ကျောက်တော်တွင် ART ဆေးပြတ်၍ HIV လူနာအမျိုးသားတစ်ဦး သေဆုံး

ကျောက်တော်တွင် ART ဆေးပြတ်၍ HIV လူနာအမျိုးသားတစ်ဦး သေဆုံး
Photo - Google
Photo - Google

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် ART ဆေးပြတ်လပ်၍ HIV လူနာ အမျိုးသားတစ်ဦး သေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသည့် HIV လူနာမှာ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကျောက်တော်မြို့နယ်၊ ခမောင်းတောကျေးရွာမှဖြစ်သည်။

သူသည် ပြီးခဲ့သည့် နိုဝင်ဘာလ တတိယအပတ်ခန့်က ART ဆေးပြတ်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါသေဆုံးသွားသည့် HIV လူနာအမျိုးသားမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ခါနီးမှစတင်ကာ HIV ရောဂါ ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် ၁၁ လကြာ ဆေးပြတ်လပ်နေခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

"ဆေးပြတ်နေတာက ကြာပြီ။ တိုက်ပွဲကာလဆိုတော့ ART ဆေးတွေက ဘယ်လိုမှ ဝယ်လို့မရဘူး။ ဆေးပြတ်တော့ ကျန်းမာရေးမကောင်းဖြစ်လာတယ်။ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့အထိသွားပြီး ဆေးရှာသေးတယ်။ ရှာမရဘူး။ ပိုးသတ်ဆေးတွေ အစားထိုးဝယ်သောက်လည်း မသက်သာဘူး။ နောက်ဆုံးတော့ ဆေးပြတ်ပြီး ဆုံးသွားတယ်" ဟု ပြောသည်။

ရခိုင်တွင် တိုက်ပွဲများမဖြစ်ပွားမီက HIV လူနာများ သောက်သုံးသည့် ART ဆေးကို သက်ဆိုင်ရာ မြို့နယ်အလိုက် ကျန်းမာရေးဌာနများမှ အခမဲ့ ထုတ်ဝေပေးခဲ့သည်ဟု သိရသည်။

တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်းတွင် ဌာနဆိုင်ရာများ လုံးဝမလည်ပတ်နိုင်ခြင်း၊ စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေးအပြင် ရခိုင်သို့ ဆေးဝါးများသယ်ယူခွင့်တို့ကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းတို့ကြောင့် ရခိုင်မှ HIV လူနာများမှာ ART ဆေး ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည်။

လက်ရှိတွင်ရခိုင်မှ HIV လူနာများစုမှာ ART ဆေးပြတ်လပ်ခြင်းမှာ တစ်နှစ်ခန့်ကြာလာနေပြီး စစ်တွေ၊ ရန်ကုန်သို့သွားရောက်ကာ ဆေးထုတ်ယူ၍မရဖြစ်နေရသည်။

ယင်းကြောင့် HIV ဝေဒနာသည် အများစုမှာ ဆေးပြတ်လပ်ကာ ကျန်းမာရေးဆိုးရွားလျက်ရှိနေသည်ဟု ကျောက်တော်မြို့နယ်မှ အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

"ART ဆေးကတော့ စစ်တွေမှာဆိုရင် ရလောက်တယ်။ အဲဒီအထိ သွားယူဖို့ကလည်း ဘယ်လိုမှမရဘူး။ စစ်တပ်ကလည်း ဆေးဝါးသယ်ယူခွင့်တွေကို အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်။ ART ဆေးမပြောနဲ့။ ဖျားနာရင် သောက်သုံးမယ့်ဆေးတွေကအစ ရခိုင်မှာမရှိဘူး။ လူနာတွေအတွက် ဆေးထုတ်ပေးမယ့်သူလည်းမရှိဘူး။ ဆေးရလားမေးကြည့်တော့ ဆေးမရကြဘူး။ ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘယ်လိုမှ မတတ်နိုင်တဲ့အခြေအနေပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တစ်ဖက်တစ်လမ်းကနေ လူနာတွေအတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးရင်တော့ ကောင်းမယ်" ဟု ပြောသည်။

ART ဆေးပြတ်လပ်နေသည့် လူနာများမှာ အများအားဖြင့် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသည့် လွတ်မြောက်နယ်မြေများနှင့် တိုက်ပွဲပြင်းထန်နေသည့် မြို့နယ်များတွင်လည်း ဆေးပြတ်လပ်မှုဖြင့် ကြုံတွေ့နေကြရကြောင်း သူကဆက်ပြောသည်။

ART (Antiretroviral Therapy) ဆေးဆိုသည်မှာ သွေးနှင့် ကိုယ်ခန္ဓာတွင်း အရည်များတွင်ရှိနေသည့် HIV ရောဂါပိုးများကို ဆက်လက်မပြန့်ပွားအောင် ထိန်းချုပ်ပေးနိုင်သည့် အဓိကဆေးဖြစ်သည်။

လက်ရှိတွင် HIV ရောဂါပိုးကို အမြစ်ပျောက်အောင် ကုသနိုင်သည့် ဆေးဝါး မပေါ်သေးသော်လည်း ART ဆေးကို ပုံမှန်သောက်ပေးလျှင် ကိုယ်ခံအားကောင်းပြီး သာမန်လူများကဲ့သို့ သက်တမ်းကြာရှည်စွာ အသက်ရှင်နေထိုင်နိုင်ကြောင်း သိရသည်။

အဆိုပါ ART ဆေး မသောက်သုံးရပါက HIV လူနာများမှာ AIDS ရောဂါ ဖြစ်ပွားလာကာ သေဆုံးကြရမည်ဖြစ်သည်ဟုလည်း သိရသည်။

ရခိုင်တွင် HIV လူနာများသောက်သုံးသည့် ART ဆေးကို ယခင်က မြို့နယ်အလိုက် သက်ဆိုင်ရာ ကျန်းမာရေးဌာများမှ ထုတ်ယူသူ ၅၀၀ ခန့်ရှိခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

လက်ရှိတွင် ရခိုင်၌ တိုက်ပွဲဖြစ်ပြီးနောက် ဆေးပြတ်လပ်၍ မြောက်ဦးမြို့မှ အမျိုးသမီးတစ်ဦးနှင့် မာန်အောင်မြို့နယ်မှ အမျိုးသမီးတစ်ဦးတို့လည်း သေဆုံးသွားကြပြီဟု သိရသည်။

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...