မေး။ ။ အရင်ဆုံးနာမည်နဲ့ ယခု လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကြောင်းကို မိတ်ဆက်ပေးပါလား။
ဖြေ။ ။ ကျွန်မနာမည်က မိုင်နော်မီထန်း ဖြစ်ပါတယ်။ ယခုလက်ရှိမှာ Ninu Women Action Group မှာ Training Facilitator အနေနှင့် လုပ်ကိုင်နေပါတယ်။
မေး။ ။ အဲဒီ Ninu အဖွဲ့အစည်းက ဘယ်လိုမျိုး အပိုင်းတွေကို အဓိက လုပ်ဆောင်နေပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့ ဒီ Ninuအဖွဲ့အစည်းကို ၂၀၁၄ ခုနှစ်မှာ စတင်ဖွဲ့စည်းထားတဲ့ ရန်ကုန်အခြေစိုက် ချင်းအမျိုးသမီးအစည်းတစ်ခုဖြစ်ပါတယ်။ ဒီ Ninu အဖွဲ့အစည်းက ချင်းပြည်နယ် ၉ မြို့နယ် စလုံးကိုသွားပြီးတော့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ သင်တန်း၊ လူ့အခွင့်ရေးနဲ့ပါတ်သက်တဲ့ သင်တန်း တွေကို ပေးပါတယ်။ နောက် ချင်းလူမျိုးတွေရှိတဲ့ ချင်းပြည်နယ်ပြင်ပတွေပေါ့ ရခိုင်၊ ရန်ကုန်၊ မကွေးတု်ိင်း လိုမျိုးဒေသတွေမှာလည်း ကျွန်မတို့ သင်တန်းတွေ ပေးနေပါတယ်။
မေး။ ။ အစ်မတို့ရဲ့ ဒီ Ninuအဖွဲ့အစည်း ကို ဘယ်လိုနဲ့ စတင်ဖြစ်ပေါ်လာပြီး၊ ဘယ်သူတွေက ဦးဆောင်ဖွဲ့စည်းထားပါသလဲ။
ဖြေ။ ။ အစက ဒီ Ninu အဖွဲ့အစည်း မတိုင်ခင်က YCA(Young Chin Association)နဲ့ ကျွန်မတို့ လှုပ်ရှားကြပါတယ်။ အဓိကတော့ လူငယ်တွေကို ပိုပြီး focus ထား လှုပ်ရှားကြတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၃-၂၀၁၄ မှာကျတော့ ကျွန်မတို့ချင်းအမျိူးသမီးတွေကို လုံးဝမြှင့်တင်ပေးဖို့ လိုလာပြီ ဆိုတဲ့ အသိကြောင့် ကျွန်မတို့ ချင်းအမျိုးသမီးတွေကိုပဲ သင်တန်းပေးနိုင်အောင် Capacity Building Training တွေ များများပေးနိုင်အောင် ရည်ရွယ်ချက်နှင့် ကျွန်မတို့ ဖွဲ့စည်းတာဖြစ်တယ်။ အဓိကတော့ ချင်းလူမူအသိုင်းအဝိုင်းမှာ ချင်းအမျိုးသမီးတွေနဲ့ ချင်းအမျိုးသားတွေ တန်းတူအခွင့်အရေးရရှိဖို့က ကျွန်မတို့ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။
မေး။ ။ အခုလိုမျိုး သင်တန်းတွေပေးတဲ့ အခါမှာ မြို့ပေါ်ကိုပဲ ပိုအဓိက ထားပြီးလုပ်သလား ဒါမှမဟုတ် ကျေးရွာတွေကိုပဲ ပိုအဓိက ထားပြီးလုပ်သလား။
ဖြေ။ ။ ဟုတ်ကဲ့ ကျွန်မတို့ အဓိက ထားချင်တာကတော့ ချင်းအမျိုးသမီးတွေပေါ့။ ချင်းအမျိုးသမီးတွေရှိ တဲ့ မြို့တွေမှာတော့ မြို့ပေါ်က အမျိုးသမီးတွေကို ပိုပြီးတော့ Focus ထားတာပေါ့။ အထူးသဖြင့် အဲဒီမြို့မှာရှိတဲ့ အမျိုးသမီးတွေနဲ့ပဲ ချိတ်တယ်။ တကယ်လို့ အမျိုးသမီးအဖွဲ့မရှိရင် လူငယ်အဖွဲ့အစည်း နဲ့ ချိတ်ဆက်ပြီးတော့ လုပ်ပါတယ်။ ဆိုတော့ မြို့ပေါ်ပြီးမှ နယ်တွေကို ဆင်းပါတယ်။
မေး။ ။ အစ်မတို့ Ninu အဖွဲ့အစည်းက သင်တန်းတွေ လိုက်ပေးပြီးတော့ပေါ့။ ချင်းအမျိုးသမီးတွေ့ရဲ့ အခန်းကဏ္ဍကို ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ ကျွန်မအနေနဲ့ သုံးသပ်ရမယ်ဆိုလို့ရှိရင် ဘာပဲပြောပြော ချင်းအမျိုးသမီးတွေရဲ့ဘဝဟာ ပိုပြီးတော့ ပွင့်လင်းလာတယ်လို့ မြင်ပါတယ်။
မေး။ ။ အခု ချင်းအမျိုးသမီးတွေရဲ့ စိန်ခေါ်မူတွေ မြို့နှင့် နယ်ဆိုပြီးတော့ ခွဲလိုက်လို့ရှိရင် သူတို့ရဲ့ ကွဲပြားတဲ့ စိန်ခေါ်မူတွေက ဘာတွေဖြစ်နိုင်မလဲ။
ဖြေ။ ။ အမျိုးသမီးတွေကြုံတွေ့နေရတဲ့ ပြဿနာက မြို့မှာပဲဖြစ်ဖြစ် နယ်မှာပဲဖြစ်ဖြစ် ယေဘုယျ အားဖြင့် အတူတူပါပဲ။ ကျွန်မအတွေ့အကြံုအရ ပြောမယ်ဆိုရင် ကျွန်မတို့ရဲ့ ချင်းဓလေ့ထုံးတမ်း ဥပဒေကလည်း အမျိုးသမီးတွေကို တော်တော်လေးရုန်းထွက်လာဖို့ အဟန့်အတားဖြစ်စေတယ်လို့ ကျွန်မမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် မြို့ပေါ်တွေမှာ နည်းနည်း ပွင့်လင်းလာတယ်လို့ ပြောလို့ရပေမယ့် နယ်တွေဘက်မှာတော့ ဘာမှမထူးခြားသေးတဲ့ နေရာတွေရှိနေသေးတယ်။ အဓိက တွေ့ရတာကတော့ အမျိုးသမီးဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အတွက် ကန့်သတ်ထားတဲ့ စည်းတွေ၊ ဘောင်တွေ၊ ယဉ်ကျေးမူဓလေ့တွေက သူတို့ကို အဓိက အဟန့်အတား ဖြစ်စေတယ်လို့ ကျွန်မတော့ သုံးသပ်တယ်။
မေး။ ။ ညီမတို့ Ninu အဖွဲ့အစည်းအနေနဲ့ လုပ်ရှားမှုတွေထဲက အောင်မြင်ဆုံးလုပ်ဆောင်ချက် တစ်ခု လောက်ကို ပြောပြပေးနိုင်မလား။
ဖြေ။ ။ ကျွန်မတို့ Ninu အဖွဲ့အစည်း ကနေ ၂၀၁၄ ခုနှစ် တုန်းက ချင်းပြည်နယ် လွှတ်တော်မှာ ချင်းဝိသေသတိုင်း အက်ဥပဒေပြင်ဆင်ဖို့မူကြမ်းရေးဆွဲထားတယ်။ အဲဒီမူကြမ်းကို Ninu အဖွဲ့အစည်းက ရရှိတယ်။ အဲဒီမူကြမ်းက ပွင့်လင်းမြင်သာမူ မရှိပါဘူး။ အရင်က ဟာထက်တောင်မှ ပိုဆိုးတယ်နေတာ တွေ့ရတယ်။ အထူးသဖြင့် ဒီမူကြမ်းဥပဒေမှာ အမျိုးသမီးတစ်ယောက်မှ မပါဘူး။ အဲဒီအခါကျတော့ ဘယ်လိုဘဲ အမျိုးသမီးတွေအတွက် ဥပဒေ ရေးဆွဲတယ်။ ဘယ်လောက်ပဲ အမျိုးသမီးတွေအတွက် ဥပဒေ ကောင်းတယ်ပြောပြော အမျိုးသမီးတစ်ယောက်မှ မပါဘဲ ရေးဆွဲတဲ့ ဥပဒေဟာ ဘယ်လိုနည်းနဲ့မှ တန်းတူညီမျှဖြစ်တဲ့ ဥပဒေလို့ ကျွန်မတို့ဘက်က လက်မခံနိုင်ဘူး။ အဲဒီအချက်ကြောင့်လဲ ကျွန်မတို့ Ninu အဖွဲ့အစည်း ကနေပြီးမှ ချင်းအမျိုးသမီးတွေရဲ့ အမြင်ကို အစိုးရအဖွဲ့ကို စာပို့ခဲ့တယ်။ ချင်းပြည်နယ်အစိုးရကလဲ မူကြမ်းကို အတည်ပြုတဲ့အခါမှာ အမျိုးသမီး တွေရဲ့ ပါဝင်မူကို အထူးထည့်သွင်းစဉ်းစားပေးပါ့မယ်ဆိုပြီးမှ Ninu အဖွဲ့အစည်းကို စာပြန်ပို့ပါတယ်။ ဒါကတော့ Ninu ရဲ့လှုပ်ရှားမူတစ်ခုပေါ့။ ဆိုတော့ ချင်းအက်ဥပဒေကို ကျွန်မတို့ပြင်ဆင်နိုင်ဖို့ဆိုရင် ကျွန်မအနေနဲ့ နှစ်ပိုင်း ရှိတယ်ပေါ့။ တစ်ပိုင်းကကျတော့ လက်ရှိရှိနေတဲ့ ဥပဒေကို ကျွန်မတို့ပြင်ရမယ်။ နောက်တစ်ပိုင်းကကျတော့ ဒီဥပဒေကို ပြင်တာနဲ့ တစ်ခါတည်း နယ်တွေကိုလဲ ဆင်းပြီးမှ ဥပဒေထဲမှာ ဘာတွေ ရှိတယ်။