယ်ခံ ရသူပြန်သည်။ ထို့ကြောင့် ပြည်နယ်လွှတ်တော်အတွေ့အကြုံရှိခဲ့သူတစ်ဦး ဖြစ်သည့်အတွက် လာမည့်လွှတ်တော်နှင့် အစိုးရသစ်နှင့် စပ်လျဉ်း၍ မွန်သတင်းအေဂျင်စီ၏ မေးမြန်းခြင်းကဏ္ဍကို တင်ပြလိုက်ပါသည်။(မူရင်းမွန်ဘာသာကို မြန်မာပြန်ဆိုခြင်း ဖြစ်သည်။)
မေး။ ။ ဒေါက်တာ အနေနဲ့ ရွေးကောက်ပွဲ နှစ်ကြိမ် ဝင်ခဲ့တယ်၊ နှစ်ကြိမ်စလုံး အရွေးခံရတယ်ဆိုတော့ လာမည့် ဒုတိယအကြိမ် လွှတ်တော်ဘဝမှာ ဘယ်လိုဦးတည်ချက်နဲ့ ဘယ်လိုဆောင်ရွက်မလဲဆိုတာ ပြောပြပေးပါလားဗျာ။
ဖြေ။ ။ ပထမ လုပ်ဆောင်ရမှာက ပြီးခဲ့တဲ့ (၅) နှစ်သက်တမ်းမှာ အကောင်အထည် မဖေါ်ရသေးတဲ့ လုပ်ငန်းတွေကို ကျနော်တို့ ဆက်ပြီး လုပ်ဆောင်ရမယ်။ ဒုတိယအနေနဲ့ ဦးတည်ထားတာကတော့ လွှတ်တော်မြင့်မားအောင် မြှင့်တင်ပေးရမယ်။ ပြီးခဲ့တဲ့ကာလက ပြည်နယ်မှာလည်း လွှတ်တော်ရှိနေတာကို လူထုအများစုက မသိကြဘူး။ အဓိပ္ပါယ်က အစိုးရကလည်း ပြည်နယ်လွှတ်တော်အပေါ် တာဝန်ယူမှု နည်းနေတယ်။ လွှတ်တော်ရဲ့အာဏာဟာလည်း နည်းနေသလို ရှိခဲ့တယ်။ ပြည်သူ့အကျိုးပြု လုပ်ငန်းဖက်မှာဆိုရင် လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့် နည်းနေသလိုပဲ။ ဒီမိုကရေစီစနစ်အရဆိုရင် လွှတ်တော်က ဗဟိုအဖြစ် ရှိနေရမယ်။ အစိုးရအဖွဲ့ကလည်း လွှတ်တော်၏ တာဝန်ကို ယူရမယ်။ ပြည်သူလူထုကလည်း လွှတ်တော်ကို ချဉ်းကပ်ရမယ်လို့ ပြောချင်ပါတယ်။
မေး။ ။ မွန်ပြည်နယ်လွှတ်တော်ကို လူထုအသိနည်းတယ်ဆိုတာက ပြီးခဲ့တဲ့ လွှတ်တော်ကာလမှာ ဘယ်လိုအားနည်းချက်တွေ ရှိခဲ့လို့ အဲဒီလိုဖြစ်ရတာလဲ?
ဖြေ။ ။ ပထမ လွှတ်တော်တုန်းက ပြည်နယ်အစိုးရ အပေါ်မှာ စောင့်ကြည့်မှု အားနည်းနေတယ်။ Check and Balance မဖြစ်ခဲ့ဘူး၊ အစိုးရဆိုတာ ဥပဒေပြဌာန်းချက် အတိုင်းသာ လုပ်ဆောင်ရမယ်။ အစိုးရက လုပ်သလား မလုပ်ဘူးလားဆိုတာရယ်၊ လုပ်တဲ့အခါမှာလည်း ဘယ်လောက် မှန်ကန်မှု၊ စနစ်ကျမှု ရှိ မရှိဆိုတာရယ် ဒါတွေကို စောင့်ကြည့်ရမယ်၊ အဲဒီလို အစိုးရကို စောင့်ကြည့် ထိန်းကျောင်းမည့်သူဟာ လွှတ်တော်ပဲ၊ ဘတ်ဂျက် သုံးစွဲမှုကအစ မှန်ကန်မှုရှိမရှိ ဆိုတာကို စောင့်ကြည့် ထိန်းကျောင်းပေးရမယ့် အလုပ်က လွှတ်တော်ရဲ့ အလုပ်ပဲ။ ပြီးခဲ့တဲ့ (၅) နှစ်မှာ လွှတ်တော်မှာ လုပ်ပိုင်ခွင့် အားနည်းနေတယ်၊ လွှတ်တော်ရှိနေသော်လည်း အာဏာမရှိသလို ဖြစ်နေတယ်။ အစိုးရ အဖွဲ့ကလည်း လွှတ်တော်ကို လွှမ်းမိုးချင်သလို ဖြစ်ခဲ့တယ်။
မေး။ ။ ပထမ လွှတ်တော်တုန်းက အားနည်းချက် ရှိတယ်ဆိုတော့ အဲဒီလိုမဖြစ်အောင် လာမယ့်ဒုတိယ လွှတ်တော်မှာ ဘယ်လိုအစီအစဉ်တွေ ချမှတ်သွားမလဲ၊ ဆရာ့ရဲ့ Imagine ကလည်း ဘယ်လိုရှိပါသလဲ?
ဖြေ။ ။ ပြည်နယ်လွှတ်တော်ရဲ့ အားနည်းချက်က ကိုယ်စားလှယ် နည်းတာကြောင့်လည်း ဖြစ်နိုင်တယ်။ ပြည်နယ်လွှတ်တော်အဆင့်မှာ (၂၃) ဦး တင်မြှောက်ပြီး ကျန်တဲ့ (၈) ဦးကိုတော့ စစ်တပ်ကိုယ်စားလှယ် ဖြစ်တယ်။ အားလုံးပေါင်းမှ (၃၁) ဦးပဲရှိတယ်။ အစိုးရအဖွဲ့ ဖွဲ့လိုက်ရင်တော့ လွှတ်တော်မှာ ကျန်ရှိတဲ့ အရေအတွက်ဟာ နည်းနည်းပဲ ရှိတော့တယ်။ ဒါကြောင့် အစိုးရကို စောင့်ကြည့်ကြပ်မတ်ဖို့ အားနည်းခဲ့တယ်။ နောက်တစ်ချက်က အဲဒီလူတွေမှာလည်း (Capacity) ပြည့်ဖို့လိုတယ်။ လွှတ်တော်မှာ ပွင့်ပွင့်လင်းလင်း ပြောရဲ ဆိုရဲရှိတဲ့သူလည်း နည်းနေတယ်။ လာမည့်လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်များ (Capacity) ရှိအောင် ကျနော်တို့ ပြုစု ပျိုးထောင်ပေးရမယ်။ နိုင်ငံတကာလွှတ်တော် အတွေ့ကြုံများယူပြီးတော့ လွှတ်တော်လုပ်ဆောင်ချက်တွေ တိုးတက်ကောင်းမွန်လာရင် ဒီထက်ကောင်းလာမှာမယ်လို့မြင်တယ်။
မေး။ ။ လာမည့်ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို စတင်ခေါ်မယ်ဆိုတော့ မွန်ပြည်နယ်လွှတ်တော်ကိုလည်း အဲဒီအတောအတွင်းမှာပဲ ခေါ်ဖို့ရှိတယ်လို့ဆိုရမှာပါ၊ လွှတ်တော်သစ်ခေါ်ယူပုံ၊ လွှတ်တော်တာဝန် ပြောင်းလဲပုံ၊ အစိုးရသစ်အဖွဲ့ ရွေးချယ် ပြောင်းလဲပုံ ဘယ်လိုရှိသလဲဆိုတာ အနည်းအကျဉ်းလောက် ပြောပြပါလားဆရာ-
ဖြေ။ ။ လွှတ်တော် အပြောင်းအလဲနဲ့ အစိုးရ အပြောင်းလဲဟာ အချိန်အခါ မတူပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဆိုရင် ပြည်ထောင်စု လွှတ်တော်တို့၊ ပြည်နယ်လွှတ်တော်တို့ ဆိုတာက ဒီဇန်နဝါရီလ (၃၁) ရက်နေ့ရောက်ရင် သက်တမ်းကုန်ဆုံးတော့မယ်။ လွှတ်တော် စခေါ်တဲ့အချိန်မှာ အစိုးရသက်တမ်းဟာ မကုန်ဆုံးသေးဘူး။ လွှတ်တော်မှာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးဦးမယ်၊ နောက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ နာယက ရွေးဦးမယ်။ အဲဒါပြီးရင် သမ္မတရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းဦးမယ်၊ ဖွဲ့ပြီးရင် သမ္မတကို ရွေးချယ်မယ်၊ သမ္မတကိုရွေးပြီးရင် ပြည်နယ်ဝန်ကြီးချုပ်တွေကို ရွေးချယ်မယ်၊ အဲဒီဝန်ကြီးချုပ်တွေကို သက်ဆိုင်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တို့ကိုိပို့ပြီး ပြည်နယ်က အတည်ပြုရမယ်။ ဖေဖေါ်ဝါရီ (၁) ရက်နေ့မှ မတ်ချ်လ (၃၁) ရက်နေ့အထိဆိုရင် လွှတ်တော်က အစိုးရအဖွဲ့ကို ရွေးချယ်ပေးရမှာဖြစ်လို့ ဒီ ၂ လ အတွင်းမှာပဲ အတည်ပြုပေးရမယ်။
မေး။ ။ မွန်ပြည်နယ်အစိုးရအတွင်းမှာ ဆရာ့အနေနဲ့ ဘယ်လိုအစီစဉ်မျိုး ဆောင်ရွက်စေချင်သလဲ?
ဖြေ။ ။ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရတာက NLD ပဲဆိုတော့ ဝန်ကြီးနှင့် ဝန်ကြီးချုပ် တာဝန်ကို ပေးအပ်ရာမှာ NLD အပေါ်မှာပဲ မူတည်နေတယ်။ ကျနော်တို့ကတော့ လူတော် လူကောင်းပဲ ဖြစ်စေချင်တယ်။ အစိုးရ အဖွဲ့ထဲမှာ အရည်အချင်းပြည့်ဝသူကိုပဲ ဖြစ်စေချင်တယ်။ အစိုးရ အဖွဲ့ ဖွဲ့စည်းတဲ့အခါမှာလည်း ကျနော်တို့ မွန်အမျိုးသား အခွင့်အရေးအတွက် ကျနော်တို့ပါတီ၊ ကျနော်တို့ ခေါင်းဆောင်ကိုပဲ ဦးစားပေးစေချင်တယ်။ အခြားတိုင်းရင်းသားများကလည်း အဲဒီလိုပဲ ဆန္ဒရှိကြတယ်။ NLD အနေနဲ့ ကျနော်တို့ တိုင်းရင်းသားပါတီတွေအပေါ်မှာ ဘယ်လောက် စိတ်ရင်း စေတနာရင်း ထားတယ်ဆိုတာ ကျနော်တို့ မခန့်မှန်းနိုင်ဘူး။ တောင်းဆိုချင်တာက ကျနော်တို့ တိုင်းရင်းသားပါတီ ခေါင်းဆောင်များကို သူတို့နဲ့ ထိုက်သင့်လျော်ကန်တဲ့ကဏ္ဍကို ပေးအပ်နိုင်ရင် ကောင်းမယ်လို့မြင်တယ်။
မေး။ ။ ပြည်နယ်ဝန်ကြီးဌာနတစ်ခုနဲ့တစ်ခု တာဝန် ခွဲဝေတဲ့အပိိုင်း၊ တာဝန်ခံမှုအပိုင်း တွေမှာ ခက်ခဲမှု၊ လစ်ဟင်းမှု ရှိနေတာကို ဆရာတို့အနေနဲ့ ဘယ်လိုကြီးကြပ်သွားမလဲ?
ဖြေ။ ။အစိုးရဌာနတွေကို ပြည်ထောင်စုအဆင့်မှာရော၊ ပြည်နယ်အဆင့်မှာပါ ဘယ်လောက်ထားမလဲ ဆိုတာက သမ္မတအပေါ်မှာပဲ မူတည်တယ်။ သမ္မတကို အာဏာ အပြည့်ပေးထားတယ်။ ပြီးခဲ့တုန်းကဆိုရင် ပြည်ထောင်စုအဆင့်မှာ (၃၅) နေရာ၊ ပြည်နယ်အဆင့်မှာ (၉) နေရာရှိတယ်။ လာမည့်အစိုးရသစ် လက်ထက်မှာတော့ ဒီအတိုင်း ဆက်ထားမလား၊ မထားဘူးလား ဆိုတာက ကျနော်တို့ မသိသေးဘူး။ ဒါက သမ္မတ သို့မဟုတ် NLD အပေါ်မှာဘဲ မူတည်တယ်။ နောက်ပြီး အောက်ခြေ ဦးစီးဌာနတွေကိုလည်း ဘယ်ဝန်ကြီးဌာနလက်အောက်မှာ ထားမလဲဆိုတာကလည်း သမ္မတနဲ့ပဲ သက်ဆိုင်တယ်။၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်အဆင့်မှာ (၈) ဌာနရှိတယ်။ ဝန်ကြီးအနေနဲ့ အနည်းဆုံး (၈) နေရာလောက်တော့ ရှိရမယ်။ အာဏာခွဲဝေတဲ့နေရာမှာ ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။ ဦးသိန်းစိန်လက်ထက်မှာ တစ်ချို့ဌာနက ရှင်းလင်းသဲကွဲမှုရှိတယ်၊ တစ်ချို့ဌာနကြတော့ သဲကွဲရှင်းလင်းမှုမရှိဘူး။ လမ်းဦးစီးဌာန မှာလည်း လမ်းတစ်ချို့က ဆောက်လုပ်ရေးဌာန လက်အောက်မှာရှိပြီး လမ်းတစ်ချို့က လမ်းဦးစီးဌာန လက်အောက်မှာရှိတယ်၊ အဓိပ္ပါယ်က ပြည်ထောင်စုနဲ့ သက်ဆိုင်တဲ့လမ်းနဲ့ ပြည်နယ်နဲ့ သက်ဆိုင်တဲ့ လမ်းဆိုပြီး ဒီလိုလည်း ရှုပ်ထွေးနေတာရှိတယ်။ တစ်ချို့နေရာမှာ မိမိလက်အောက် တိုက်ရိုက် မဟုတ်သော်လည်း ဝန်ကြီးက ကြီးကြပ်ပိုင်ခွင့်ရှိတာကို တွေ့ရတယ်။ သမ္မတနဲ့ အဖွဲ့က ဘယ်လို အာဏာ ခွဲဝေမလဲဆိုတာက သူတို့အပေါ်မှာဘဲ မူတည်တယ်။ ဖြစ်ချင်တာက သဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်း ရှိရင်တော့ ပိုကောင်းတာပေါ့။
မေး။ ။လွှတ်တော်တာဝန်နဲ့ အစိုးရတာဝန် နှစ်ခုရှိတဲ့အထဲမှာ ဆရာ့အနေနဲ့ ဘယ်ကဏ္ဍကို ပိုပြီးစိတ်ဝင်စားပါသလဲ?
ဖြေ။ ။ကျနော်က လွှတ်တော်ဘက်ကို ပိုပြီး စိတ်ဝင်စားတယ်၊စိတ်ထက်သန်တယ်။ လွှတ်တော်ရဲ့ လုပ်ငန်းကို သေသေချာချာလုပ်နိုင်ရင် အကျိုးဖြစ်ထွန်းမှု များစွာဖြစ်လာနိုင်တယ်။ ဒီမိုကရေစီစနစ်ကို ဦးတည်မယ်ဆိုရင် လွှတ်တော်က ကျစ်လစ်ခိုင်မာမှုရှိရမယ်၊ စွမ်းဆောင်ချက်အားကောင်းရမယ်၊ လွှတ်တော်က လျှော့ရဲနေမယ်၊ အာဏာရှင်ဆန်ဆန်လုပ်နေမယ်ဆိုရင် ဒီမိုကရေစီယန္တရား ဖြစ်မလာပဲ အာဏာရှင်စနစ် ဖြစ်သွားနိုင်တယ်။ ဘယ်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ဝန်ကြီးလိုင်းကို ပိုစိတ်ဝင်စားကြတယ်၊ အမှန်ပြောရရင် လခ များတယ်၊ အဆောင်ယောင်ကောင်းကောင်း နေရတယ်၊ ဝန်ကြီးဆိုတော့ လူထုက အထင်ကြီးတယ်၊ တလေးတစားပြုကြတယ်၊၊ လွှတ်တော်က ဘယ်ဝန်ကြီးကိုမဆို ကြီးကြပ်နိုင်ရင် ဒီမိုကရေစီစနစ်က ကျစ်လစ်လာမယ်။ ကျနော့်အမြင်က လွှတ်တော်ကို မြှင့်တင်ရမယ်၊ လွှတ်တော်က အတွေးအမြင်မြင့်နေရမယ်။ အစိုးရ ကဏ္ဍ အစိုးရအလုပ်က မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ဘူး၊ လုပ်ဆောင်မှု မှန်ကန်ရင် အင်မတန်ကောင်းပါတယ်။ ကျနော်က လွှတ်တော်ကို စိတ်ဝင်စားတယ် ဆိုပေမဲ့ တစ်ဖက်က လိုအပ်ရင် မလွဲမရှောင်သာ ထမ်းဆောင်ရမည်ဆိုရင်လည်း ထမ်းဆောင်သွားမှာပါ။ ဘယ်နေရာရောက်ရောက် မိမိတာဝန်ကျေပွန်အောင် ထမ်းဆောင်သွားမယ်၊ ဒါက ကျနော်ခံယူချက်ပါ။
မေး။ ။ မွန်အမျိုးသားနိုင်ငံရေး တိုးတက်ကောင်းမွန်ရေး၊ အမျိုးသားစည်းလုံးညီညွတ်မှု ကျစ်လစ်ခိုင်မာရေးနဲ့ စပ်လျှဉ်းပြီး ဆရာ့အမြင် ဘယ်လိုရှိပါသလဲ?
ဖြေ။ ။ ၂၀၁၅ ရွေးကောက်မှာ ကျနော်တို့ ဆုံးရှုံးမှုများစွာ ရင်ဆိုင်ခဲ့ရတယ်၊ မွန်လူထုလည်း စိတ်မသက်မသာဖြစ်ခဲ့ကြတယ်။ ဒါက စည်းလုံးညီညွတ်မှု မရှိခြင်းရဲ့ ရလာဒ်ပဲ။ များသောအားဖြင့် မွန်နိုင်ငံရေးသမားများ အချင်းချင်း ညီညွတ်မှု မရှိတာကြောင့် ဒီလိုဖြစ်လာရတယ်ဆိုတာ အဖြေမှန်ပဲ။
လာမည့် ၂၀၂၀ အတွက် ကျနော်တို့ပြင်ဆင်ရတော့မယ် ဆိုတာ အားလုံးသိလာကြပြီ။ သဘောတူညီမှုလည်း ရရှိခဲ့ပြီ။ တစ်ချို့က သူ့ကြောင့် ကိုယ့်ကြောင့် ဖြစ်ရတယ်ဆိုတဲ့ အမြင်လည်း ရှိနေဆဲပါ။ လက်ရှိမှာက ကျနော်တို့ အမြင်တူတဲ့ ခေါင်းဆောင်အချင်းချင်း၊ တစ်စုတစ်စည်းတည်း ဖြစ်ချင်တဲ့ ခေါင်းဆောင်တွေအချင်းချင်း တစ်လတစ်ကြိမ် ဆွေးနွေးနေကြပါတယ်။ နှစ်ပါတီ သုံးပါတီကို တစ်ပါတီထဲ ဖြစ်အောင် လုပ်တယ်ဆိုတာ အများအာဖြင့် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆထားသူတွေလည်း အများကြီးပါ။ တစ်ပါတီတည်း ဖြစ်အောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် အနာဂတ်ခရီးကို ဘယ်လိုဆက်လျှောက်မလဲ ဆိုတာကလည်း အဖြေညှိလို့မရသေးဘူး။ အခုဆိုရင် မွန်လူငယ်အဖွဲ့အစည်းမှာလည်း အရေးကြီးစရာ၊ စိုးရိမ်စရာတွေ ဖြစ်လာကြပြီ၊ မွန်အမျိုးသားအရေးကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ စည်းလုံးမှု မရှိတဲ့အတွက်ကြောင့် လူငယ်များပါ စည်းလုံးမှုပျက်ပြားသွားမှာကို ကျနော်တို့မလိုလားဘူး။ ဟိုပါတီ ဒီပါတီ အတွေး မတွေးကြပါနဲ့၊ စည်းလုံးမှုရှိအောင် တွေးကြပါ။ ပါတီများကလည်း တစ်ပါတီနဲ့ တစ်ပါတီ အပြစ် မပြောကြပါနဲ့၊ အတင်းပြော အပုပ်ချခြင်းကိုရှောင်ကြပါ။ ခေါင်းဆောင်များကလည်း ကိုယ့်ကိုယ်ကို ပြန်နားလည်ဖို့ အချိန်တန်ပါပြီ။ တရားသေကိုင်စွဲထားတဲ့ ကိုယ့်ပါတီမှ ကိုယ့်ပါတီဆိုတဲ့ သူတွေလည်း မိမိကိုယ်ကို မိမိပြန်သုံးသပ်ပါ။ ၂၀၁၇ ခုနှစ်ဟာ နောက်ဆုံးအချိန်လို့ သတ်မှတ်ပြီး ညီညွတ်မှုရှိအောင်၊ တစ်ဖွဲ့တစ်စည်းတည်းဖြစ်အောင် အားလုံး ဝိုင်းဝန်းကြပါ။ ကျနော်တို့လည်း ဆက်ကြိုစားမယ်၊ အတွေးကောင်း အမြင်ကောင်းရှိရင် မျှဝေပါ။ သဘောထားပြည့်ဝစွာနဲ့ ဝိုင်းဝန်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဆရာ ဘာများဖြည့်စွက် ပြောချင်ပါသလဲ?
ဖြေ။ ။ နိုင်ငံရေးဆိုတာ ဘယ်အခါမှ ပြီးမြောက် ပြည့်စုံတာမရှိဘူး။ ကျနော်တို့ ခေါင်းဆောင် ကျနော်တို့ ဆရာသမားတွေလည်း သူတို့ စွမ်းဆောင်နိုင်သလောက် ဆောင်ရွက်ခဲ့ပြီးပြီ။ အခုက ကျနော်တို့လက်ထက် ကျနော်တို့ခေတ်၊ ပြီးရင် အနာဂတ်ကာလဟာ လက်ရှိလူငယ်တွေရဲ့ ခေတ်အခါဖြစ်လာမယ်၊ ဒါကို ကျနော်တို့ အဆင့်အဆင့် လက်ဆင့်ကမ်းရဦးမယ်။ ရေရှည်အတွက် အာရုံစိုက်ပြီး သဘောထားပြည့်ပြည့်နဲ့ ဝိုင်းဝန်းကြပါ။ CSO,NGO, Media တွေကလည်း အမျိုးသားရေးအတွက် အကျိုးရှိရှိ ဝိုင်းဝန်း ဆောင်ရွက်ကြပါလို့ အကြံပြုပါရစေလို့ ပြောချင်ပါတယ်။