မေး။ ။ ပါတီနိုင်ငံရေး နဲ့ ကင်းရှင်းခဲ့တဲ့သူတစ်ဦးအနေနဲ့ ပါတီနိုင်ငံရေးထဲကို ၀င်ရောက်လာပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် အရွေးခံရတဲ့အကြောင်းကိုသိချင်ပါတယ်။
ဖြေ။ ။ ပရဟိတလုပ်ငန်းတွေလုပ်လာရင်းနဲ့ ပြည်သူတွေရဲ့ ဘဝကို ထဲထဲဝင်သိလာတဲ့အခါကျတော့ ပြည်သူတွေရဲ့ Human Right (လူ့အခွင့်အရေး) တွေ ဘယ်လောက်ဆုံးရှံူးနစ်နာတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသေချာမြင်ရတဲ့အခါကျတော့ နိုင်ငံရေးလောကထဲကို ၀င်ရောက်လာဖို့ တွန်းအားဖြစ်လာတာပေါ့။ ဘာမြင်သလဲဆိုတော့ နိုင်ငံတော်က ဘတ်ဂျက် ချပေးလိုက်တယ်၊ လမ်းတံတာ တည်ဆောက်ရေးအတွက်ပေါ့ အဲဒီဘတ်ဂျက်တွေ လေလွင့်ဆုံးရှံူးမှု၊ အလွဲသုံစားမှုတွေ အများကြီးပဲ၊ ပြည်သူတွေနဲ့ ဒေသအကျိူးအတွက် မရှိသလောက်ဖြစ်နေတယ်၊ အဲဒါတွေကို သိရှိတဲ့အခါကျတော့ နိုင်ငံရေး လောကထဲကို ၀င်လိုက်တာနဲ့ အကောင်းဘက်ကို အတိုင်အတာ တစ်ခုအထိပေါ့ ပြောင်း လဲပေးနိုင်မလားဆိုတဲ့ခံယူချက်နဲ့ ခုလို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။
မေး။ ။ လာမယ့်ရွေးကောက်ပွဲကျရင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံရပြီး စစ်ကိုင်းတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီးဖြစ်လာခဲ့မယ်ဆိုရင် ချင်းပြည်သူတွေအတွက် ဘာတွေလုပ်ဆောင်ပေးမှာလဲ။
ဖြေ။ ။ နံပတ် ၁ အနေနဲ့ ဒေသဖွံ့ဖြိုးရေးကိုဖော်ဆောင်မှာပါ၊ ဒေသဖွံ့ဖြိုးလာတဲ့အခါမှာ ချင်းမျိူးနွယ်စုတွေအားလုံးကို စုစုစည်းစည်းနဲ့ “ချင်း” ဆိုတဲ့ ထီးမိုးအောက်မှာ ခိုင်မှာတဲ့သွေးစည်းညီညွတ်မှုရှိအောင် ကြို စား ပြီးတော့ ဖော်ဆောင် မယ် လို့ စိတ်ကူးထားပါတယ်။ ချင်းတိုင်းရင်းသားတွေအချင်းချင်းစည်းလုံးပြီးမှ ချစ်ချစ်ခင်ခင်ရှိပြီးဆိုတဲ့နောက်မှာ ဒီမှာရှိတဲ့ အခြားသော တိုင်းရင်းသား ဗမာတွေနဲ့ လည်း ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ဖို့လိုပါတယ်။ အဲလိုတည်ဆောက်နိုင်မှလဲ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရရှိလာပြီးတဲ့နောက်မှာ ချိူ့တဲ့နေသော လူသားအရင်းအမြစ်တွေ၊ မိမိရဲ့ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေး၊ အရည်သွေး အရည်အချင်းအဲဒါတွေကို ဖွံ့ဖြိုးတိုးတက်လာနိုင်အောင် လမ်းဖွင့်ပေးဖို့ လိုပါတယ်။
မေး။ ။ ဒေသဖွံ့ဖြိုးရေးကို အဓိက လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဘယ်အပိုင်းကိုလုပ်ဆောင်မှာပါလဲ။
ဖြေ။ ။ လမ်း တံတားကောင်းဖို့ ကြိုးစားပေးပါမယ်၊ ပြီးလို့ရှိရင် မြို့လှပသာယာရေး၊ ခုဆိုရင် ရေတွေလျှံနေတယ်၊ မိုးများတဲ့အခါရေလျှံတာမဖြစ်သင့်ဘူး၊ ရေလွှတ်မြောင်းတွေမကောင်းလို့ ရေမြောင်း စနစ်တွေဖော်ဆောင်ဖို့ လုံလောက်တဲ့ ဘတ်ဂျက်တွေရှိမယ်ဆိုရင် ၅ နှစ်မလိုပါဘူး၊ ၃ နှစ်အတွင်းမှာကို သိသိသာသာပြောင်းလဲလာပါလိမ့်မယ်။
မေး။ ။ လမ်း တံတား ကောင်းမွန်အောင်လုပ်မယ်လို့ပြောပါတယ်။ ဘယ်လိုလုပ်ဆောင်မှာလဲ။
ဖြေ။ ။ ဥပမာအားဖြင့် ဘတ်ဂျက်တွေဟာ အရှိကိုအရှိတိုင်းမသုံးဘူးဆိုတာသေချာတယ်၊ ထားပါတော့ ဒီကလေးမြို့မှာ ၂၀၁၄-၁၅ မှာ စည်ပင်သာယာရေးကော်မတီကို သိန်း ၈ ထောင်ကျပေးလိုက်တယ် ပွင့်လင်းမြင်သာမှုတစ်ခုမှမရှိဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အန်ကယ်တို့ လုံးဝအယုံအကြည်မရှိဘူး ခြစားမှုများတယ် အဲဒါကြောင့်မို့လို့ ဒီလိုဘတ်ဂျက်တွေကို ခြစားမှုမရှိဘဲ နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေက အလေအလွင့်မရှိဘဲနဲ့ သုံးမယ်ဆိုလို့ရှိရင် အများကြီးကို စံချိန်မှီ တံတားကောင်းမယ်၊ လမ်းကောင်း မယ်၊ တကယ်လို့ အန်ကယ် ချင်းဝန်ကြီးဖြစ်လာရင် ဒီကော်မတီတွေကို တည့်မတ်ပေးမယ်၊ အပြုသဘောနဲ့ ပြောမယ်၊ ၂၀၁၄ တုန်းက ကလေးမြို့မှာ လမ်း ၂၆ လမ်းကို ကတ္တရာခင်းတယ်၊ ၂၃ လမ်းကို စည်ပင်ကတာဝန်ယူတယ်၊ အကုန်အကျပိုများမယ့် ၃ လမ်းကို ကန်ထရိုက်တာတွေက တာဝန်ယူတယ်၊ ကျနော်သွားလေ့လာကြည့်တော့ ကန်ထရိုက်တာလုပ်တဲ့လမ်းမှာ လူထုထံငွေမတောင်းဘူး၊ ဒါပေမယ့် စည်ပင်က တာဝန်ယူတဲ့ လမ်းသည် တစ်ပေ ၆ ထောင် တဲ့ ရှင်းတယ်။
မေး။ ။ အန်ကယ်က တကယ်လို့ ချင်းရေးရာဝန်ကြီးဖြစ်လာလို့ အဲဒီလိုအလွှဲသုံးစားမှုတွေဌာနဆိုင်ရာတွေမှာရှိ လာရင် ဘယ်လိုအရေးယူဆောင်ရွက်မှုတွေလုပ်မှာလဲ။
ဖြေ။ ။ အပြုသဘောနဲ့ ကောင်းကောင်းမွန်မွန်ညှိနှိုင်းမယ်၊ ခင်ဗျားတို့ လစာလည်းအပြည့်အဝရပြီးသား၊ ခေတ်စနစ်လည်း ပြောင်းလာပြီ ပြည်သူတွေရဲ့မျက်နှာကို ထောက်ကြပါ နိုင်ငံတော်ဘတ်ဂျက်သည် တကယ်တော့ ပြည်သူ့ဘဏ္ဍာပါ၊ သက်ဆိုင်ရာလုပ်ငန်းတွေမှာအပြည့်အဝအသုံးချပါလို့ အန်ကယ်တရားဝင်ပြောမယ်၊ မလိုက်နာရင်တော့ လိုအပ်သလိုအရေးယူမယ်၊ အဲလိုလုပ်မှလည်း တိုင်းပြည်ပြောင်းလဲမှာပေါ့။
မေး။ ။ ချင်းပြည်သူ မဲဆန္ဒရှင်တွေအပေါ် ဘာများပြောချင်သေးလဲ။
ဖြေ။ ။ နိုးထချိန်တန်ပြီ မအိပ်သင့်တော့ဘူး၊ အနှစ် ၅၀ လုံးလုံး အိပ်ပျော်လာခဲ့ပြီးပြီ ဒီချိန်မှာ နိုးထချိန်တန်ပြီ။
Pu Lian Nawn သည် ၁၉၄၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ချင်းပြည်နယ် ထန်တလန်မြို့နယ် ဇန်တလန်ကျေးရွာတွင် အဖ ဦးထန်ပေါင်း နှင့် အမိ ဒေါ်ငွေထန်းတို့မှ ဖွားမြင်သည်။ မွေးချင်းညီအကိုမောင်နှမ ၈ ယောက် အနက် တတိယအကြီးဆုံး သားဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် ချင်းပြည်နယ် ဖလမ်းမြို့အထက ကျောင်းမှ အထက်တန်းအဆင့် အောင်မြင်ပြီး၊ ၁၉၆၅ ခုနှစ်၌ သစ်တောအုပ်အကြီးတန်စာမေးပွဲကို ပြင်ဦးလွင်တွင် ၀င်ရောက်ဖြေဆိုကာ တစ်နိုင်ငံလုံးတွင် ပထမဆု ရရှိခဲ့သည်။
၁၉၇၁ ခုနှစ်ကစတင်ပြီး သစ်တောမြို့နယ်ဦးစီးမှူးတာဝန်ကို စတင်ထမ်းဆောင်ကာ ၁၉၉၃ ခုနှစ်တွင် ဦးခင်ညွှန့်ရဲ့ စီမံချက်နှင့်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ရ နှစ်ချခံခဲ့ရသည်။ ၁၉၉၉ ခုနှစ်တွင် ထောင်မှပြန်လည်လွတ်မြောက် လာ ပြီးနောက် Chin Baptist Association တွင် ၆ နှစ်တိတိ ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ကာဆင် အသင်းတော်တွင် ၄ နှစ် ဥက္ကဌတာဝန်ထမ်းဆောင်ပြီး AZB ခေါ် ဟားခါးနွယ်စုလူမှုရေးဥက္ကဌအဖြစ် ယခုချိန် ထိ တာဝန် ထမ်းဆောင်လျက်ရှိသည်။
ယခုလက်ရှိတွင် ဦးငိုင်ဆာခ့်ဦးဆောင်သော ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) ပါတီ၏ ကလေးမြို့နယ် ပါတီဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး CLD ပါတီကိုယ်စားပြုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ချင်းရေးရာ လွှတ်တော်ကိုယ်စား လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။