ပြည်သူများ နိုင်ငံရေးဆိုင်ရာ အသိပညာ ဗဟုသုတ နည်းပါးသဖြင့် မဲပေးသည့်အသိပညာများကိုသာ ဦးစားပေး ပြောနေရသည်ဟု ရှမ်းတိုင်းရင်းသားများ ဒိီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ စိုင်းစံအေးကပြောသည်။
“ကျနော်တို့ ပါတီက အခုဘာလုပ်နေရသလဲဆို မဲထည့်ပုံထည့်နည်း၊ မဲပြားကို ဖြေရှင်းနည်း အဲလိုမျိုးပေ့ါ။ မဲနဲ့ ပတ်သက်ပြီး ရှင်းပြနေရတယ်။ ပါတီရဲ့ မူဝါဒလမ်းစဉ်ကတော့ အရင်ကပဲ လုပ်တယ်။ အခုလောလောဆယ်ကတော့ အဲဒါပဲလုပ်နေရတာပေ့ါနော်။ ပြည်သူတွေက နားမလည်ဘူးလေ”ဟု စိုင်းစံအေးက ပြောသည်။
ထိုကဲ့သို့ ကြံုတွေ့နေရခြင်းမှာ ယခင် ရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့် ပြီးသွားသည့်အတွက် ပြည်သူများက အတွေ့အကြံုမရှိ မသိနားမလည် ဖြစ်နေကြရခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ဖရူဆိုမြို့နယ် မဲဆန္ဒနယ်တွင်လည်း ရွေးကောက်ပွဲကျင်းပရခြင်းကို မသိကြသည့်အတွက် မည်သည့်ကိုယ်စားလှယ်လောင်းကို မဲထည့်ရမည်ဆိုသည်ကိုလည်း နားမလည်ကြသေးကြောင်း ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်တွင် ၀င်ပြိုင်မည့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီမှ ခူးသဲရယ်က ပြောသည်။
“ရွာတွေမှာဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်တာ (၁၀)ယောက်မှာ (၁)ယောက်လောက်ပဲသိချင်မှသိမှာ။ ဒါတောင်မှ ရှားရှားပါးပါးပေ့ါ” ဟု ခူးသဲရယ်ကပြောသည်။
ပြည်သူများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်း တာဝန်သည် ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဟုဆိုသော်လည်း ပါတီများကသာလျှင် တာဝန်ကိုယူဆောင်နေရသလို ဖြစ်နေကြောင်း မဲဆွယ်စည်းရုံးရေးဆင်းနေသော ကိုယ်စားလှယ်လောင်းများ က ပြောသည်။
အလားတူ ရခိုင်ပြည်နယ် မဲဆနနယ်မှဝင်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းများကလည်း ပါတီလှုပ်ရှားမဲဆွယ် စည်းရုံးမှုထပ် မဲထည့်ပုံထည့်နည်းကိုသာရှင်းပြနေရကြောင်းသိရသည်။