မေး။ ။ ဒီ ၂၀၁၅ရွေးကောက်ပွွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်ဘာတွေပြင်ဆင်ထားပြီးပြီးလဲ။
ဖြေ။ ။ ပြင်ဆင်ထားတာတော့ပြီးသလောက်ရှိပါပြီး။ ပါတီဆိုင်းဘုတ်လိုက်ထူတာ၊ လိုအပ်တဲ့ voter education ဆိုတဲ့ မဲပေးပုံပေးနည်းတွေကအစအကုန်လုံးလိုက်သင်ပေးထားပြီးပါပြီး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကပြည်သူ တွေက မဲဘယ်လိုပေးရ မလဲဆိုတာ မသိကြဘူး။ အခုမှပေးရတဲ့ သူတွေဆိုတော့ သူတို့ရဲမဲတွေကို အပယ်ခံထိ မှာကြောက်လို့ ကျနော်တို့က ပယ်မဲမဖြစ်အောင် တစ်နည်းအားဖြင့်ခိုင်လုံမဲဖြစ်အောင် လိုက်ပြပေးတယ်။
မေး။ ။ ကြာအင်းဆိပ်ကြီးမြို့နယ်က ကရင်ပြည်နယ်မှာ မဲရုံအများဆုံးမဖွင့်လှစ်နိုင်တဲ့ နေရာဆိုတော့ ဝင်ပြိုင်ဖို့ဘာတွေက စိန်ခေါ်မှုဖြစ်စေလဲ။
ဖြေ။ ။ စိန်ခေါ်မှုအနေနဲ့ ကျေးရွာအုပ်စု ၄၃အုပ်စုမပြိုင်လည်း ရှိတဲ့ရွာနဲ့ပဲပြိုင်ရမှာပေါ့ ။ ဒါပေမဲ့ ဒါတွေက အန်ကယ် တစ်ယောက်ထဲနဲ့ပတ်သက်တာမှမဟုတ်ပဲ ဝင်ပြိုင်မဲ့ ပါတီအကုန်လုံးက ရင်ဆိုင်ရမှာပဲ။ ၁၀ရွာရှိလဲ ကျန်တဲ့ပြိုင် ဘက်တွေအဲ့ ၁၀ရွာမှာပဲ အကုန်ပြိုင်ရမှာပဲ။ တစ်ခုရှိတာပေါ့ ဒီကိစ္စအတွက်ကျေးရွာ ၄၃ရွာ အုပ်စု လုံးမဲပေးနိုင်ရင်ကောင်း တာပေါ့ကွာ။ လုံခြုံရေးအကြောင်းပြပြီးတော့ မဲမပေးနိုင်တာတို့ ၊ကိုယ့်မှာလူမရှိလို့ မဲပေးနိုင်တဲ့ အကွက်တွေကိုု မဲမပေးနိုင်အောင်လုပ်လိုက်တာတို့ ဒါတွေက မကောင်းပါဘူး။ ပြည်သူတွေရဲ့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတာပေါ့။ ဒါပေမဲ့ ပြဿနာမရှိပါဘူး ရတဲ့ ဟာနဲ့ပဲ အန်ကယ်တို့ပြိုင်မှာပါ။
မေး။ ။ အန်ကယ်အတွက် ဒီဒေသမှာဝင်ပြိုင်တာ အဓိကပြိုင်ဘက်ပါတီက ဘယ်ပါတီဖြစ်မလဲ။
ဖြေ။ ။ အားလုံးက အန်ကယ်အတွက် ပြိုင်ဘက်တွေလို့ထင်တယ်။ အဓိကရယ်လို့ဘယ်သူ့ကိုမှ မရည်ရွယ် ထားဘူး။ အားလုံးကို ညီတူညီမျှပဲ အန်ကယ်သတ်မှတ်တယ်။ အားလုံးက အန်ကယ်အတွက် ပြိုင်ဘက်ကောင်း တွေချည်းပဲ။
မေး။ ။ ဒီကြာအင်းဆိပ်ကြီးမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ မဲရုံတော်တော်များများမဖွင့်လှစ်နိုင်ဘူး။ တစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း ဒီရွေးကောက်ပွဲအပေါ် ဟန့်တားနှောက်ယှက်မဲ့ သဘောထား မရှိဘူးဆိုတော့ ဒီအပေါ်မှာ အန်ကယ်ဘယ်လိုသုံးသပ်မိလဲ။
ဖြေ။ ။ အန်ကယ်တစ်ခါတော့ပြောပြီးပါပြီး။ လုပ်တဲ့ မြို့နယ်ကော်မရှင်က လူအင်အားနည်းပါလိမ့်မယ်။ အဲ့ဒီလူအင်အား နည်းပြီးတော့ မဲရုံတွေမှာလိုက်ပြီးမကြီးကြပ်နိုင်တဲ့အတွက်ကြောင့် မဲရုံတွေ ကိုပြန်ရုတ်သိမ်း လိုက်တာဖြစ်တယ်။ အဲ့တော့ အကြောင်းပြစရာဆိုလို့ ခုနကပြောတဲ့ လုံခြုံးရေး အကြောင်းပြချက်လို့သုံးနှုန်း လိုက်တာဖြစ်တယ်။ အန်ကယ်ကတော့ အဲ့ဒါကိုလက်မခံပါဘူး။
မေး။ ။ တိုင်းရင်းသားတွေအများစုနေတဲ့ ဒေသမှာဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ အန်ကယ်တို့ ပါတီမှာတိုင်းရင်းသား အခွင့်အရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့မူဝါဒလမ်းစဉ်တွေကိုသိပါရစေ။
ဖြေ။ ။ အန်ကယ်တို့ပါတီက စ ဖွဲ့ကထဲက ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့အသုံးအနှုန်းကို စပြီးသုံးတာ အန်ကယ်တို့ ရဲ့တစ်ခုတည်းသောပါတီဖြစ်တယ်။ အဲ့တော့တိုင်းရင်းသားအရေးက ဒီဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ အသုံးအနှုန်းကို ဘယ်သူမှ မသုံးခင်ကတည်းက အန်ကယ်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသုံးခဲ့ တယ်။ ဒါကြောင့် တိုင်းရင်းသားတွေရဲ့စိတ်ဆန္ဒဘယ်လိုရှိလဲဆိုတာ အန်ကယ်တို့ပါတီရဲ့ သဘောထားက ဒီနေရာမှာ ပေါ်လွင်နေ တယ်။
နည်းနည်းအရှည်ပြောရမယ်ဆိုရင် တခါက ၁၉၉၆ခုနှစ်က မဲသရောထက တစ်ဖက် တိုင်းရင်းသား လက်နက်ကိုင်တွေ လုပ်ခဲ့ဖူးတဲ့ စုပေါင်းအစည်းအဝေတစ်ခုဖြစ်ခဲ့ဘူးတယ်။ ဒီနေ့ အစည်းအဝေးပြီးတာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံလိုက်တယ်။
တိုင်းရင်းသားတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့တာ အန်ကယ်တို့ ပါတီပဲဖြစ်တယ်။ အဲ့ဒီအတွက် အန်ကယ်တို့ မနည်းကို ပေးဆပ်လိုက်ရတယ်။
မေး။ ။ ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ အန်ကယ်အနေနဲ့ နိုင်မယ်လို့ယုံကြည်ထားလား။ နိုင်ခဲ့ရင်ရော ဒေသခံပြည်သူ တွေအတွက် ဘာတွေလုပ်ပေးမှာလဲ။
ဖြေ။ ။ ရာနှုန်းပြည့် နိုင်မယ်လို့ ထင်တယ်။ အန်ကယ်အနေနဲ့ ကြာအင်းဆိပ်ကြီးမှာ ဘာတွေလိုအပ်နေလဲ၊ အန်ကယ်ဒီ မှားနေတာ အန်ကယ်သိပါတယ်။ ဟိုမှာ မီးတွေမလုံလောက်ဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ အခုထိပြည့်ပြည့် စုံစုံမရှိဘူး။ ဒါတွေက ကြာအင်းဆိပ်ကြီးမှာရှိတဲ့ ပြည်သူတွေနဲ့ အန်ကယ်တို့ ပူးပေါင်းပြီးလုပ်ဆောင်ရမဲ့ အလုပ်တွေဖြစ်တယ်။
မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ရွေးကောက်ပွဲရဲ့ အခင်းအကျင်းကွာခြားချက်တွေကို ချိန်ထိုးနိုင် ယှဉ်သုံးသပ် ပြပါလား။
ဖြေ။ ။ ၂၀၁၀တုန်းက ပြည်သူပြည့်ပြည့်ဝဝပါဝင်ခဲ့တယ်လို့ အန်ကယ်မယုံကြည်ဘူး။ အခုလာမဲ့ ၂၀၁၅ ခုနှစ်မှာပြည်သူ ပြည့်ပြည့်ဝဝပါဝင်လာမယ်လို့ အန်ကယ်ယုံကြည်တယ်။
မေး။ ။ဒီ၂၀၁၅ရွေးကောက်ပွဲကလွတ်လပ်ပြီး တရားမျှမယ်လို့ အန်ကယ်မြင်မိလား။
လုပ်နေတဲ့ကာလထဲမှာ အန်ကယ်တို့ပြောနိုင်မှာပါ။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအရတော့ မဲစားရင်တွေ မှားတာတွေ၊ ခုနပြောသလို မဲရုံတွေပယ်ဖျက်လို်က်တာတွေ အန်ကယ်တို့အနေနဲ့မကြိုက်ဘူး။ ပြီးသွားတဲ့အခါကျ ရင် အခြေအနေတရပ်ကိုကြည့်ပြီးတော့ အားလုံပဲသိကြမှာပါ ဒီရွေးကောက်ပွဲက တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်တယ်မဖြစ်ဘူးဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။အခုချိန်တော့ အန်ကယ်ပြောဖို့ စောနေပါသေးတယ်။
ကိုယ်ရေးအကျဉ်း
ဒေါက်တာစောလှထွန်း(ကရင်ပြည်နယ်ဥက္ကဌ-ငြိမ်း) ဒေါ်အမာတို့၏ မွေးချင်း (၆)ဦးအနက် အကြီးဆုံးဖြစ်ပြီး၊ ငယ်စဉ်ကျောင်းနေစဉ်မှ (၁၀)တန်းအောင်သည်အထိ မော်လမြိုင်ခရစ်ယာန်သာသနာပြုကျောင်းဖြစ်သော စိန်ပထရစ်တွင် ပညာသင်ကြားခဲ့ပါ သည်။ မော်လမြိုင်တက္ကသိုလ် သတ္တဗေဒ အထူးပြုဘာသာရပ်ဖြင့် ၁၉၆၇မှ ၁၉၇၀ခုနှစ်အထိ တက်ရောက်ခဲ့စဉ်ကာအတွင်း မော်လမြိုင်တက္ကသိုလ် ကရင်စာပေနှင့် ယဉ်ကျေးမှုကေ်ာမတီ၌ ဒု-ဥက္ကဌအဖြစ်သုံးနှစ်နှင့်နောက်ဆုံးနှစ် ၌ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
၁၉၇၀-၁၉၇၁ ပညာသင်နှစ်၌ တက္ကသိုလ်ပညာရေးစနစ်၏ ချို့ယွင်းချက်/ အားနည်းချက်များကို ဆန္ဒထုတ်ဖော် ပြသမှုကြောင့် မော်လမြိုင်အကျဉ်းထောင်၌ ၁၉၇၀-၁၉၇၁ခုနှစ်အတွင်း (၇)လကျော် ထိန်းသိမ်းခြင်း ခံခဲ့ရပါသည်။ ပထမအကြိမ် ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစည်အဝေးပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးမှု အထိမ်းအမှတ်ဖြင့် မော်လမြိုင်ထောင်မှ ဖမ်းဆီးထားသော ကျောင်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေး သောကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ လူမှုရေးလုပ်ငန်းများအနက် ဖားအံမြို့နယ် ကရင်စာပေ နှင့် ယဉ်ကျေးမှု ကော်မတီ၌ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဥက္ကဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ပါတီနိုင်ငံရေးတွင်ပါဝင်ခဲ့ပုံ
၁၉၈၈ခုနှစ် (၈)လေးလုံးအရေးအခင်း ပေါ်ပေါက်ပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် ပေါ်ပေါက် လာခြင်းကြောင့် ဖားအံမြို့၌ ပါတီဝင်အဖြစ် လျှောက်ထားအပ်ပါသည်။ ၂၀၀၂ခုနှစ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့အချုပ် ရုံးချုပ်မှ ကရင်ပြည်နယ်ကိုယ်စားပြုသူတစ်ဦး လာရောက်ပါရန် ခေါ်ယူမှုကြောင့် ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်၏ တာဝန်ပေးမှုဖြင့် သွားရောက်ခဲ့ပါသည်။
အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ဗဟိုလူမှုအထောက်အကူပြု အဖွဲ့၌လည်းကောင်း ၊ယခုလက်ရှိ အလုပ်သမားရေးရာကော်မတီတို့၌ လည်းကောင်း ယနေ့အထိ ထမ်းဆောင်လျက်ရှိပါသည်။ ၂၀၁၄ခုနှစ်တွင် ကရင်ပြည်နယ်ကိုယ်စားပြု ဗဟိုကော်မတီဝင်အဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲ တွင် ယခင်ဖခင်ကြီး၏ မဲဆန္ဒနယ်မြေဖြစ်ခဲ့သော ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ်ခံရပြီး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။