အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ သင်တန်းသား ၄၀ ထွက်ပြေး၊ ၂၄ ဦး လွတ်မြောက်

အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ သင်တန်းသား ၄၀ ထွက်ပြေး၊ ၂၄ ဦး လွတ်မြောက်
ပုံအညွှန်း - စစ်မှုထမ်းရန် စုဆောင်းခံရသူများအား အုတ်တွင်းမြို့နယ်အခြေစိုက် စစ်ကောင်စီသင်တန်းကျောင်းတွင် စစ်သင်တန်းပေးနေစဥ်
ပုံအညွှန်း - စစ်မှုထမ်းရန် စုဆောင်းခံရသူများအား အုတ်တွင်းမြို့နယ်အခြေစိုက် စစ်ကောင်စီသင်တန်းကျောင်းတွင် စစ်သင်တန်းပေးနေစဥ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ သင်တန်းသား ၄၀ ဦး ထွက်ပြေးခဲ့ရာ ၂၄ ဦး လွတ်မြောက်ခဲ့ပြီး ၁၆ ဦး ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများက မဇ္စျိမကို ပြောသည်။

ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်က အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံထားရသည့် သင်တန်းသား ၄၀ ဦး ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေ့ကျင့်ရေးတပ်မှ ထွက်ပြေးလာသူများအနက် ၂၄ ဦး လွတ်မြောက်ခဲ့သော်လည်း ၁၆ ဦးမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနီးရှိ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာအတွင်းသို့ ထွက်ပြေးခဲ့ရာတွင် စစ်တပ်ထောက်ခံသူတဦး၏ တိုင်ကြားမှုကြောင့် ပြန်လည်ဖမ်းဆီးခံခဲ့ရသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူက ပြောသည်။

ဖမ်းဆီးခံရသည့် ၁၆ ဦးအနက် တစ်ဦးမှာ အမျိုးသမီးဖြစ်သူနှင့် တနှစ်ကျော်ခန့်အရွယ် ကလေးငယ်တစ်ဦးပါဝင်ကြောင်း သိရသည်။

ထွက်ပြေးသည့် သင်တန်းသားများအားတွေ့ရှိသည့် စစ်တပ်ထောက်ခံသူတစ်ဦးက အုပ်ချုပ်ရေးမှူးအား သတင်းပေးတိုင်ကြားခဲ့ပြီးနောက် ပုသိမ်မြို့မှ ထွေအုပ်ဝန်ထမ်းများနှင့် ရဲများရောက်ရှိလာပြီး ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဲဒီအနားက ရွာတွေမှာ စစ်မှုထမ်းဟောင်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေ အတော်များတယ်။ သူတို့က (ဖမ်းဆီးခံရသူများ) အဲဒီရွာထဲကို ဝင်ပြေးတာ။ ရွာသားတွေက ညဘက်တွေ့တော့ တိုင်တာပေါ့။ ပြီးတော့ စစ်သားတွေပါရောက်လာပြီး တခါတည်း စစ်တပ်ထဲကို ပြန်ဖမ်းခေါ်သွားတယ်” ဟု ၎င်းကဆိုသည်။

ထွက်ပြေးလာသူများမှာ စစ်မှုထမ်းအပတ်စဥ် (၆) သင်တန်းဆင်းထားပြီးသူများဖြစ်ပြီး မကြာမီ ရှေ့တန်းထွက်ရမည့်သူများဖြစ်ကြောင်းနှင့် စစ်ကောင်စီတပ်ကပေးသည့်လစာ စတင်ရရှိနေသူများဖြစ်ကြောင်း ဆက်ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံခဲ့ရသည့် ၁၆ ဦးအား မည်ကဲ့သို့ ပြစ်ဒဏ်များပေးကာ စစ်ဆေးနေသည်ကို မသိရကြောင်းနှင့် ၂၄ ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူက ပြောသည်။

“နတခ (အနောက်တောင်တိုင်း စစ်ဌာနချုပ်) နားကတပ်တွေမှာ အင်အားသိပ်မရှိတော့ဘူး၊ လေ့ကျင့်ရေး (၆) မှာလည်း သက်ကြီးပိုင်းစစ်သားတွေပဲ ရှိတော့တယ်” ဟု ပုသိမ်မြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

စစ်မှုထမ်းသင်တန်းသားခေါ်ယူမှုကို ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး သင်တန်းအပတ်စဉ်တစ်ခုလျှင် အင်အား ၅,၀၀၀ နှုန်းဖြင့် တနှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်းခေါ်ယူရန် စီစဉ်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် လူငယ်များမှာ စစ်ကောင်စီလက်မှ လွတ်မြောက်ရန် နည်းလမ်းမျိုးစုံဖြင့် ထွက်ပြေးကြပြီး တော်လှန်ရေးတပ်ဖွဲ့များသို့ ဝင်ရောက်သည့် လူငယ်များလည်းရှိသလို ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သည့် လူငယ်များလည်း ရှိနေသည်။

လက်ရှိတွင် ဧရာဝတီတိုင်းမှ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားဦးရေ ထောင်ချီသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရပြီး စစ်သင်တန်းတက်ခြင်းများ၊ ရှေ့တန်းထွက်ခြင်းများ ပြုလုပ်နေကြရသည်ဟု တော်လှန်ရေးအဖွဲ့များ၏ ဖော်ပြချက်များအရ သိရသည်။

Most read this week

January 9, 2025
ပုံစာ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဝဲ) နှင့် အမျိုးသား...
ကနီမြို့နယ်အတွင်း ရေကြောင်းနှင့် ကုန်းကြောင်းဂိတ်များမှ ဖမ်းဆီးထားသည့် သစ်မှောင်ခို သယ်ဆောင်မှုများ (Photo -CJ)
January 8, 2025
စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် ကနီမြို့နယ်တွင်...
ရန်ကုန်မြို့တွင် ညအချိန်စစ်ဆေးမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်။ (ပုံ-အဟောင်း)
January 7, 2025
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတဦး သေနတ်ဖြင့်ပစ်ခတ်ခံရကာ သေဆုံးပြီးနောက်...
January 6, 2025
ပုံမှန်အားဖြင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိခဲ့သည့် ဝန်ထမ်းအိမ်ရာများနှင့် ရပ်ကွက်များအပါအဝင်...