ထို့အပြင် ဒီးမော့ဆိုမြို့နယ် ရူးဖယ်ခူရပ်ကွက်ရေးရာကိစ္စရပ်များအတွက် အုပ်ချုပ်ရေးမှူးက စက်တင်ဘာလ ၁၅ ရက်၌ အစည်းအဝေးတစ်ရပ်ကျင်းပရာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးရေး လက်ကမ်းစာစောင်များပေးဝေ ခဲ့ခြင်း၊ ကျောင်းအချို့တွင် မိဘဆရာအသင်း အစည်းအဝေး ပြုလုပ်ပွဲအပြီးတွင်ပါတီ၏ စည်းရုံးရေးဟောပြောပွဲ ပြုလုပ်သွားခြင်းများ ရှိနေသည့်အတွက် အခွင့်အရေးမညီမျှကြောင်း လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်) ဥက္ကဌ ဦးဖိုးရယ်က ပြောသည်။
“ဒါမျိုးတွေကမဖြစ်သင့်ဘူး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း ဖိတ်ရင် တစ်ပါတီတည်းကိုမဖိတ်သင့်ဘူး။ ကျနော်တို့ပါတီတွေကိုလည်းဖိတ်သင့်တယ်။ မျက်နှာလိုက်သလိုဖြစ်နေတယ်။” ဟု ဦးဖိုးရယ်က ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုဝန်ကြီးများက မဲဆွယ်စည်းရုံးရာတွင် နိုင်ငံတော်ဘဏ္ဍာသုံးစွဲခြင်း ၊ ဝန်ထမ်းများ နိုင်ငံရေးကင်းရှင်းရမည်ဟုဆိုသော်လည်း အနိုင်ရပါတီကြီးက ဝန်ထမ်းများကို မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွင် ပါဝင်စေခြင်း၊ အကြပ်ကိုင်ခြင်း ၊ လာဘ်ပေးလာဘ်ယူမှုများ ဖြင့်မဲဆွယ်စည်းရုံးခြင်း တို့ကြောင့် ပါတီငယ်များက အခက်အခဲကြံုတွေ့နေကြရသည်ဟု စက်တင်ဘာလ ၁၅ ရက် လွိုင်ကော် ရဟန်းဖြစ်သင်ကျောင်းတွင် ပြုလုပ်သည့် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ သိရသည်။
ပြည်သူများက နိုင်ငံရေးစိတ်ဝင်စားမှုအားနည်းခြင်းကြောင့်လည်း စည်းရုံးရေးဆင်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ရာတွင် အခက်အခဲရှိသည်ဟု ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ် (၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အမျိုးသမီး ကိုယ်စာလှယ်လောင်း ဒေါ်ဆိုဖာနီးယာက ပြောသည်။