ကြာအင်းဆိပ်ကြီးတွင် တစ်ရက် ၃ နာရီခန့်သာ အင်တာနက်လိုင်းရရှိနေ

ကြာအင်းဆိပ်ကြီးတွင် တစ်ရက် ၃ နာရီခန့်သာ အင်တာနက်လိုင်းရရှိနေ

စစ်ကောင်စီမှ သတင်းစီဆင်းမှုနှောင့်နှေးစေရန် ရည်ရွယ်ပြီး အင်တာလိုင်းအားလျော့ချမှု ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ကြာအင်းဆိပ်ကြီးတွင် တစ်ရက်လျှင် အင်တာနက်လိုင်း ၃ နာရီခန့်သာ ရရှိနေသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြား စစ်ရေးတင်းမာနေသည့်အချိန်တိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရသော်လည်း ပြီးခဲ့သည့် နိုင်ဝင်ဘာလအတွင်း ပုံမှန်နေ့စဉ် အင်တာနက်လိုင်း အကန့်အသတ်ဖြင့်သာ ရရှိနေသည်ဟု ဒေသခံတို့က ဆိုသည်။

“လိုင်းရတယ်ဆိုတာက မနက်ပိုင်းတစ်ချက်ပဲရတယ်။ မနက်ပိုင်း ၆ နာရီကနေ ၈ နာရီကြာ အဲဒီအချိန်ပဲ လိုင်းသုံးစွဲလို့ရတယ်။ အဲ့နောက်ပိုင်းဆို လိုင်းအားက လျော့လျော့လာပြီးတော့ ညနေပိုင်းရောက်လာပြီးရင် VPN တွေ ဖွင့်လို့မရတော့တဲ့အထိ လိုင်းက သုံးလို့မရတော့ဘူး။ တချို့ရွာတွေက လုံးဝပြတ်တောက်သွားတဲ့ အခြေနေမှာလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်တာနက်လိုင်းဖွင့်ရာတွင် 4G အမှတ်အသားပြသော်လည်း လုံးဝအသုံးမပြုနိုင်ခြင်းကြောင့် စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်းဖြစ်ပြီး နေ့စဉ်လူမှုဘဝ ထိခိုက်မှုများစွာရှိနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ယင်းအခြေအနေကြောင့် အရေးပေါ်ကိစ္စ တစ်စုံတစ်ရာဖြစ်လာသည့်အခါ အင်တာနက်လိုင်းရရှိသည့်ရွာသို့ ကူးလူးသွားလာနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

၎င်းပြင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်း၊ လွတ်ရှမ်းနှင့် အနီးတစ်ဝိုက်ရှိ ဖာယာ၊ ပုတော၊ ပန်းအောင်၊ ခွန်နဝါ၊ တညင် အစရှိသည့် ကျေးရွာ ၁၀ ရွာထက်မနည်းတွင် စက်တင်ဘာလလယ်ပိုင်းမှစပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသည်ဟု သိရသည်။

“အနန်းကွင်းမှာ စစ်ရေး စပြီးတင်းမာနေကတည်းက လိုင်းတွေမရနေတာ။ အနီးအနားရွာကတော့ နည်းနည်းရနေသေးတယ်။ တိုက်ပွဲပြင်းထန်သွားတော့ ရွာနီးနားကလည်း ဆက်သွယ်လို့မရတော့ဘူး။ လိုင်းတွေ အကုန်ပျောက်သွားတယ်။ အခု ကျမက မြို့မှာရှိနေတာ။ ရွာကလူတွေနဲ့ အဆက်အသွယ်မရနေဘူး” ဟု အနန်းကွင်း ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက သတင်းစီးဆင်းမှုကို ပိတ်ပင်သည့်အနေဖြင့် စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ဒေသများကို ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်လေ့ရှိပြီး အချို့နေရာများတွင် နှစ်နှင့်ချီ ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ထားသည်။

စစ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၈၀ နီးပါးတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်ဟု လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားနေသည့် အသံ (Athan) အဖွဲ့က ထုတ်ပြန်ထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်တွင်ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကြာအင်းဆိပ်ကြီးမြို့၊ ဘုရားသုံးဆူမြို့နှင့် ကျိုက်ဒုံမြို့တို့ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ကြာအင်းဆိပ်ကြီးမြို့ ဖြစ်သည်။

January 7, 2025
မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး ပြည်သူတို့၏ နေ့စဉ်ဘဝနှင့်...
January 7, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်နှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်နေရာတို့တွင်...
ဓာတ်ပုံ - ပုံဟောင်း
December 23, 2024
မွန်ပြည်နယ်အတွင်းရှိ  အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းကုန်နေသည့် ပရဟိတအသင်းအကြီးအပါအဝင်...
December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...