မန်တုံမြို့နယ်ရှိ မဲရုံနှစ်ရုံ လုံခြံုရေး အခြေအနေအရ ပိတ်သိမ်းလိုက်ပြီဖြစ်

မန်တုံမြို့နယ်ရှိ မဲရုံနှစ်ရုံ လုံခြံုရေး အခြေအနေအရ ပိတ်သိမ်းလိုက်ပြီဖြစ်
by -
ဆုုိင်းကောင်းဆိုင်
ဆုုိင်းကောင်းဆိုင် — ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော မန်တုံမြို့နယ်ရှိ ကျေးရွာအုပ်စု ၂အုပ်စုတွင် လုံခြံုရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ရပ်/ကျေး မြို့နယ်ကော်မရှင်မှ တင်ပြလာသည့် အတွက် မဲရုံ ၂ရုံ ပိတ်သိမ်းလိုက်ကြောင်း ရှမ်း/မြောက်ရွေးကောက်ပွဲကော်မရှင် တာဝန်ခံအရာရှိ ဦးနှစ်ဆန်းဦးထံမှ သိရသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် အဆင်မပြေသည့် ကျေးရွာအုပ်စု ၂အုပ်စုမှာ ဆိုက်ခေါင်နှင့် ဟောင်းကန် ကျေးရွာအုပ်စုဖြစ်ပြီး ထိုဒေသ၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် အစိုးရတပ်မတော်တို့ အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်အတွက် ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း အောက်တိုဘာ ၂၇ရက် ရက်စွဲဖြင့် လာရှိုးကော်မရှင်မှ ထုတ်ပြန်ကြေညာလိုက်ကြောင်း ဦးနှစ်ဆန်းဦးထံမှ သိရပါသည်။

ဦးနှစ်ဆန်းဦးက "အဲဒီဒေသမှာ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေအတွက် လုံခြံုရေးအခြေအနေက စိတ် မချရလို့ မဲရုံကို ပိတ်လိုက်တာပါ။ အဲဒီမှာရှိတဲ့ဒေသခံတွေက မဲမပေးရတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေအတွက် တော့ မဲတွေက အလကားဖြစ်သွားတာပေ့ါ" ဟု ပြောသည်။

မန်တုံမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီ (USDP) တို့သည် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၊ ၂၊ လီဆူအမျိုးသား ဖွ့ံဖြိုးတိုးတက်ရေး ပါတီ(LDU)သည် မဲဆန္ဒနယ်မြေ(၁)တွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး TNP နှင့် USDPပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များသည် တအာင်းလူမျိုးများသာဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒုတိယအကြိမ်ကြေညာလိုက်သော အခြေခံမဲဆန္ဒရှင်စာရင်းတွင် မဲပေးနိုင်သူ ဦးရေ ၁၃သိန်းရှိပြီး တပ်မတော်မှ မဲရုံ ၅၆၇ ရုံအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မဲရုံလုံခြံုရေး ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဦးနှစ်ဆန်းဦးကဆိုသည်။

TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနမှူး တားအိုက်ကျော်က "တိုက်ပွဲဖြစ်တာက နေရာတကာဖြစ်နေတာ အဲဒီ နေရာမှာပဲ ကွက်ပြီးဖြစ်နေတာမဟုတ်ဘူး။ TNLA အနေနဲ့တော့ မဲရုံမဖွင့်ရဘူးဆိုပြီး ဝင်ရောက်နှောင့်ယှက်တာတို့ တားမြစ်တာတို့ မရှိပါဘူး။ ကော်မရှင်ဘက်က သူတို့သဘောနဲ့သူတို့ မဖွင့်တာပါ" ဟု ၎င်းက ပြောပါသည်။

မန်တုံမြို့၌ CDMA ဖုန်းလိုင်းနှင့် GSM ဖုန်းလိုင်းများသည် စက်တင်ဘာလဆန်းပိုင်းမှစ၍  အောက်တို ဘာ ၂၉ရက်ထိပြတ်တောက်နေသည့်အတွက် ဒေသခံများနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် များအတွက် အခက်အခဲကြံုတွေ့နေရကြောင်း သိရသည်။

မန်တုံဒေသခံတစ်ဦးက "ဒီဒေသတွေမှာ အစိုးရတပ်နဲ့ တအာင်းတပ်တွေက မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ အတွက် ဒေသခံတွေက မဲမပေးဖြစ်မှာကို စိုးရိမ်နေကြတယ် ပြီးတော့ ခုဆိုလဲ ဖုန်းလိုင်းကလည်း ၁လကျော် ပြတ် တောက််နေတော့ တစ်ခြားရွာမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိရဘူးလေ" ဟု ၎င်းကပြောသည်။

အစိုးရတပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့သည် ၂ဝ၁၅ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ယခုချိန်ထိ တိုက်ပွဲပေါင်း ၃ဝဝ ကျော်ဖြစ်ပွားခဲ့ကာ တိုက်ပွဲအဖြစ်များဆုံးမြို့နယ်များမှာ မန်တုံ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ခမ်းတို့ဖြစ်ပြီး နမ့်ဆန်၊ မူဆယ်၊ နမ္မတူ၊ မိုးမိတ်၊ လားရှိုး၊ သိန်းနီနှင့်မိုးကုတ်မြို့နယ်တွင်လည်း မကြာ ခဏ တိုက်ပွဲဖြစ်ပွားနေကြောင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိသည်ဟု သိရသည်။

Most read this week

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...