၂၀၂၅ နှစ်သစ်ကူးပြီးနောက်ပိုင်းမှာ တီးတိန်မြို့အလွန် တွန်းဇံမြို့ဘက်က မဏိပူရ မြစ်ကူးတံတားတွေမှာ ကုန်တင်ကားတွေကို ဒေသတွင်း PDA-Tedim လက်နက်ကိုင်အဖွဲ့မှ တံတားဖြတ်ကူးခ ကား ၁ စီးလျှင် ကျပ် ၁ သိန်း စတင်ကောက်ခံလာခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဂိတ်များနှင့် ဒေသကာကွယ်ရေးတပ်များမှ ဂိတ်ကြေးများ မြင့်မားစွာ ကောက်ခံနေဆဲဖြစ်သော်လည်း ကလေး-တီးတိန် လမ်းမပေါ်မှာ ခရီးသည်တင်နှင့် ကုန်တင်ကားများအပါအဝင် ကားမျိုးစုံ ပုံမှန်ပြေးဆွဲ ဖြတ်သန်းနေကြတယ်လို့ ယာဉ်လိုင်းများနဲ့ နီးစပ်သူများထံမှ သိရှိခဲ့ရပါတယ်။
“ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဒေသခံတွေက တွီးထန်တံတား (Philtun) ကို ပြန်ဖွင့်ပေးဖို့ PDA-Tedim ကို တောင်းဆိုကြတယ်။ PDA-Tedim ကလည်း ပြန်ဖွင့်ပေးပြီး ဂိတ်ထိုင်ကြတယ်။ ကွမ်းသီးကားတွေ၊ ကုန်တင်ကားတွေကို ဂိတ်ကြေးတောင်းနေကြတယ်။ စကတ် (skat) ကားတစ်စီးကို ကျပ် တစ်သိန်း တောင်းကြတယ်။ လက်ရှိမှာ တစ်ရက်ကို အနည်းဆုံး ကွမ်းသီးတင် ကုန်တင်ကား အစီးရေ ၂၀ နှင့်အထက်က အဲတံတားကို ဖြတ်လေ့ရှိတယ်။ အန်လန့်တံတားအပါအဝင် တခြား တီးတိန်နှင့် တွန်းဇံမြို့ကြားမှာရှိတဲ့ မဏိပူရ မြစ်ကူးတံတားတွေ အားလုံးကို တံတားဖြတ်ခ ကျပ် တစ်သိန်း ပေးရတယ်။ အဲတံတားတွေ အားလုံးက တီးတိန်-ကျီးခါး ကို သွားရတဲ့ တံတားတွေပဲ” လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက တီးတိန်-ကျီးခါး သွားတဲ့ မြစ်ကူးတံတားများအခြေအနေကို ရှင်းပြခဲ့ပါတယ်။
“ကလေး-တီးတိန်ကို ကားခ အတက်ဘက် ကျပ်ခြောက်သောင်း၊ အဆင်း ကျပ်ငါးသောင်းခွဲဝန်းကျင်နဲ့ ယာဉ်လိုင်းတွေက ပြေးဆွဲလာကြတယ်။ ယာဉ်လိုင်းတစ်ခုနှင့်တစ်ခု ကွာရင်လည်း ငါးထောင်ဝန်းကျင်လောက် ဖြစ်လာပါပြီ။ ကားခတွေ ကျလာခဲ့ပေမယ့် ဂိတ်ကြေးတွေကတော့ ကျမလာသေးဘူး” လို့ တီးတိန် ယာဉ်လိုင်းနှင့် နီးစပ်သူတစ်ဦးမှ Chin World Media ကို ပြောပြပါတယ်။
ခရီးသည်တင် အံစာတုံးကား တစ်စီးကို ရှစ်မိုင်ဂိတ် ခေါ် ကလေးတက္ကသိုလ် မုခ်ဦးရှေ့ရှိ စစ်ကောင်စီဂိတ်က အတက်ခရီးအတွက် ဂိတ်ကြေး ကျပ်ရှစ်သောင်းခန့်၊ အဆင်းဘက်တွင် ခရီးသည် အနည်းအများကိုလိုက်ပြီး ကျပ်ခုနစ်သောင်းခန့် တောင်းလေ့ရှိကြောင်း၊ ခိုင်ကမ်း ရဲစခန်းဂိတ်ကနေ ကားတစ်စီးကို ပုံမှန် ကျပ်လေးသောင်း တောင်းလေ့ရှိကြောင်း၊ သိုင်းငင်းရွာရှိ ဒေသကာကွယ်ရေးတပ်ဂိတ်မှာ အတက်ခရီးအတွက် အနည်းဆုံး ကျပ်သုံးသောင်း၊ အဆင်းခရီးကို ခရီးသည်မရရှိပါက အနည်းဆုံး ကျပ်ငါးထောင် တောင်းလေ့ရှိကြောင်း သိရပါတယ်။
“၆ ဘီးအထက် ကုန်တင်ကားတွေကတော့ နေကြာတိုက်ကနေ ဂိတ်ကြေး ကျပ် ၃ သိန်း၊ တက္ကသိုလ် မုခ်ဦးခေါ်တဲ့ ၈ မိုင်ဂိတ်ကနေ ကျပ် ၆ သိန်း၊ ကိုးမိုင် ခေါ် ခိုင်ကမ်းမြို့ ရဲစခန်းကနေ ကျပ် ၄ သိန်း စသဖြင့် ပေးရတယ်။ ကြားထဲမှာ တစ်သိန်း နှစ်သိန်း စသဖြင့် ပေးရတာရှိတယ်။ တောင်ပေါ်တက်နိုင်ဖို့ အနည်းဆုံး ပုံမှန် ကျပ် ၁၄ သိန်း ကုန်တယ်။ ဂိတ်နဲ့တွဲတဲ့ ကုန်တင်ကားတွေက ၁၂ သိန်းလောက် ကုန်ကြတယ်” လို့ ကလေးမြို့နေ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားခဲ့ပါတယ်။
ကလေး-ရိဒ် ကုန်တင်ကား (၁၂ ဘီး) တွေက မြစ်ရေကျနေပြီဖြစ်သဖြင့် မံဆောင်း တံတားအောက်ကနေ မဏိပူရမြစ်ကို ဖြတ်ကူးနိုင်ခဲ့ပြီဖြစ်သော်လည်း ဟိုင်မွာလ်ဂျစ်ကားနှင့် ခရီးသည်တင်ကားတွေအနေနဲ့ မြစ်ကို ဖြတ်ကူးနိုင်ခြင်းမရှိသည့်အတွက် နဂိုကွင်းလမ်းများအတိုင်း သွားနေရကြောင်း၊ ခရီးသည်တွေအနေနှင့် ကားခ နှစ်သိန်းပေးခဲ့ရကြောင်း ရိဒ်ခေါ်ဒါရ်မြို့ကို ပြေးဆွဲနေသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးထံမှ သိရှိခဲ့ရပါတယ်။
“ကလေး-တွန်းဇံ ကိုတော့ ယာဉ်လိုင်း နှစ်ခုက စတင်ပြေးဆွဲနေပါပြီ။ ရက်ခြားနဲ့ ပုံမှန် ပြေးဆွဲနေပါတယ်။ အတက်ခရီးကို ကားခ တစ်ယောက် ကျပ်တစ်သိန်းခွဲ ပေးရပါတယ်။ အဆင်းခရီးကိုတော့ ကျပ်တစ်သိန်းသုံးသောင်း ရှိပါတယ်။ ကားရှိမယ့်ရက်ကိုတော့ ကားဂိတ်တွေမှာ ကြိုတင် စုံစမ်းထားခဲ့ရတယ်” လို့ တွန်းဇံမြို့နေ ပြည်သူတစ်ဦးက Chin World Media ကို ပြောကြားခဲ့ပါတယ်။
ကလေး-ဟားခါး ပြေးဆွဲသည့် ယာဉ်လိုင်းများအနေဖြင့် ကလေး-တီးတိန်-ရိဒ်- ဖလမ်း (ရိဒ်လမ်းခွဲ) -ဟားခါး လမ်းကိုလိုက်ပြီး ဖလမ်းမြို့ကို ရှောင်ကွင်းသွားခဲ့ရကာ ကားခ ကျပ်သုံးသိန်း ပေးခဲ့ရတယ်လို့လည်း ကလေးမြို့ခံများထံမှ သိရှိခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် တီးတိန် မြို့တွင်းတိုက်ပွဲအပြီးမှာ ကလေး-တီးတိန် ကားခ ကျပ်ရှစ်သောင်းကျော်ရှိရာမှ နှစ်ကုန်ပိုင်းတွင်း ကားခ တဖြည်းဖြည်း ကျဆင်းလာကာ လက်ရှိမှာ ခရီးသည် ၁ ဦး ကျပ် ၆ သောင်းခန့်သာ ကောက်ခံလာတယ်လို့လည်း သိရှိရပါတယ်။