မေး ။ ။ အမျိုးသားလွှတ်တော်မှာ ယှဉ်ပြိုင်မယ်ဆိုတော့ ဘယ်မြို့နယ်တွေမှာ ယှဉ်ပြိုင်ရမှာလဲ။
ဖြေ ။ ။ အမျိုးသားလွှတ်တော် သျှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) ဖြစ်တော့ မူစယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်တွေမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ မဲဆွယ်စည်းရုံးရေးအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ မူစယ်မှာတော့ ပြည်နယ်နဲ့ ပြည်သူ့လွှတ်တော်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းတွေ စည်းရုံးရေးဆင်းတာ ပြီးသွားတာတော့ များပါပြီ။ အောင်နိုင်ရေး ကော်မတီလည်းရှိထားတော့ သွားကြ တယ် ။ ကျမကတော့ အားတဲ့အခါမှ လိုက်သွားနိုင်တယ်။ သူတို့လည်း ကျမအတွက် စည်းရုံးပေးကြပါတယ်။ ကွတ်ခိုင်ဘက်က ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)ရဲ့ နယ်မှာတော့ သျှမ်းသိပ်မရှိဘူး။ တအာင်း၊ ကချင်နဲ့တရုတ်တွေများတယ်။ ဒါပေမဲ့ တရုတ်တွေကလည်း သူတို့ဆီကို လာဟောပြောဖို့ ဖိတ်ခေါ်တယ်ဆိုတော့ တအာင်းတို့ တရုတ်တို့လည်း ကျမတို့ ကျားခေါင်းပါတီကို အားပေးကြပါတယ်။ နားလည်ကြပါတယ်။
မေး ။ ။ ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲတွေ ရှိနေတယ်ဆိုတော့ စည်းရုံးရေးဆင်းတာ အခက်အခဲရှိလား ။
ဖြေ ။ ။ အခက်အခဲရှိပါတယ်။ ကွတ်ခိုင်ဘက် စ-ဆင်းတဲ့နေ့ စက်တင်ဘာလ ၁၇-၁၈ လောက်ပေါ့။ စဆင်းတဲ့နေ့မှာပဲ တိုက်ပွဲရှိတယ်။ ရွာတရွာကို ဆင်းသွားတာ ရွာသားတွေက ခုနကပဲ တအာင်းတပ် ဖြတ်သွားတယ်။ တအာင်းတပ်နဲ့ အစိုးရတပ်တို့ အရမ်းနီးနေပြီ။ ဘယ်အခါတိုက်ပွဲဖြစ်မလဲ မသိဘူးလို့ ပြောကြတယ်။ တိုက်ပွဲက အချိန်မရွေး ဖြစ်နိုင်တယ်ဆိုတော့ သတိထားပြီး သွားရတယ်။
မေး ။ ။ အခုအချိန်က စည်းရုံးရေးဆင်းတဲ့အချိန်ဆိုတော့ တိုက်ပွဲတွေကြောင့် စည်းရုံးရေးဆင်းတဲ့ ကိစ္စအပြင် ရွေးကောက်ပွဲကိုပါ ဘယ်လိုထိခိုက်နိုင်သလဲ။
ဖြေ ။ ။ ရွာတရွာကို သွားတော့မယ်ဆိုရင် အဲဒီအနီးမှာ တိုက်ပွဲဖြစ်နေတယ်ဆိုရင် ပြန်လာရတယ်။ တိုက်ပွဲကြောင့် ဒီဒေသမှာ ရွေးကောက်ပွဲကျင်းပမယ် မကျင်းပဘူးဆိုတာ ရွေးကောက်ပွဲကော်မရှင် အပေါ် မူတည်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က မဲပုံးမထားတော့ဘူးလို့ ပြောရင်လည်း ကျမတို့ဘက် ဘာမှ မတတ်နိုင်ဘူး။ ဒါပေမဲ့ အခုထိ ဘာမှမကြေညာသေးတော့ ပြည်သူ့အသံရဖို့ သွားရမှာပဲ။ ဒါပေမဲ့ သတိတော့ ထားရတာပေါ့နော်။
မေး ။ ။ နမ့်ခမ်းဘက်မှာကော စည်းရုံးရေးဆင်းနေပြီလား။
ဖြေ ။ ။ ဟိုတလောက သျှမ်းပြည်တပ်မတော် RCSS/SSA က စည်းရုံးခွင့်ပိတ်ထားတော့ ရပ်ထားရတယ်။ အခုတော့ ပြန်ဆင်းနေပါပြီ။ ဒါပေမဲ့ အခက်အခဲတော့ ရှိတယ်။ ပြည်သူ့စစ်တွေလေ။ ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်က ကြံ့ခိုင်ရေးပါတီဆိုတော့ ကျမတို့ပါတီ အဲဒီပန်းဆေး ဒေသဘက်သွားတာ မပေးသွားဘူးလို့ ပြောလာတယ်။ အဲဒီလို တားဆီးတာတွေ ရှိတယ်။ ပြည်သူ့စစ် ဆိုတော့ လက်နက်ရှိတယ်လေ။ အဲဒါကြောင့် သူတို့နယ်ထဲက ပြည်သူတွေ သူတို့ကို ကြောက်ကြ တယ်။ ကွတ်ခိုင်က ဦးတီခွန်မြတ်တို့၊ ဦးကိန်မိုင် တို့ဆိုတာ ပြည်သူ့စစ်တွေလေ။ နောက်ကြံ့ခိုင်ရေး ပါတီဝင်တွေ။ ဟိုပန်ကလည်း ပြောလာတယ်။ ဟိုပန်မှာ ကျားခေါင်းပါတီက ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၂ ယောက်ယှဉ်ပြိုင်မယ်။ သူတို့က အခက်အခဲ တွေ့နေတယ်တဲ့အခု။ ဟိုပန် ဘက်မှာ ရွာပေါင်း ၂၀ ပဲ ဝင်နိုင်တယ်။ ကျန်တဲ့ရွာတွေဝင်ဖို့ အရမ်းခက်တယ်တဲ့။ ဘာကြောင့်လဲ ဆိုတော့ သူတို့က နယ်ခံတွေ မဟုတ်ဘူး။ မူစယ်နဲ့ သိန္နီကနေ သွားရောက်ယှဉ်ပြိုင်တာ။ ဒါကြောင့် စည်းရုံးရေးဆင်းတဲ့အခါ ရပ်ရွာအုပ်ချုပ်ရေးမှူး အကူအညီတွေ ယူရတယ်။ အစကတော့ ကူညီကြပါ တယ်။ နောက်ပိုင်းတော့ မကူရဲတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဟိုပန်မှာ ဝ ပါတီက သူတို့ကို မကူဖို့ သွားပြောထားတယ်။ ဒါပေမဲ့ သူတို့က ကျမတို့ကို အဲဒီလိုတော့ မပြောရဲဘူး။ သူတို့ဒေသခံက ပါတီကို ကူညီရမယ်၊ အဲဒါကြောင့် မကူနိုင်တော့ဘူးလို့ပဲ ပြောတယ်။ ဒါကြောင့် ဟိုပန်မှာလည်း အရမ်းခက်ခဲ တယ်။ ကြံ့ခိုင်ရေးပါတီက ပြည်သူ့စစ်တွေကို သူတို့ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် လုပ်ခိုင်းထား တော့ ပြည်သူတွေလည်း ကြောက်ကြတာပေါ့။ မလွတ်လပ်ဘူး။ နမ့်ခမ်းဘက်ကတော့ ကျမ မသွားရ သေးဘူး။ နမ့်ခမ်းမှာရှိတဲ့ အောင်နိုင်ရေးကော်မတီက ဆင်းပေးထားတယ်။ ရွာဘက်တွေမှာ ဆင်းနေပါ တယ်။ မြို့ပေါ်ရပ်ကွက်တွေဆီဆင်းမှ ကျမကို ခေါ်မယ်။ အဲဒီအခါမှ ကျမသွားမယ်။ အခုတော့ ကွတ်ခိုင်နဲ့ မူစယ်ဘက်မှာ ဆင်းနေပါတယ်။
မေး ။ ။ နမ့်ခမ်းဘက်မှာ စည်းရုံးရေး အခြေအနေ ကောင်းလား။
ဖြေ ။ ။ အခြေအနေ ကောင်းတယ်လို့ ပြောလာကြပါတယ်။ ရွာတွေမှာပါ။
မေး ။ ။ နမ့်ခမ်းမြို့ပေါ်မှာကော အခြေအနေဘယ်လိုလဲ။
ဖြေ ။ ။ အခြေအနေကောင်းတယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမ ဆက်သွယ်နိုင်တဲ့ လူငယ်တွေ၊ မိတ်ဆွေတွေက ကျမတို့ဘက်မှာ ရှိနေပါတယ်။
မေး ။ ။ နမ့်ခမ်းလူထု တချို့တဝက်က ကျားခေါင်းပါတီကို ဆန့်ကျင်တယ်ဆိုတော့ အခြေအနေ ကောင်းနိုင်မှာလား။
ဖြေ ။ ။ ဆန့်ကျင်တဲ့သူတွေက အင်တာနက်သုံးတဲ့ လူငယ်တစုပါဘဲ ။ ပြည်သူလူထုက သူတို့နဲ့ အတိုက်အခံ မလုပ်ချင်လို့ ငြိမ်နေတာပါ။ တကယ်တော့ ကျမတို့ကျားခေါင်းဘက် ပါပါတယ်။ ဒီမိုကရေစီစနစ်မှာ သွားရောက်ယှဉ်ပြိုင်မှာကို တားမြစ်ပိုင်ခွင့်မရှိဘူး။ တကယ်ဆိုရင် သူတို့ကို တရားစွဲဆိုနိုင်တယ်။ ဒါပေမဲ့ ကျမတို့ပါတီက စိတ်ရှည်သည်းခံတယ်။ ဘယ်သူ့ကိုမှလည်း ဘာမှ မလုပ်ချင်ဘူး။ ယှဉ်ပြိုင်တာလည်း တရားမျှတစွာနဲ့ ယှဉ်ပြိုင်ချင်တယ်။ ယှဉ်ပြိုင်မှ အနိုင်အရှုံးဆိုတာ ထွက်ပေါ်လာမှာလေ။ အမှန်တရားက ပေါ်လာမှာလေ။ သူတို့ဒီလို ပြောရဲဆိုရဲတာ ကျမ တကယ်အံ့ဩပါတယ်။
မေး ။ ။ ဒါဆို နမ့်ခမ်းလူထုကနေ မဲဆန္ဒတွေ ရရှိဖို့ မျှော်လင့်ချက် ဘယ်လောက်ရှိလဲ။
ဖြေ ။ ။ မျှော်လင့်ချက်ရှိပါတယ်။ အခုတော့ တကယ့်ကို အခြေအနေ တိုးတက်လာပါတယ်။ အောင်နိုင်ဖို့လည်း မျှော်လင့်ချက်ရှိပါတယ်။
မေး ။ ။ အမျိုးသမီးတယောက်အနေနဲ့ အမျိုးသားလွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတော့ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရလဲ။
ဖြေ ။ ။ အမျိုးမျိုးကြုံရပါတယ်။ ခုနက ပြောသလိုပေါ့။ ပြည်သူ့စစ်တွေက ပြည်သူတွေကို ခြိမ်းခြောက်ထားတော့ ပြည်သူတွေကို စည်းရုံးဖို့ ခက်တယ်။ ဒါပေမဲ့ ကျမတို့ သွားဟောပြောတော့ သူတို့တွေ သဘောပေါက်လာပြီး ကျမတို့ဘက်ကို ပြန်ပါလာတယ်။ ကျမတို့ကို နားလည်ပေးတာ များပါတယ်။ စည်းရုံးရေးမှာ အခက်အခဲ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒေသက ပြည်သူ့စစ် တွေလေ။ တားဆီးတာတွေ ရှိတယ်။ နောက် မဲစာရင်း။ မဲစာရင်းမှားတာ အရမ်းများတယ်။ ရွာဘက်မှာက စာပေမတတ်ကြတော့ အရမ်းစည်းရုံးရတယ်။ နိုင်ငံရေးကို စိတ်မဝင်စားတာလည်း ပါတယ်။ ဗဟုသုတလည်း နည်းပါးကြတယ်လေ။ ဒါကြောင့် သူတို့တွေ မဲစာရင်း သွားကြည့်ဖို့ တိုက်တွန်းရတာလည်း မလွယ်လှဘူး။ ဒါကလည်း စိန်ခေါ်မှုတခုပေါ့။ အခုတော့ မဲစာရင်း ပြန်ပြင်ဖို့ ရက်ကုန်သွားတော့ မဲပေးတဲ့နေ့မှာ ရယကက ထောက်ခံပေးရင်တော့ မဲပေးခွင့်ရှိမယ်လို့တော့ ပြောတယ်။ နောက်မူစယ်က နယ်စပ်မြို့ဆိုတော့ အောက်ပြည်အောက်ရွာကနေ ဂျယ်ကောင်၊ ရွှေလီဘက်မှာ အလုပ်လာလုပ်တာ ခြောက်သောင်းလောက်ရှိတယ်။ တရုတ်ဘက်မှာ အလုပ်သွား လုပ်ပြီး မူစယ်မှာ မဲလာပေးရင် လက်မခံဘူးလို့တော့ ပြောတယ်။ ဒါပေမဲ့ တချို့က မူစယ်မှာ မနေပေမဲ့ မူစယ်မှာ မဲလာပေးချင်ကြတယ်။ ဒါကြောင့် ရယက တို့ဆီမှာ သွားပြောတယ်။ ရယကတွေက မူစယ်မှာ ၆ လ ရက်ပေါင်း ၁၈၀ နေထိုင်တယ် ဆိုတဲ့ အထောက်အထားကို ပြနိုင်ရင် မဲစာရင်း ပေးပိုင်ခွင့်ရှိတဲ့ စာရင်းထဲမှာ ထည့်ပေးမယ်လို့ပြောတယ်။ ဧည့်စာရင်းလိုမျိုးပေါ့။ အဲဒါလည်း ပြဿနာ တခု ဖြစ်နေတယ်။ လှည့်ပတ်လုပ်လို့ရတယ်လေ။ တကယ်လို့ အောက်ပြည်အောက်ရွာက လူခြောက် သောင်းက မူစယ်မှာ မဲပေးခွင့်ရရင် ကျမတို့ ရှုံးနိုင်တယ်လေ။ မူစယ် ဒေသခံတွေ မဲပေးပိုင်ခွင့်ရှိတာ ခြောက်သောင်းမှ မရှိတာ။ သူတို့ထက် နည်းတယ်လေ။ ဒါလည်း စိန်ခေါ်မှု တခုပေါ့။ ဒါပေမဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတော့ ပြောပါတယ်။ မူစယ်မှာ ရက်ပေါင်း ၁၈၀ မနေထိုင်ခဲ့ဘူးဆိုရင် မဲပေးခွင့် မပေးဘူးလို့တော့ ပြောထားပါတယ်။
မေး ။ ။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လုပ်ငန်းတာဝန် ဘာတွေရှိလဲ။
ဖြေ ။ ။ ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လမ်းခင်းတံတားဆောက်ဖို့ ကျောင်းဆောက်ဖို့ လွှတ်တော်မှာတင်ပြပြီး ဘတ်ဂျတ်တောင်းဖို့လို့ဘဲ သဘောပေါက်ကြတယ်။ ဒါဟာ လွှတ်တော် ကိုယ်စားလှယ်ရဲ့ အလုပ်မဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ်အလုပ်ဆိုတာ လွှတ်တော်မှာ ဥပဒေကြမ်းတင်လာရင် ကိုယ့်ပြည်သူလူထုအတွက် အကျိုးရှိရင် ထောက်ခံမယ်။ မရှိရင် ဆန့်ကျင်မယ်။ လူထုက ဒီဥပဒေဟာ လူထုရဲ့ဆန္ဒနဲ့ မကိုက်ညီလို့ ဆန့်ကျင်ချင်ရင် လွှတ်တော်မှာ အဲဒီဥပဒေကို ဆန့်ကျင်ပေးမယ်။ နောက် အုပ်ချုပ်ရေးမှူးတွေ လုပ်ရပ်ဟာ ဥပဒေနဲ့ ကိုက်ညီ/မကိုက်ညီ Check and Balance လုပ်ဖို့လည်း လွှတ်တော်ကိုယ်စား လှယ်တွေမှာ တာဝန်ရှိတယ်။
မေး ။ ။ ရွေးကောက်ပွဲအနိုင်ရရင် ဘာလုပ်ပေးမှာလဲ။
ဖြေ ။ ။ ကျမတို့က ဘယ်လောက်အနိုင်ရမယ်ဆိုတာ မသိသေးတော့ အစိုးရဖွဲ့နိုင် မဖွဲ့နိုင် မပြောနိုင်သေးဘူး။ ကျမတို့ကတော့ အစိုးရဖြစ်ဖြစ်၊ မဖြစ်ဖြစ် ပြည်သူ့ဘက်က ရပ်တည်မှာပါ။ အတိုက်အခံဘက်ကနေ ပြည်သူအတွက် လုပ်ဆောင်ပေးမှာပါ။ အခုတော့ မပြောနိုင်သေးဘူး။ ကျမတို့ အစိုးရဖြစ်ဖို့လည်း မမျှော်လင့်ပါဘူး။ တိုင်းရင်းသားတွေနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်သင့်ရင်လည်း ပြင်ဆင်ရမယ်။ ဥပဒေသစ် ပြဌာန်းဖို့ရှိလာရင်လည်း တင်ပြရမယ်။ ပြည်သူတွေ လုံခြုံမှုရှိအောင်ပေါ့။ ကျမတို့ရဲ့ ရည်ရွယ်ချက်က ၂ဝဝ၈ ကို ပြင်ဖို့။ ဒါကလည်း ချက်ချင်းတော့ မဖြစ်န်ိုင်ဘူး။ အခြေအနေက အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတော့။ တနေ့မှာတော့ ပြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
မေး ။ ။ ဘယ်လိုအစိုးရသစ်ကို မျှော်လင့်သလဲ။
ဖြေ ။ ။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အစိုးရကို မျှော်လင့်ပါတယ်။ ဒီမိုကရေစီနိုင်ငံထူထောင်မယ်ဆိုတော့။ ဒီမိုကရေစီအင်အားစုတွေ အစိုးရဖြစ်လာရင်တော့ လုပ်လို့ ရလွယ်တယ် ။ အစိုးရဟောင်းလုပ်ရင်တော့….။ အခုတော့ မပြောနိုင်သေးဘူး။ သူတို့က ရွေးကောက်ပွဲ အောင်နိုင်ဖို့ ဘယ်လိုနည်းလမ်းသုံးမယ်ဆိုတာလည်း မသိသေးဘူး။ အခုတော့ ဘာမှ မပြောန်ိုင်သေး ဘူး။ ဒါပေမဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံဖြစ်ချင်တယ်။
မေး ။ ။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်သလား ။
ဖြေ ။ ။ အဲဒါလည်း ရာခိုင်နှုန်းပြည့် မမျှော်လင့်နိုင်ဘူး။ မသမာမှုတွေ လုပ်နိုင်သေးတာပဲ။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဌ ဦးတင်အေးက ကြံ့ခိုင်ရေးပါတီကဆိုတော့ ဘယ်သူကမှ ရာခ်ိုင်နှုန်းပြည့် မမျှော်လင့်ရဲကြဘူး။
မေး ။ ။ လူထုကို ဘာထပ်ပြောပြချင်သလဲ။
ဖြေ ။ ။ ပြည်သူတွေ နိုင်ငံရေးဗဟုသုတရှိအောင် လေ့လာကြပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ မတွေးကြပါနဲ့။ သူများက သခင်၊ ကိုယ်က ကျွန်လို့လည်း မမှတ်ယူပါနဲ့။ နိုင်ငံရေးကို နားလည်အောင် လုပ်ပြီး ယောက်တိုင်း မဲပေးကြပါလို့။ ကိုယ့်ရဲ့သားသမီးတွေ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေနိုင်တဲ့ အမွေပေးချင်ရင်တော့ တိုင်းပြည်ငြိမ်းချမ်းမှ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒတွေ ပေးကြပါလို့။
စိတ်ရှည် လက်ရှည်နဲ့ ဖြေကြားပေးတဲ့အတွက် သျှမ်းသံတော်ဆင့်မှ ကျေးဇူးအထူးတင်ရှိပါတယ်။