အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်မတိုက်ခိုက်ရသေးသည့် ရခိုင်မြို့ ၃ မြို့ဖြစ်ကြသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့ ၃ မြို့အနက် တရုတ်စီမံကိန်းကြီးများရှိရာ ကျောက်ဖြူတွင် ယခုရက်ပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ပြီး ကင်းထောက်ခြင်းအပါအဝင် နေ့ကင်း ညကင်းယူခြင်း၊ စစ်ကြောင်းထိုးခြင်းတို့ကို ပိုမိုလုပ်ဆောင်လာကြောင်း သတင်းရရှိသည်။
ကျောက်ဖြူသည် အာရက္ခတပ်တော် (AA) မှ ထိုးစစ်ဆင်သိမ်းပိုက်မည့် နောက်ဆုံးလက်ကျန်မြို့များအထဲက တစ်မြို့ဖြစ်ပြီး အမ်းမြို့ကျပြီးနောက် ကျောက်ဖြူဘက်သို့ စစ်ဦးလှည့်လာနိုင်သည်ဟု စစ်ကောင်စီက တွက်ချက်ထားပြီး ကင်းထောက်ခြင်း၊ အရပ်ဝတ်များဖြင့် ထောက်လှမ်းရေးများက သတင်းနှိုက်ခြင်း၊ အရေးပါသောနေရာများနှင့် ကုန်းမြင့် ဝင်ပေါက်/ထွက်ပေါက်များတွင် ကာကင်းစခန်းများချခြင်း၊ နေ့ကင်း ညကင်းလှည့်ခြင်း၊ ဘန်ကာနှင့် ကတုတ်ကျင်းများကို ကွန်ကရစ်များဖြင့် တည်ဆောက်ခြင်းတို့ကို ပြုလုပ်နေသည်ဟု ကျောက်ဖြူဒေသခံ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။
"သူတို့အနေအထားက အရမ်းကို စိုးရိမ်နေတဲ့ပုံရတယ်။ အရင်နဲ့စာရင် လှုပ်ရှားသွားလာတာတွေ များနေတယ်။ ကင်းထောက်တာ၊ သတင်းနိူက်တာတွေ ပြုလုပ်နေတယ်။ အဓိက ဇင်ချောင်းတို့ တော်မော်ဦးကို ကင်းထောက်တာတွေ ပိုလုပ်လာတယ်။ အခုလအတွင်းမှာ တိုးလုပ်လာတာ။ မောင်တောကိုလည်း သိမ်းပြီ။ အမ်းနပခလည်း ရတယ်လို့ဆိုရတဲ့ အနေအထားကို ရောက်သွားပြီ။ တောင်ကုတ်ကလည်း စစ်ကောင်စီက အကျအဆုံးများနေပြီး ၉၀ ရာခိုင်နှုန်းလောက် သေချာနေပြီ။ သိမ်းပိုက်ဖို့။ ဒီတော့ ကျောက်ဖြူလည်း အလှည့်ကျလာမယ်လို့ သူတို့ တွက်ထားပုံရတယ်။ စစ်ရေးအရ သုံးသပ်ရရင် စစ်ပြင်နေတဲ့ အနေအထား၊ အဓိက ခံစစ်ပြင်နေတဲ့ အနေအထားကို တွေ့ရပါတယ်" ဟု ပြောသည်။
ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီးရေတပ်စခန်း၊ ခြေလျင်တပ်ရင်းခလရ (၃၄)၊ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) ၊အမှတ် (၃၂) ရဲတပ်ရင်းတို့ အခြေစိုက်ထားသော်လည်း အဆိုပါနေရာများမှအပ မြို့ပြင်နေရာများအားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသည်။
"ဓညဝတီဌာနချုပ်နဲ့ ရဲတပ်ရင်းကို စစ်ကြောင်းတွေထိုးတာတို့ ခပ်စိတ်စိတ်လုပ်လာတယ်။ ဘန်ကာအသစ်တွေ ထပ်ဆောက်ပြီး ခံစစ်ကို အခိုင်အမာ ပြင်နေတယ်။ အခုရက်ပိုင်း လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ ဓညဝတီရေတပ်ဌာနချုပ် သစ်ပုတ်တောင် ရေတပ်စခန်းနဲ့ အမှတ် ၃၂ ရဲတပ်ရင်းကိုလည်း ဘန်ကာအသစ်တည်ဆောက်ကာ ခံစစ်ကို အခိုင်အမာ ပြင်ဆင်ထားတယ်။ ကျောက်တွေ၊ အုတ်တွေ၊ ဘိလပ်မြေတွေကို ကားတွေနဲ့ သွင်းနေတာတွေကို မြင်နေရတယ်” ဟု ပြောသည်။
ကျောက်တလုံးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ခလရ (၃၄) တပ်ရင်းမှ စစ်ကောင်စီပူးပေါင်းကာ မွတ်ဆလင်ဒုက္ခသည် နေရာချထားသည့်နေရာများ အနီးဝန်းကျင်နှင့် ကျောက်တလုံးတောင်တန်းတစ်လျှောက်တွင် မိုင်းအများအပြားထောင်ထားကြကြောင်း ဒေသခံများက ပြောသည်။
CDM ဗိုလ်ကြီးဇင်ယော်ကလည်း အမ်းနှင့် တောင်ကုတ်ကိုသိမ်းပြီးနောက် အာရက္ခတပ်တော်သည် ပြည်နယ်ပြင်ဘက်ကို စစ်မျက်နှာကို ဖွင့်အုံးမည်မဟုတ်သေးဘဲ ကျောက်ဖြူ၊ စစ်တွေမြို့များကို ဦးစားပေး တိုက်ခိုက်သိမ်းပိုက်လိမ့်မည်ဟု ထင်မြင်ယူဆထားကြောင်း နိရဉ္စရာကို များမကြာမီက သုံးသပ်ပြောကြားထားသည်။
ကျောက်ဖြူမြို့သည် ရခိုင်ပြည်တွင် အခြေစိုက်ထားသည့် အကြီးဆုံး ဓည၀တီရေတပ်စခန်း အခြေစိုက်ရာ မြို့ဖြစ်သည့်အပြင် နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေရရှိနေသည့် တရုတ်ရေနံနှင့် သဘာ၀ဓာတ်ငွေ့စီမံကိန်း၊ ရေနံပိုက်လိုင်းစီမံကိန်များတည်ရှိရာ မြို့လည်းဖြစ်သည်။
အဆိုပါ တရုတ်စီမံကိန်းများ လုံခြုံရေးအတွက် တရုတ်အစိုးရနှင့်ပူးပေါင်း၍ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ တည်ထောင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ တရုတ်လုံခြုံရေးများသည် ယခုနှစ် မေနှင့်ဇွန်လများကတည်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းသို့ ရောက်နေသည်ဟု Myanmar Now၊ ဒီဇင်ဘာလ ၄ ရက်နေ့က သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
“တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက အရင်ကတည်းက ဒီစီမံကိန်းတွေမှာ ရှိနေတာပါ။ သူတို့က အလုပ်သမားတွေ ယူနီဖောင်းတွေနဲ့ နေနေကြတာ။ မဒေးကျွန်းမှာရော၊ အမ်းအထက်က ရိုးပေါ်က CNPC ခြံဝင်းထဲက အဆောက်အဦတွေထဲမှာရော။ အခုနောက်ထပ် တရုတ်ကြေးစားစစ်သားတွေ ရောက်နေတယ်လို့ သတင်းထွက်နေပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုကတော့ သိပ်ကြီးကြီးမားမား မရှိသေးဘူး” ဟု ပြောဆိုသည်။
တရုတ်က ကြေးစား စစ်သားများပါဝင်သည့် လုံခြံရေးတပ်ဖွဲ့ဝင်များ ကျောက်ဖြူမြို့သို့ ဝင်ရောက်ပြီး အခြေချမည်ဆိုပါက အာရက္ခတပ်တော် (AA) က မည်သို့သဘောထားမည်ကို မသိရှိရသေးသော်လည်း ရခိုင်ပြည်ရှိ စစ်ကောင်စီစခန်းများကို “အင်္ဂါဂြိုလ်က လာပြောလည်း သိမ်းမှာဘဲ” ဟု အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာ၀တီနှင့်အင်တာဗျူးတွင် ပြောဆိုထားသည်။