နိုင်ငံရေးပါတီတစ်ပါတီက ဘာသာရေးကို အခြေခံပြီး မဲဆန္ဒရှင်တွေကို လိုက်လံစည်းရုံးနေတာမှာ ဘာသာရေးဆိုတာ ကိုးကွယ်သူတစ်ဦးချင်းရဲ့ ယုံကြည်မှုပဲ။ နို်င်ငံရေးဆိုတာက နိုင်ငံသားအားလုံးရဲ့ ကိုယ်စားပြုတယ်ဆိုတာနဲ့ ဆုံးဖြတ်ရမယ်။ ဒါကြောင့်မို့ ကျနော်က နိုင်ငံရေးအတွက် ဘာသာရေးကို အသုံးချတာ လက်မခံပါဘူး။ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ဘယ်လို အစိုးရမျိုးဖြစ်လာနိုင်မလဲဆိုတာကတော့ ရွေးကောက်ပွဲရဲ့ ရလဒ်ကိုကြည့်ပြီး သိရလိမ့်မယ်။ ခုအခြေအနေမှာတော့ ကြိုတင်ခန့်မှန်းလို့ ခက်ပါတယ်။
အလားတူ အောက်တိုဘာ ၁၅ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်တွေ အစိုးရနဲ့ လက်မှတ်ရေးထိုးကြတယ်။ တိုင်းရင်းသား အားလုံး မပါဝင်ကြတာ တွေ့ရတယ်။ ကျနော်တို့က အားလုံးပါဝင်နိုင်မယ့် အပစ်ရပ်စဲရေး သဘောတူစာချုပ်ဖြစ်ဖို့ အတွက် တောက်လျှောက် ရပ်တည်ခဲ့တယ်။ ကြိုးလည်း ကြိုးစားခဲ့တယ်။ အခုအခြေနေမှာ အားလုံးမပါ၀င်ဘူးဆိုတော့ ရှင်းသွားပြီး။ အခု ဒီအပစ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့ အသိသက်သေအဖြစ်နဲ့ ဖိတ်ကြားတဲ့အခါမှာ အစိုးရဘက်ကရော လက်မှတ် ရေးထိုးကြမယ့် တိုင်းရင်းသားအဖွဲ့အစည်းတွေကပါ ပူးတွဲပြီးတော့ အသိသက်သေဖိတ်ကြားမယ့်သူတွေ ကို ဆွေးနွေးဆုံးဖြတ် တယ်။ ဖိတ်ကြားတယ်။ ဖိတ်လျက်သားနဲ့ မတက်ပြန်ရင်လည်း လက်မှတ်ရေးထိုးမယ့်အဖွဲ့တွေကို သဘောမတူဘူးလို့ သဘောသက်ရောက်တယ်။ တစ်ဘက်ကလည်း အားလုံးပါ၀င်တဲ့ သဘောတူစာချုပ် ဖြစ်စေချင်တယ်။ ၈၈ မျိုးဆက်ရဲ့ ဆုံးဖြတ်ချက်က ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်းအဖြစ် အပစ်ရပ်စဲရေးစာချုပ် ချုပ်ဆိုတာကို ကြိုဆိုတယ်။ အသိသက်သေအဖြစ်နဲ့ လက်မှတ်ထိုးတယ်။ သို့သော် အားလုံးပါဝင်တဲ့ ဖြစ်စဉ်ပေါ်ပေါက်ရေး ဆက်လက်ကြိုးစားသွားမယ်။ လက်မှတ်မထိုးတဲ့သူတွေကို ထိုးစစ်ဆင်တာတို့၊ ပြစ်တင်ရှုတ်ချတာတို့ မလုပ်ဖို့လည်း ကျနော်တို့ တိုက်တွန်းသွားမယ်။ အားလုံး ပါ၀င်နိုင်မယ့်အခါကျရင် မင်းကိုနိုင်ပါ ပါဝင်လက်မှတ်ရေးထိုးမယ်။
လက်မှတ်ရေးထိုးနိုင်တဲ့ တိုင်းရင်းသားအဖွဲ့တွေကိုပဲ မတရားအသင်းအဖွဲ့ ပုဒ်မ ၁၇/၁ ကို အစိုးရက ဖယ်ပေးလိုက်တဲ့အပေါ် အပစ်ရပ်စဲရေးထိုးတဲ့သူတွေကို ဆုလဒ်တွေပေးမယ်။ မထိုးတဲ့သူတွေကို တိုက်ခိုက်မယ်၊ ပြစ်တင်မယ်ဆိုရင် အားလုံးပါဝင်တဲ့ ဖြစ်စဉ်က ပိုပြီးတော့ ဝေးသွားမယ်။ ဒီပုဒ်မ ၁၇/၁ မပယ်ဖျက်တုန်းကလည်း အဖွဲ့အစည်းတွေအားလုံး ရန်ကုန်ကို လာတယ်။ သတင်းစာရှင်းလင်းပွဲတွေ လုပ်တယ်။ ဆွေးနွေးပွဲတွေ လုပ်နေတာပဲ။ အဲဒီအခြေအနေတွေ ထိခိုက်သွားမှာကိုတော့ မလို လားဘူး။ မထိုးနိုင်သေးတဲ့ အခြားအဖွဲ့အစည်းတွေရဲ့ အခက်ခဲတွေကိုလည်း ကျနော်တို့က နားလည်ပေးရမယ်။ ဒီဘက်မှာ ပုဒ်မ ၁၇/၁ မရှိတဲ့အတွက် သီးခြားဆုလဒ်လို သဘောမျိုးဖြစ်ပြီးတော့ ဟိုဘက်မှာက ပုဒ်မ ၁၇/၁ နဲ့ ဆက်ပြီးအရေးယူနိုင်သေးတယ် ဆိုတဲ့ အခြေအနေမျိုးနဲ့စာရင် အခုလက်ရှိ အခြေအနေအတိုင်း ကေအိုင်အေအဖွဲ့တွေ လာတယ်၊ တအာင်း-ပလောင်အဖွဲ့တွေ ကျနော်တို့နဲ့ လာတွေ့တယ်။ ဥပဒေဆိုတာက ဥပဒေကျင့်သုံးခွင့်ရှိတဲ့သူက ကျင့်သုံးတာပဲ။ နိုင်ငံရေးအရ အမြင်ကျယ်ကျယ်နဲ့ သဘောထားကြီးကြီးနဲ့ စဉ်းစားရင် အချို့အရာတွေက ဥပဒေအတိုင်း ဆောင်ရွက်လို့ နိုင်ငံရေးအရ ရှေ့မတိုးတော့ဘူး။ ဒါကြောင့် ကျနော်တို့က ကေအိုင်အေ အပါအဝင် အခြားမထိုးနိုင်သေးတဲ့ပုဂ္ဂိုလ်များ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့၊ မီဒီယာတွေနဲ့ တွေ့ဆုံ တာတွေနဲ့ပတ်သက်လို့ အန္တရာယ်မပေးဖို့၊ မခြိမ်းခြောက်ဖို့တွေကို ကျနော်တို့ တိုက်တွန်းချင်တယ်။
အဓိကတော့ ပြည်ထောင်စုစိတ်ဓါတ်ပေါ့။ ကျနော်တို့ဟာ သီးခြားစီ ဘယ်လိုမှ မရပ်တည်နိုင်ကြဘူး။ ဒါကြောင့် ဘယ်လို စုစည်းကြမလဲ။ တစ်ယောက်အခွင့်အရေးကို ဘယ်လိုအာမခံကြမလဲ။ တစ်ယောက်ထိရင် မျှဝေခံစားဖို့ အဲလိုစိတ်ဓါတ်တွေ ကျနော်တို့ တိုင်းရင်းသားတွေ ရှိစေချင်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေဟာ စစ်ဘေးစစ်ဒဏ်၊ ဆင်းရဲနွမ်းပါးမှု ဒဏ်၊ ပညာရေးချို့တဲ့မှု၊ လမ်းပန်းဆက်သွယ်ရေးဒဏ်တွေ အများကြီး ခံခဲ့ရတယ်။ အဲဒီတိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး ကျနော် တို့ပြည်မက ဗမာလူမျိုးတွေလည်း ဒီထက်ပိုပြီးသိအောင် နားလည်အောင် ခံစားနိုင်အောင် ကြိုးစားသင့်တယ်။ နောက် တိုင်းရင်း သားတွေအနေနဲ့ကလည်း ဒီလိုဖြစ်နေတာက မှားယွင်းတဲ့ နိုင်ငံရေးစနစ်ကြောင့်ဖြစ်တာ။ ဗမာတွေက လာကျူးလွန်နေတာ မဟုတ်ဘူး။ လူမျိုးရေးပုံစံလို မမြင်ဘဲနဲ့ နိုင်ငံရေးစနစ်ကြောင့် မှားယွင်းတာကို ပြောင်းပစ်မယ်ဆိုတဲ့ အနိုင်ယူချင်စိတ်မျိုးနဲ့ ၀ိုင်း ဝန်းကြိုးစားကြပါလို့ ကျနော်တို့ တိုက်တွန်းချင်တယ်။
ကျနော်တို့က အပစ်ခတ်ရပ်စဲရေးကိုတော့ ဖြစ်စေချင်တာ ဘာကြောင့်လဲဆိုတော့ အပစ်ရပ်စဲရေး ခိုင်မာသွားရင် အကျိုးခံစား ရမယ့်သူက စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ ပြည်သူတွေပါပဲ။ ကျနော် တခါတလေ စိတ်မကောင်း ဖြစ်မိတယ်။ ပြည်တွင်းစစ်နဲ့ ပတ်သက်ရင် ကျနော်တို့ဗမာတွေက ပေါ့သလိုများ ဖြစ်နေမလား၊ မလေးနက်သလိုများ ဖြစ်နေမလား။ ကျနော်တို့က စိုးရိမ်တယ်။ ကိုယ့်လက်ပေါ်မှာ ကျနေတဲ့မီးမှ ပူတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ နိုင်ငံသားစိတ်ဓါတ်မွေးပြီးဆိုရင် ကိုယ့်နိုင်ငံ ဘယ်နေရာဘယ်ဒေသကပဲဖြစ်ဖြစ် နိုင်ငံသားတစ်ယောက် ဒုက္ခရောက်နေတယ်ဆိုရင် ကိုယ်ဒုက္ခရောက်သလိုမျိုး ခံစားစေချင် တယ်။ အပစ်ခတ်ရပ်စဲရေးက ကောင်းပေမယ့် အရင့်အရင်က အပစ်ရပ်စဲရေးလိုမျိုး စာချုပ်ချုပ်လိုက်၊ ပြန်ပစ်လိုက်ဆိုတာမျိုး မဖြစ်အောင် ခိုင်မာတဲ့ ချည်နှောင်မှု အာမခံမှုတွေရှိဖို့ လိုတယ်။ နောက်တစ်ခုက ပြည်တွင်းစစ်ဟာ နိုင်ငံရေးကြောင့်ဖြစ်တယ်။ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်တဲ့ နိုင်ငံရေးသဘောတူညီချက် မရသေးဘဲနဲ့ လက်နက်စွန့်ခိုင်းတဲ့ကိစ္စမျိုးတော့ ကျနော်တို့က လက်မခံဘူး။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးမှုတွေကို အာမခံချက်ရှိရှိ ဆက်လုပ်ပါ။ အဲဒီအတောတွင်းမှာ အပစ်ခတ်ရပ်ပါ။ လူတွေ စိုးရိမ်ထိတ်လန့်နေရတဲ့ဘဝက လွတ်မြောက်အောင် ဝိုင်းဝန်းကြိုးစားပေးကြပါလို့ ကျနော်တိုက်တွန်းချင်ပါတယ်။