စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် အာရက္ခပြည်နှင့်ထိစပ်နေသည့် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းဘက်ထိ ထိုးစစ်တိုက်ပွဲများဖြင့် အောင်ပွဲဆင်လာနေသည့် အာရက္ခတပ်တော်သည် (AA) သည် ၄င်းတို့ သိမ်းပိုက်ထားသည့် ရခိုင်မြို့နယ်များတွင်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးပေးလုပ်ဆောင်နေကြောင်း ရခိုင်ပြည်သူများက ပြောသည်။
AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် သိမ်းပိုက်ထားသည့် ရခိုင်မြို့နယ်များတွင် သမိုင်းဝင်အမွေအနှစ်များကို စောင့်ရှောက်ခြင်း၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ လုံခြုံရေးအတွက် ညစဥ်ကင်းလှည့်ခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။
ယာဥ်အန္တရာယ်ကင်းရှင်းရေးအတွက် မြောက်ဦး ရှေးဟောင်းယဥ်ကျေးမှု နယ်မြေအတွင်းရှိ ပြည်သူများ ဖြတ်သန်းသွားလာမှုများသည့် လမ်းဆုံလမ်းခွများတွင် AA စစ်သည်/စစ်မေများက စည်းကြပ်ဆောင်ရွက်နေသည်ကို Arakan Princess Media က ဓာတ်ပုံများနှင့်တကွ ဖော်ပြလာသည်။
တခြားသိမ်းပိုက်ထားသည့် မြို့များတွင်လည်း လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွများတွင် ယာဥ်ကြောရှင်းလင်းမှုများကို အာရက္ခပြည်သူ့ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။
အလားတူ နွေမတိုင်မီကပင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လုပ်ဆောင်နေကြောင်း သိရှိရသည်။
မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ရပ်ကွက်များအတွင်း လှည့်လည်ဆော်ဩအသိပေးခြင်း၊ မြို့တွင်း စက်သုံးဆီသိုလှောင်မှုကို ကန့်သတ်တားမြစ်လိုက်ခြင်းအပြင် အရေးပေါ်မီးငြိမ်းသတ်ကိရိယာများ အိမ်တိုင်းစေ့ လုပ်ဆောင်စေရန် အမိန့်ထုတ်ညွှန်ကြားခြင်းများ လုပ်ဆောင်ထားကြောင်း ကျောက်တော် မြို့သစ်ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောသည်။
"မီးကတ်၊ မီးချိတ်တွေ၊ လှေကားတွေ အိမ်တိုင်းစေ့လုပ်ထားဖို့ ညွှန်ကြားထားပါတယ်။ နွေရောက်လာတော့မယ်ဆိုတော့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေနဲ့ လုပ်ခိုင်းတာ။ ပြီးတော့ အရင်ကဆို မြို့တွင်း စက်သုံးဆီသိုလှောင်တာတွေ ရှိခဲ့တယ်။ အခုတော့ ကန့်သတ်လိုက်တယ်" ဟု ပြောသည်။
အာရက္ခတပ်တော်သည် ၄င်းထိန်းချုပ်ရာမြို့များတွင် ဒေသလုံခြုံရေးအတွက် ပြည်သူများနှင့် ပူးပေါင်းကာ ရပ်ကွက်တိုင်းကို ညစဥ်ကင်းလှည့်လုံခြုံရေးယူပေးနေကြောင်းလည်း ပြည်သူများက ပြောသည်။
"ည ရှစ်နာရီလောက်ကပဲ တပ်တော်က စစ်သည်တွေ၊ ပြည်သူတွေ ပူးပေါင်းအဖွဲ့တွေက ကင်းစောင့်ကြတယ်။ ကင်းလှည့်ကြတယ်။ ကင်းရုံတွေလည်း ရပ်ကွက်တိုင်းမှာ လုပ်ထားပါတယ်။ ခိုးမှု၊ လုယက်မှုတွေ၊ ဖောက်ထွင်းမှုတွေ မရှိသလောက် နည်းပါးနေပါပြီ" ဟု နောက်ထပ် ကျောက်တော်မြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
တခြားတစ်ဘက်တွင်လည်း အာရက္ခတပ်တော်က ရခိုင်တို့၏ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှုများအား အလေးပေးလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
တိမ်ကောပျောက်ကွယ်သွားနိုင်သည့် ရှေးဘုရင်ခေတ် အင်းတော်ကန်တော်များအား တူးဖော်ရှင်းလင်းခြင်း၊ သမိုင်းဝင် အမွေအနှစ်ပစ္စည်းများတည်ရှိရာ တောင်များကို မပျက်စီးရန် အမိန့်ထုတ်ညွန်ကြားခြင်းများ ပြုလုပ်ထားကြောင်း ပြည်သူများက ပြောသည်။
ရခိုင်နှင့် ထိစပ်သည့် တိုင်းဒေသကြီးများဘက်ထိ စစ်မြားဦးလှည့်ပြီး တိုက်ပွဲပြင်းထန်နေစဥ် ရခိုင်ပြည်တွင်းမှာလည်း အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်သည်မှာ အာရက္ခပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုနှင့် ထောက်ခံမှုများကြောင့်ဖြစ်ကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
"စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် တိုင်းဒေသကြီးတွေဘက်အထိ စစ်ရေးကျယ်ပြန့်လာတဲ့အချိန်မှာ အာရက္ခပြည်တွင်းမှာလည်း ဒီလိုလုပ်ငန်းတွေ လုပ်ဆောင်လာနိုင်တာဟာ အာရက္ခပြည်သူတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့်လို့ ဆိုရမှာပါ။ ဒီလိုလုပ်ငန်းတွေကို တခါတည်းလုပ်နိုင်ခြင်းအားဖြင့်လည်း စစ်ရေးရည်မှန်းချက်တွေ ပြည့်ဝပြီးနောက် အာရက္ခပြည်ကို တည်ထောင်တဲ့အချိန်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေ အဆင်သင့်ဖြစ်နေအောင် လုပ်ဆောင်တာမျိုးလို့ သုံးသပ်ပါတယ်" ဟု ပြောသည်။
AA သည် ရခိုင်ပြည်တွင်း ၁၇ မြို့နယ်ရှိသည့်အနက် မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားပြီး စစ်ရေးအရ အရေးပါသော အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့ရှိ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) တို့ကိုလည်း သိမ်းပိုက်ထားသည်။