ဦးရောဘတ်ညေးရယ်က ကယားလူမျိူးစုု ဒီမုုိကရေစီပါတီကနေ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) မှာ ဝင်ပြိုင်မှာဖြစ်ပါတယ်။
မေး။ ။ ဆရာရှားတောဘက်မှာ ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်လေး ပြောပြပါအုံး။
ဖြေ။ ။ ရည်ရွယ်ချက်ကတော့ ကျွန်တော်နေခဲ့တဲ့နေရာတွေကြောင့်ပေါ့နော ကိုယ်လူမျိုး ကိုယ့်ဒေသ ရဲ့ အခက်ခဲတွေကို ကျွန်တော်ပြန်တွေ့ရတော့ အဲဒီဟာတွေကို ပြန်လုပ်ပေးချင်တယ် အခွင့်အရေး ရှိခဲ့ရင် ကျွန်တော် သူတို့နဲ့ လက်တွဲမယ် သူတို့ အခက်ခဲတွေကြားမှာ သူတို့နဲ့အတူ လုပ်ဆောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ကိုယ့်ဒေသရဲ့ ပညာရေး၊ စီးပွားရေး၊ လမ်းပမ်းဆက်သွယ်ရေးကအစ ကျွန်တော်လုပ်ပေးနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။
မေး။ ။ ဆရာခု စည်းရုံးရေးတော်တော်လေးဆင်းပြီးသွားပြီလား
ဖြေ။ ။ ဟုတ် တော်တော်လေး ဆင်းပြီးပါပြီ။
မေး။ ။ ဆရာ့ မဲဆန္ဒနယ်မှာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဝင်ပြိုင်ရမှာဆိုတော့ ဘယ်လိုမျိုး စိန်ခေါ်မှုတွေ တွေ့ရပါသလဲ
ပြည်ထောင်စုဝန်ကြီးတွေ လာပြိုင်တဲ့ခါကြတော့ သူတို့က ပြည်သူလူထုတွေကို ထောက်ပံ့ပေးနိုင်တယ်ဆိုတော့ စည်းရုံးရေးပိုင်းမှာ သူတို့အားသာတယ်ပေါ့။
ကျွန်တော်တို့က သူ့လောက်မလုပ်နိုင်ပေမဲ့ ကျွန်တော်တို့ပြည်သူလူထုတွေ သဘောပေါက်နားလည်အောင် အတတ်နိုင်ဆုံး ကိုယ့်ရဲ့ လမ်းစဉ် ကိုယ့်ရဲ ရည်မှန်းချက် ဦးတည်ချက်အတိုင်း သဘောပေါက် နားလည်အောင် ရှင်းပြပါတယ် အဓိက ကတော့ ကျွန်တော်တို့ ကိုယ့်မျိုး ကိုယ့်ပြည်နယ် တိုင်းရင်းသားတွေ ဒီရွေးကောက်ပွဲမှာ အခွင့်ရခဲ့ရင် အစိုးရမှာ ပါဝင်နိုင်ဖို့ ရှင်းပြသွားတယ်ပေါ့နော။
မေး။ ။ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ယှဉ်ပြိုင်ရတော့ ဆရာ့အနေနဲ့ ကိုယ့်ကိုကို ယုံကြည်မှု ရှိပါသလား။
ဖြေ။ ။ ကျွန်တော် အနေနဲ့ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါတယ် ဒါပေမဲ့ ယှဉ်ပြိုင်ခြင်း ဆိုတာကတော့့ ကိုယ့်ဘက်မှာလည်း ပါဝင်ရမယ်လေ။ နိုင်/မနိုင်ဆိုတာက နောက်မှ ထားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
မေး။ ။ ဆရာ့ အနေနဲ့ အောင်နိုင်ခဲ့မယ်ဆိုရင် အဲ့ဒီ မဲဆန္ဒနယ်တွေအတွက် လွှတ်တော်ထဲမှာ ပထမဆုံး ဘယ်လိုမျိုး အဆိုတင်တွင်းဖို့ စဉ်းစားထားလဲ
ဖြေ။ ။ ပထမဆုံး ကျွန်တော်အောင်ခဲ့ရင် ပြည်သူလူတွေဆီသွားပြီးတော့ သူတို့ဆန္ဒကို ရယူမှာပါ။ သူတို့စိတ်ထဲကနေ ထွက်ပေါ်လာတဲ့ အသံတွေကို လွှတ်တော်ထဲမှာ ကျွန်တော် အစုံတင်သွင်းပေးမှာပါ။
မေး။ ။ ရှားတောဘက်မှာ ပြည်သူတွေက ဘယ်လိုမျိုး အခက်ခဲ အများဆုံး တွေ့ရပါသလဲ
ဖြေ။ ။ အဓိက အခက်ခဲကတော့ လမ်းပမ်းဆက်သွယ်ရေး၊ စီးပွားရေးပေါ့နော ပညာရေးကတော့ အထက်တန်းဆက်တက်နိုင်ဖို့ အခက်ခဲတွေ တွေ့ရတယ်ပေါ့နော။
မေး။ ။ ဆရာဘာဖြည့်စွက်ပြီး ပြောချင်ပါသေးလဲ
ဖြေ။ ။ အထူးသဖြင့် ကျွန်တော်တို့အရပ်ဒေသမှာ တိုင်းရင်းသားလူမျိုးတွေကို ၂၀၁၆ ဖွဲ့စည်းမယ့် အစိုးရလက်ထက်မှာ ကျွန်တော်တို့ တိုင်းရင်းသား ပါတီအဘက်ဘက်ကနေ များများပါဝင်နိုင်ဖို့ အောင်နိုင်ဖို့ ဒါမှ ကျွန်တော်တို့ရဲ့ ပြည်နယ် ဒေသကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတယ်။
ဘာပဲဖြစ်ဖြစ် ပြည်သူလူထုတွေ တိုင်းရင်းသားဝန်ကြီးတွေ လာပြိုင်ပေမယ့် ကိုယ့်ပြည်နယ်မှာ ပြိုင်တဲ့ ကိုယ့်ရဲ့ တိုင်းရင်းသားပါတီလေးတွေကို အားပေးဖို့ ပြည်သူတွေကိုတော့ တိုက်တွန်းချင်ပါတယ်။
အမည် -ဦးရောဘတ်ညေးရယ်
အသက် -၄၃
အလုပ်အကိုင် - စိုက်ပျိုးရေး
ပညာအရည်အချင်း - B.A (History)
ကယားလူမျိုးစု ဒီမိုကရေစီပါတီ