အဲဒီအသံတွေ တိုင်းရဲ့နောက်မှာ တူညီဝတ်စုံတွေ ဝတ်ထားကြတဲ့ လူတစ်စုကတန်းစီပြီး တူညီစွာနဲ့ ကိုတိုင်ပင်ကိုက် လှုပ်ရှားနေကြတယ်။ ဘေးပတ်ပတ်လည်မှာလည်း တူညီဝတ်စုံတွေဝတ်ထားတဲ့ လူတွေ လှုပ်ရှားတာတွေကိုပဲ သဘောကျပြီး သွားပေါ်အောင်ရယ်ကျဲကျဲ လုပ်နေသူတွေနဲ့ တီးတိုး တီးတိုး ပြောနေကြ သူတွေလည်း ရှိနေပါတယ်။
အသံပြိုင် အော်ဟစ်နေကြသူတွေကတော့ မတူပီမြို့နယ်က ရဲတပ်ဖွဲ့မှူးနဲ့ ရွေးကောက်ပွဲ လုံခြုံရေး အတွက် ခေါ်ယူထားတဲ့ အထူးရဲတွေ ပဲဖြစ်ပါတယ်။ သူတို့တွေ လေ့ကျင့်ခန်း စလုပ်နေတာ တစ်နာရီနီးပါးလောက် ကြာနေပါပြီ။
လေ့ကျင့်ခန်းလုပ်တာ ဘယ်လောက် ကြာမြင့်နေပြီးဆိုတာ သတိမထားမိသလို့ ရွေးကောက်ပွဲ ရဲသားအသစ်တွေ့ရဲ့ စိတ်အာရုံဟာ ရှေ့ကရဲမှူးရဲ့ အမိန့်သံကိုသာ နားစွန့်ပြီး ဘေးပတ်ဝန်းကျင်က စိတ်ဝင်တစား ကြည့်နေကြတဲ့ ဒေသခံပြည်သူတွေရယ်၊ ရယ်ကျဲကျဲလုပ်နေ သူတွေရယ်၊ တီးတိုး ပြောနေသူ တွေကိုပါ မေ့ထားပြီးမိမိရဲ့ လေ့ကျင့်ရေးတာဝန်ကို အပြည့်အဝ ထမ်းဆောင် နေကြပါတယ်။
ဒီလိုလေ့ကျင့်ရေးတွေ လုပ်နေတဲ့ကြားထဲမှာ အရပ်အမောင်း ထောင်ထောင် မောင်းမောင်း၊ အသားညိုညို နဲ့ ကိုယ်ခန္ဓာက သန်စွမ်းမယ်လို့ ယူဆရပေမယ့် အသက်အရွယ်ကြောင့် ချွေးတွေ တဒီးဒီးနဲ့ မောပန်း နေပုံပေါက်နေသူ တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။
အများကြားထဲက ထောင်ထောင်မောင်းဖြစ်နေတဲ့ သူ့ရဲ့ အသားအရည်က ညိုတုုိတုုိထက် ပုုိတဲ့နေလောင်ခံ ညိုမဲမဲ အရောင်ကုုိ ပုုိထွက်နေပါတယ်။ လေ့ကျင့်ခန်း လုုပ်ရင်းမောတာကြောင့် နှာခေါင်းနဲ့ အသက်ရှု ရတာကုုိ မဝလုုိ့ ပါးစပ်ကုုိဟပီး သူ့မှာ အသက်ရှုနေရတာကုုိ တွေ့ရပါတယ်။ သူကတော့ ချင်းပြည်နယ် မတူပီကနေ နှစ်ရက်လောက် ခရီးသွားရတဲ့ ကျေးရွာလေး တရွာက ကုုိဆလိုုင်း (အမည်လွှဲ) ပဲ ဖြစ်ပါတယ်။
ရပ်ကွက်အုုပ်ချူပ်ရေးမှူးကုုိ မလွန်ဆန်နုုိင်တာကြောင့် အုုပ်ချူပ်ရေးမှူးစေလွှတ်တဲ့ အထူးရဲတာဝန်ကုုိယူပီး လေ့ကျင့်ခန်းလာဆင်းနေသူ ကုုိဆလုုိင်းအတွက် ဒီလေ့ကျင့်ခန်းတွေကတော့ သူ့အတွက် အသစ်အဆန်း တွေပါ။
ပြီးခဲ့တဲ့ လပိုင်းတွေထဲက နိုင်ငံပိုင် သတင်းစာတွေထဲမှာ အထူးရဲတွေကို လျှောက်လွှာခေါ်ယူခဲ့ ပေမယ့် လည်း စိတ်ဝင်စားသူ အလွန်နည်းပါး ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အထူးရဲတစ်ယောက် ရဲ့ ခံစားခွင့်တွေ ၊အရည်အချင်းတွေ ၊အသက်အရွယ် ပိုင်းခြားထားမှုတွေကို သတ်မှတ်ထားပေမယ့် လည်း အမှန်တစ်ကယ် စိတ်ဝင်စားမှု အလွန်နည်းပါး တာကြောင့် ပြည်နယ်တွေ မှာ ပြည်သူ့ ရဲတပ် ဖွဲ့၊ မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်ကျေးတို့က ပူးပေါင်းပြီးတော့ တစ်ရွာကို တစ်ယောက်နှုန်း ခေါ်ယူ ခဲ့ခြင်း ကြောင့်ပါဝင်လာခြင်း ဖြစ်တယ်လုုိ့ ကုုိဆလုုိင်းက ပြောပြပါတယ်။
ကုုိဆလုုိင်းဟာ အသက်အရွယ်အရ အထူးရဲတာဝန် ထမ်းဆောင်ဖို့အတွက် ကျော်လွန်နေတဲ့ အသက် (၅၀) အရွယ် ဖြစ်နေပေမယ့် သူမှာ အကြောက်တရားတွေ ရှိနေတာကြောင့် သူကတော့ သူ့ကိုယ်သူ အသက်(၄၅)နှစ်လို့ပဲ ပြောလာပါတယ်။
သို့သော်လည်းပဲ သူနဲ့ထိတွေ့ ဆက်ဆံလိုက် ရင်တော့ သူဟာ အသက်(၄၅)ဆိုတာ မဖြစ်နိုင်ဘူးလို့ ဘယ်သူ မဆိုကတော့ ခန့်မှန်းမိကြမှာပါပဲ။
သူရဲ့ လက်မောင်းနဲ့ အသားအရေးတွေကလည်း ပျင်းတွဲတွဲ ဖြစ်နေပြီးတော့ မျက်နှာနဲ့ မျက်လုံး တွေမှာလည်း လူငယ်တစ်ယောက်ရဲ့ တက်ကြွမှုရှိတဲ့ အရိပ်အယောင်နဲ့ လျင်မြန်ဖျက်လတ်တဲ့ မျက်လုံးတွေကို မတွေ့ရတော့ပါဘူး။
“တောင်ယာခုတ်ပြီး ပြန်လာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးက ခေါ်တယ်။ ခင်ဗျား မတူပီမှာ အထူး ရဲသင်တန်းသွားတက်ရမယ်။ အားလုံးစီစဉ်ထားတယ်လို့ ပြောတယ်ဗျ။ ကျွန်တော်လည်း တော်တော်လေး ကြောင်နေတယ်။ အထူးရဲနဲ့ ကျွန်တော် ဘာဆိုင်တာမို့လို့လည်း ဒါပေမယ့်လည်း ကျွန်တော်တို့ဆီမှာက လူကြီးကခိုင်းတော့လည်း သွားရတာပေါ့။ လုပ်ဆိုရင် လုပ်လိုက်ရတာပဲ၊ သွားဆိုတော့လည်းသွားရတာပေါ့” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူကိုအထူးရဲ လုပ်ဖို့အတွက် စေလွှတ်ပုံက ကုုိဆလုုိင်းက မျက်စိပျက်၊ မျက်နှာပျက်နဲ့ ညီးတွားရင်း ပြောပြခဲ့ပါတယ်။
သူဟာဆိုရင် ငယ်စဉ်ကတည်းက တောင်ယာအလုပ်ကို ဘဝတစ်ခုလုံး လုပ်လာတာကြောင့် သူရဲ့ လက်တွေခြေတွေဟာ ဓါးကုုိင်ပေါက်တူးကုုိင်တဲ့ အရေးအကြောင်း ကြမ်းရှရှတွေဖြစ်နေတာကုုိ မြင်ရပါတယ်။
ကုုိဆလုုိင်းက သူ့ကိုယ်သူ အထူးရဲပဲဖြစ်ဖြစ်၊ ရိုးရိုးရဲပဲ ဖြစ်ဖြစ် ရဲလုပ်ငန်းက သူနဲ့ လုံးလုံးလေးမှ မသက်ဆိုင်ဘူးလို့ ယုံကြည်ထားတာကြောင့် အထူးရဲတစ်ယောက်လုပ်ဖို့ ပြောလာချိန်မှာ ကြောင်အမ်းအမ်းနဲ့ ငေးကြည့်ရတဲ့အပြင် အထူးရဲ ဖြစ်ဖို့ဆိုတာ အိမ်မက််တောင် မမက်ဖူးပါဘူး လို့လည်း ပြောပြပါတယ်။
“တကယ်တော့ ကျွန်တော်အတွက်က အထူးရဲလုပ်ဖို့ အိမ်မက်တောင် မမက်ဖူးပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ငယ်စဉ်ကထဲက အခုအချိန်ထိ ယူနီဖောင်းဝတ်စုံဆိုလို့ တောင်ယာခုတ်ရင်း ဝတ်ဆင် တဲ့ ဦးထုတ်နဲ့ ဟောင်းနွမ်းနေတဲ့ စစ်ဘောင်းဘီတစ် ထည်သာရှိပါတယ်”လို့ သူကိုယ်သူ အထူးရဲ ဖြစ်ရ တာကို အံ့သြတစ်ကြီး၊ ရယ်ကျဲကျဲနဲ့ ကောင်းကင်ကိုမော့ကြည့်ပြီး မျက်နှာမှာ စီးကျလာတဲ့ ချွေးတွေ ကိုလက်ဝါးနဲ့ သပ်ချလိုက်ပြီး ခံစားမှုများကို တစ်ခုချင်း ကုုိဆလိုင်းက ပြောပြနေခဲ့ပါတယ်။
မတူပီမြို့က အထူးရဲတွေအတွက် သင်တန်းတွေကို မတူပီမြို့နယ် ဘုံတလာခန်းမဆောင်မှာ သင်းတန်းပေးနေတာဖြစ်ပြီးတော့ သင်တန်းကာလကို အောက်တိုဘာလ (၂၀) ရက်ကနေ(၃၁) အထိသက်မှတ်ထားပါတယ်။ အဓိက သင်ကြားတာကတော့ စစ်ရေးပြ၊ ရဲကျင့်ဝတ်နဲ့ မဲရုံတွေမှာ လုပ်ဆောင်ရမယ့် တာဝန်တွေ ဖြစ်ပါတယ်။
“ကျွန်တော်တို့တောင် ကိုယ့်ကိုယ်ကို ဘာကောင်တွေလည်းဆိုတာ ကျွန်တော်ရွာကလူတွေက သိနေတာပဲလေ။ ကျွန်တော်က ဘာမှမဟုတ်တဲ့ တောင်ယာလုပ်ကိုင်နေတဲ့သူလေ။ အဲဒါကို အထူးရဲလုပ်ခိုင်းတော့ ရွေးကောက်ပွဲနေ့မှာ ကျွန်တော်ကို ဘယ်သူကလေးစားမှာလဲ။ ဘယ်သူက ကျွန်တော့်စကားကို နားထောင်မှာလဲ။ အခု ကျွန်တော်တို့က သူတို့ကိုပြန်ပြီးတော့ စေခိုင်း လုပ် ဆောင်ရမယ်။ လိုအပ်ရင်ရဲလုပ်ငန်းထဲက အာဏာတွေပါလာမယ်။ ဒါတွေကို သူတို့တွေ ကလေးစားပါ့မလား၊ ကျွန်တော်တို့ ထိန်းနိုင်ပါ့မလား” လို့ ကုုိဆလိုင်းက ရွေးကောက်ပွဲနေ့မှာ ကြံုတွေ့လာရမယ့်အကြောင်းတွေကို မျှော်ကြည့်ရင်း စိုးရိမ်စိတ်ပြင်းတဲ့ လေသံ၊ လုပ်နိုင်ပါမလား ဆိုတဲ့ သံသယတွေနဲ့ အဝေးကိုငေးကြည့်ရင် အသံမတိုးမကျယ်နဲ့ တစ်ယောက်ထဲ ညီးသလိုလို ပြောနေတာပါ။
သူ့မှာဇနီး မယားအပါအဝင် သားသမီး(၅)ယောက်နဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ထား ပြီးတော့ သူ့ ဘဝတစ်လျှောက်လုံးမှာ တောင်ယာ အလုပ်နဲ့ လုပ်ကိုင်ကျွေးမွေးခဲ့တာအပြင် အခုလို အပြင်ထွက် ပြီးအလုပ်လုပ်ကိုင်လေ့မရှိတာကြောင့် မိသားစုတွေကိုလည်း စိုးရိမ်မကင်းဖြစ်နေရင်ပြောရှာတယ်။
“လစာကရတော့ ရပါတယ်။ လစာထဲကနေ စားစရိတ် နုတ်တာတော့ ထားပါတော့ဗျာ။ ကိုယ်စား တဲ့ဟာကို နုတ်တာပဲလေ။ ဒါပေမယ့် သင်တန်းထောက်ကူပြုပစ္စည်းတွေကိုတော့ အလကားပေး သင့်ပါတယ်။ အခုတော့ဝယ်ရတယ်။ အဆိုးဆုံးက ခရီးစရိတ် ကိုယ်ဟာ ကိုယ်လာခဲ့ရတယ်။ တစ်ချို့ရွာတွေဆိုရင် နှစ်ရက်ကြာတယ်။ ဆိုင်ကယ်ကယ်ရီနဲ့လာရတယ်။ အဲဒီမှာတင် ကယ်ရီငှားခ (၅)သောင်းကျော်နေပြီ။ ဒီတော့ အထူးရဲတစ်ယောက်ရဲ့ တစ်လတာဝန်က နောက်ဆုံးလုပ်အား ပေးတစ်လနဲ့တူတူဖြစ်နေတယ်” လို့ ဦးဆလိုင်းက လစာရတယ်ဆိုသော်လည်း ပြန်ကုန်သွားမှာ ဖြစ်ပြီ လုပ်အားပေးသာသာ လုပ်ရတာကို စိတ်ပျက်လက်ပျက်နဲ့ နေပူကျဲထဲ မှာခြေညောင်း လက်ဆန့်လမ်းလျှောက်လိုက်ရင်းဆိုပါတယ်။
ရွေးကောက်ပွဲအတွက် အထူးရဲတွေမှာ လစာရတယ်လို့ဆိုသော်လည်းပဲ ပြန်ကုန်ကျမှာတွေက များပြားနေတာကြောင့် နောက်ဆုံး မှာတော့ အလကားသာသာ လုပ်ပေးရတဲ့ သဘောဖြစ်နေ ပါတယ်။ ဒါ့အပြင် သူတို့လုပ်နေကျ အလုပ်အကိုင်ဝင်ငွေတွေပါ မရတော့ဘဲ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။
“ကျွန်တော်ကဒီရောက်နေတော့ မိသားစုအတွက် စားဝတ်နေရေးမှ အဆင်ပြေပါ့မလားဆိုတာ ကတော့ ပူမိတာပေါ့ဗျာ။ ကျွန်တော်မိန်းမက စီးပွားရေးလည်း မလုပ်တတ််ဘူး။ လယ်လုပ်ငန်း လည်း မလုပ်တတ်််ဘူးလေ။ ကျွန်တော်ပြန်ရင်လည်း ပိုက်ဆံတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ပြန်ရမှာမှ မဟုတ်တာ။ အိမ်ကတောင် ကယ်ရီခပြန်တောင်းရင်တောင်းရမှာလေ” လို့လည်း ခပ်မာမာနဲ့ ခပ်ပြတ်ပြတ် ပြောလိုက်တယ်။
ရွေးကောက်ပွဲအတွက် လုံခြံုရေးပေးဖို့ရာ အထူးရဲတပ်သားသစ် တစ်ယောက်အတွက် ခံစားခွင့် တွေလည်း ရှိပါတယ်။ အဲဒါတွေက လစာငွေ တစ်သိန်းနှစ်သောင်း၊ ထမင်းဖိုးကိုတော့ တစ်နေ့ တစ်ထောင်သာ ပေးထားပြီး သင်တန်းကာလအတွင်းမှာ ထမင်းစားစရိတ်ကျပ် (၂၅၀၀) ကိုပြန် လည်နုတ်ယူထားခြင်း ဖြစ်ပါတယ်။
ဒါအပြင် အထူးရဲဝတ်စုံတစ်စုံပေးပြီး သင်တန်းကာလအတွင်းမှာ သင်ကြားပေးသော စာအုပ် (မိတ္တူ) တစ်အုပ်ကို ၁၂၀၀ ကျပ်နှင့်ထပ်မံဝယ်ယူရပြီးတော့ ဝေလံခေါင်သီတဲ့နေရာတွေက လာရသူ တွေ အတွက်တော့ လမ်းစရိတ်ပါ အရှုံးပေါ်နေတာတွေ လည်းရှိနေပါတယ်။
“ကျွန်တော်တို့ကအခု အောက်တိုဘာ(၁၅)ရက်နေ့ထဲက စပြီး အထူးရဲတစ်ဦး ဖြစ်သွားပြီပေါ့။ ဆရာတွေက ပြောတာတော့ မြန် မာနိုင်ငံရဲတပ်ဖွဲ့ရဲအက်ဥပဒေ ၂၇/၂၈ /၂၉/၃၀ ပါတဲ့ နည်းလမ်း တွေ အဆင့်ဆင့်နဲ့ရွေးချယ်ခဲ့တာလို့တော့ပြောတယ်။ မဲပေးတဲ့နေမှာ မဲရုံနဲ့ ကိုက် (၅၀၀) အ တွင်းမှာ လုံခြုံရေးယူရမယ် အကြောင်းမရှိပဲ မဲရုံထဲကို မဝင်ရဘူးဗျ၊ မဲရုံမှုးတွေက လိုအပ်ရင်တော့ သွားရမှာ ပေါ့နော်” ဟု ကုုိဆလိုင်းမှ ရွေးကောက်ပွဲနေ့မှာ သူလုပ်ဆောင်ရမယ့် တာဝန်တွေကို ပြောပါတယ်။
တစ်ကယ်တော့ မြန်မာနိုင်ငံမှာ ပြည်သူ့ရဲတပ်ဖွဲ့ဆိုတာကို လူတွေက စိတ်ဝင်စားမှုအလွန်နည်းပါး နေကြပါတယ်။ တဘက်မှာလည်း ပြည်သူ့အချစ်ကို ရဲသားတွေမရတာက တစ်ကြောင်းပေါ့လေ။ အထူးသဖြင့် ပြည်နယ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားတွေက မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း အဆင့်ဆင့် ရဲတပ်သား သစ်တွေကိုစုဆောင်းပေးရပါတယ်။ ဒါပေမယ့် ရရှိလာတဲ့ တပ်သားသစ် တွေကိုတော့ ချင်းပြည်နယ်မှာ ပြန်လည်တာဝန်ပေးအပ်တာမရှိခဲ့ဘဲ တစ်ခြားဒေသတွေမှာသာ တာဝန် ချပေးထားတာပါ။
တစ်ကယ်တော့ မတူပီမြို့ဆိုတာ ချင်းပြည်နယ်တွေထဲက မြို့တွေထဲမှာ ဆက်သွယ်ရေး နောက် အကျဆုံး မြို့တစ်မြို့ဆိုလည်း မမှားပါဘူး။ GSM မရဘူး၊ တယ်လီနော်မရဘူး၊ မိတစ်ချက် မမိတစ်ချက် MEC ဖုန်းလိုင်းတွေကိုသာ အားကိုးနေရတဲ့ ဒီမြို့လေးမှာ တာဝန်ထမ်းဆောင်မယ့် အထူးရဲလုံခြုံရေးတွေအတွက် ဆက်သွယ်ရေးက တစ်ကယ်ကို အရေးကြီးလှပါတယ်။
“ဒီမှာက ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲလေ၊ ဆက်သွယ်ရေးက မကောင်းဘူးဗျ၊ သူတို့ပြော တာတော့ စက်တွေကို အဓိကထားပြီး အသုံးပြုမယ်လို့ပြောတယ်၊ လုံခြုံရေးအတွက် တစ်နေရာ ကနေတစ်နေရာ သွားလာရခက်ခဲနေတာတွေကိုတော့ ဆိုင်ကယ်နဲ့ပဲသွားဖို့စီစဉ်ထားတာလော လောဆယ်ပေါ့၊ ကျွန်တော်တို့နဲ့အတူတူ အရံမီးသတ်တပ်ဖွဲ့တွေလည်းပါမယ်ပြောတာပဲ”လို့ ကုုိဆလိုင်းက ရွေးကောက်ပွဲနေ့မှာ လုံးခြုံရေးဆောင်ရွက်ရမယ့် ပုံစံကို မျက်မှောင်လေးကျံု့ပြီး မလုပ်ဖူး မကိုင်ဖူးတာကို လုပ်ရမှာတွေကို စိတ်လှုပ်ရှားမှုနဲ့ပြောပြခဲ့ရှာတယ်။
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ရွေးကောက်ပွဲအတွက် လုံခြုံရေး တာဝန်ထမ်းဆောင်နိုင်ရန် အထူးရဲ လေးသောင်းကျော်ကို ခန့်အပ်တာဝန်ပေးထားပြီးတော့ ချင်းပြည်နယ်တစ်ခုလုံးမှာတော့ အထူးရဲ (၁၀၃၁) ဦးကိုတာဝန်ပေးထား ပြီးဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ အထူးရဲအနေနဲ့ ရွေးကောက်ပွဲမှာ လုံခြုံရေးပေးဖို့အတွက် ဦးဆလိုင်းလို လူမျိုး ဘယ်လောက်ပါမလဲဆိုတာကတော့ သိနိုင်ဖို့တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမယ့်လို့ မတူပီမြို့မှာတော့ ရွေးကောက်ပွဲမှာ မဲပေးဖို့ မဲရုံ (၁၁၉)ရုံရှိနေပြီးတော့ အထူးရဲကလည်း တစ်ရုံကို တစ်ယောက်နှုန်းနဲ့ (၁၁၉)ယောက်ထားမယ်ဆိုတာကတော့ သေချာနေပါပြီ။
ကုုိဆလုုိင်းအနေနဲ့တော့ ဒီအလုုပ်ပီးရင် သူ့မူရင်း တောင်ယာအလုုပ်ကုုိ ပြန်လုုပ်နုုိင်လိမ့်မယ်လုုိ့ မျှော်လင့်ထားတယ်လုုိ့ ဆုုိပါတယ်။
“ဘာပဲပြောပြောဗျာ ဒီအလုပ်ကိုတော့ မလုပ်ချင်ပါဘူး။ မတတ်သာ လို့သာ လုပ်နေရတာ။ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူးလေ” လို့ သူ့စကားစကုုိ ဖြတ်လုုိက်ပြီး အထူးရဲ သင်တန်းလေ့ကျင့်ခန်းဆီကုုိ ပြန်လျှောက် သွားပါတော့တယ်။