ထိုသို့ ချီတက်အင်အားပြခဲ့ခြင်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ ဂွ-သံတွဲ-တောင်ကုတ် မြို့နယ် ၃ ခုကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးတင်ညှိကို နိရဥ္စရာ က ဆက်သွယ်မေးမြန်းရာ အင်အားပြချီတက်ပွဲ ပြုလုပ်ရခြင်းကို ယခုလို စတင်ပြောကြားသည်။
“ဟုတ်ကဲ့ပါခင်ဗျား။ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက အောင်နိုင်ရေးအတွက် ကျွန်တော်တို့ ပါတီကို လိုလားတဲ့ ပုဂ္ဂိုလ်တွေရယ်၊ ကျေးရွာသူ ကျေးရွားသားတွေရယ်၊ ပါတီဝင်တွေရယ်၊ တောင်ကုတ်မြို့ပေါ် ကားအစီး ၁ဝဝ လောက်နဲ့ လှည့်လည်ပြီးတော့ ပြည်သူတွေဆီက မေတ္တာကို ရယူပြီးတော့ ရခိုင်အမျိုးသားပါတီကို ထောက်ခံကြဖို့ အခုလှည့်လည်ပြီး လှုံ့ဆော်နေပါတယ် ခင်ဗျား”
မေး- ဟုတ်ကဲ့၊ လူပေါင်းက ဘယ်လောက် ပူးပေါင်းပါဝင်ပါသလဲ။
ဖြေ- လူပေါင်း ၃ဝဝဝ ကျော်လောက်တော့ ရှိပါမယ် ခင်ဗျား။
မေး- အဲသလို အင်အားပြ ချီတက်တာကို တောင်ကုတ်မြို့မှာ ဘာကြောင့် အခုမှ လုပ်ရတာပါလဲ။
ဖြေ- ဒီရခိုင်မြေပေါ်မှာ ရခိုင် အမျိုးသားတီဆိုတာကတော့ အောင်နိုင်ရမယ့် ပါတီ တစ်ခု ဖြစ်ရမယ်။ ဒါကြောင့် ရခိုင်အမျိုးသားတွေအနေနဲ့ ကိုယ့်အမျိုးသားပါတီကို အားပေးဖို့အတွက်၊ ကိုယ့်ရခိုင် မြေပေါ်မှာ ရခိုင်ပါတီ အောင်နိုင်ရေးအတွက်အခုလို လှည့်လည်ပြီးတော့ အင်အားပြ လှုံ့ဆော်ရတာ ဖြစ်ပါတယ်။
မေး-ဟုတ်ကဲ့။ မနေ့ကပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် တောင်ကုတ်ကို လာသွားတယ်။ ဒီနေ့မှာ တစ်ခါ ရခိုင်အမျိုးသား ပါတီက အင်အားပြတယ်ဆိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အားပြိုင်တဲ့ သဘောမျိုးဖြစ်မနေဘူးလား။
ဖြေ-အဲသလိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရခိုင်အမျိုးသားတွေ အနေနဲ့ ငါတို့ အမျိုးသီလ နှစ်ဌာကို စောင့်ရှောက်တဲ့ ရခိုင်အမျိုးသားတွေပါ။ ဆိုပြီးတော့ ရခိုင်အမျိုးသားတွေ အနေနဲ့ ကိုယ့်အမျိုးသား အကျိုးစီးပွားကို စောင့်ရှောက်နိုင်ဖို့၊ အားလုံး စည်းရုံးဝိုင်းဝန်း ပါဝင်ဆောင်ရွက်ကြဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။
မေး-တောင်ကုတ်လူထုကကော ထောက်ခံတဲ့ အနေအထားကကော ဘယ်လို ရှိပါသလဲ။
ဖြေ-ရှိပါတယ်။ ရှိပါတယ်။ တောင်ကုတ်မြို့ သမိုင်းမှာ ဒီလောက်အင်အားနဲ့ ဒီလောက်များပြားတဲ့ လှုံ့ဆော်မှုမျိုး အရင်က တစ်ကြိမ်တစ်ခါမှ မရှိခဲ့ပါဘူး။
မေး-ဒီလို ထောက်ခံရတဲ့ အပေါ်မှာကော ဘယ်လို့ မြင်ပါလဲ။
ဖြေ-ကျွန်တော်တို့ ပြည်သူတွေကို ကျွန်တော် ရခိုင်အမျိုးသား ပါတီသည် ရခိုင်ပြည်နယ်မှာ အောင်နိုင်ရမယ့် ပါတီ တစ်ခုဖြစ်ပြီးတော့ ရခိုင် ကိုယ့်အမျိုးသားအကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်ရမယ့် ကိုယ့်အမျိုးသား ပါတီဆိုတာကို ပြည်သူတွေ ပိုမိုပြီးတော့ သိရှိသွားအောင် ရည်ရွယ်ပြီး လှုံ့ဆော်မှုပြုလုပ်ရခြင်း ဖြစ်ပါတယ်။ အခုလို လုပ်တာဟာ အထူးအောင်မြင်တယ်လို့ ပြောချင်ပါတယ်။
မေး-သံတွဲနဲ့ ဂွမြို့တို့မှာကော လုပ်ဖို့ အစီအစဉ် ရှိပါသလား။
ဖြေ-ကျွန်တော်က အခု တောင်ကုတ်ကို မဲဆွယ်စည်းရုံးရေး ရောက်နေပါတယ်။ အခုလောလောဆယ်တော့ မပြောနိုင်သေးပါဘူး။
မေး-ကျွန်တော်တို့ကို သတင်းပေးတဲ့ လူတွေက လူပေါင်း သောင်းနဲ့ ချီပြီး ပါတယ်လို့ ပြောနေကြပါတယ်။ အဲဒါ မဟုတ်ဘူးလား ခင်ဗျား။
ဖြေ-မြို့ပေါ်က ကြိုဆိုသူတွေနဲ့ဆိုရင် လူတွေက အများကြီးပါ။ လူတွေ အကုန်လုံး လမ်းပေါ်ထွက်ပြီး ကြိုဆိုကြပါတယ်။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ ပန်းကုံးတွေစွပ်ပြီး ကြိုဆိုကြပါတယ်။