တိုက်ပွဲအတွင်းမှာ ပြည်သူနေအိမ်တွေကို မီးရှို့ခဲ့သလို မူးယစ်ဆေးတွေသုံးစွဲခဲ့ကြောင်း စစ်သုံ့ပန်းတွေ ဝန်ခံထွက်ဆို

တိုက်ပွဲအတွင်းမှာ ပြည်သူနေအိမ်တွေကို မီးရှို့ခဲ့သလို မူးယစ်ဆေးတွေသုံးစွဲခဲ့ကြောင်း စစ်သုံ့ပန်းတွေ ဝန်ခံထွက်ဆို

ကရင်နီပြည်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေဟာ WY ဆေးပြား သုံးစွဲကြောင်းနဲ့ အထက်အမိန့်အရ တပ်သားတွေဟာ ပြည်သူနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ လွိုင်ကော်တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံ အမှတ် (၈၀) ခြေလျင်တပ်ရင်းက တပ်သားတွေက ဝန်ခံထွက်ဆိုထားပါတယ်။

ဒီကနေ့ KNDF ထုတ်ပြန်ထားတဲ့ အင်တာဗျူး ရုပ်သံဖိုင်မှာ ငြင်းဆိုလို့မရတဲ့ အထက်လူကြီးတွေရဲ့ အမိန့်အရ လုပ်ခဲ့ရတာဖြစ်တယ်လို့ ကိုယ်ပိုင်နံပါတ် ပစ/၁….၀ တပ်သား မျိုးသက်မင်းက KNDF ရဲ့မေးမြန်းမှုကို အခုလို ဝန်ခံ ထွက်ဆိုထားတာပါ။

“၆ မိုင် (ဒီးမော့ဆို) မှာတော့ အိမ် ၂ လုံး ၃ လုံး ရှို့ဖူးတာတွေ့ဖူးတယ်။ လူကြီး အကြီးအကဲတွေက ရှို့ဆိုတော့လည်း ရှို့ရတာပေ့ါ။ မြင်ကွင်းတွေမလွတ်တဲ့ အိမ်တွေမှာ ရှို့တယ်။ အဝတ်အစားတွေဘာတွေတွေ့ရင် ရှို့တယ် အဲ့လို။ ဒီလိုမျိုးလုပ်ခဲ့မိတာတွေအတွက် ခွင့်လွတ်ပေးပါလို့ ပြည်သူတွေကို တောင်းပန်ပါတယ်။ အကြောင်းကြောင်းကြောင့်နဲ့ လုပ်ခဲ့ရတာပေါ့။ လုံးဝ လွန်ဆန်လို့မရလို့ အထက်က ဗိုလ်ကြီးတွေလုပ်ခိုင်းလို့ လုပ်လိုက်ရတာ” လို့ မျိုးသက်မင်းက ထွက်ဆိုထားပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ကာလအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အချိန်မှာလည်း ပြည်သူတွေရဲ့နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ လိုက်လံမီးရှို့ဖျက်ဆီးလေ့ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်အရေအတွက် ၆၀ ကျော်ရှိတယ်လို့ ကိုယ်ပိုင်နံပါတ် တတ/၁….၁ တပ်သား ဖိုးထူးက သူ ပါဝင်ခဲ့တဲ့ တိုက်ပွဲအတွင်း အဖြစ်အပျက်ကို ရုပ်သံဖိုင်မှာ ပြောဆိုထားပါတယ်။

ဒါ့တွေအပြင် WY ဆေးပြားတွေကို မရရတဲ့နည်းနဲ့ ရှာဝယ်တာရှိပြီး ဆေးသုံးခိုင်းကာ ရှေ့တန်းထွက်ခိုင်းတာမျိုးတွေကို စစ်ကောင်စီတပ်မှာ ပြုလုပ်လေ့ရှိတယ်လို့ စစ်သုံ့ပန်းတွေက ဆိုကြပါတယ်။

အထူးသဖြင့် ကင်းစောင့်တဲ့အချိန်မျိုးတွေမှာ ဆေးပြားသုံးခိုင်းတယ်လို့ တပ်သား မျိုးသက်မင်းက အခုလိုဆက်ပြောပါတယ်။

“ဆေးပြား သေးသေး‌လေးပေါ့နော ကင်းစောင့်တဲ့အချိန် အိပ်ချင်မှာစိုးလို့ လူကလည်း စိတ်ညစ်တဲ့အခါဆို လူလည်း လန်းစေတယ် အဲ့ဒါမျိုးမို့ သုံးတာ” လို့ မျိုးသက်မင်းက ဆိုပါတယ်။

တပ်တွင်း အထက်လူကြီးအမိန့်ကို နာခံရပြီး တိုက်ပွဲအတွင်းမှာ ရှေ့တန်းရောက်တပ်သားတွေကို နောက်မဆုတ်ခိုင်းဘဲ အသေခံတိုက်ခိုင်းတာမျိုးရှိတယ်လို့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ကိုယ်ပိုင်နံပါတ် တတ/၁….၄ တပ်သား ဇော်လင်းဖြိုးကလည်း ပြောဆိုထားပါတယ်။

တပ်တွင်းကို မိမိဆန္ဒအရ ဝင်ရောက်လာခဲ့ခြင်းမရှိဘဲ မဲနှိုက်စနစ်အရသော်လည်းကောင်း၊ ပေါ်တာဆွဲခံရမှုသော်လည်းကောင်း ဝင်ရောက်သူတွေရှိတယ်လို့ လက်ရှိ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် တိုက်ပွဲပဋိပက္ခကာလအတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ လေကြောင်းရန်နဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကရင်နီပြည်မှာ ပျက်စီးဆုံးရှုံးသွားတဲ့ နေအိမ်အရေအတွက် (၂,၇၈၄) လုံးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Most read this week

December 2, 2024
ထိုင်း-ကရင်နီ နယ်စပ်မှာရှိတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေဟာ အာဟာရပြည့်ဝတဲ့...
December 2, 2024
ပါးစပ်ဖြားမှာ ပြောလို့လွယ်ပြီး လက်တွေ့မှာကျင့်ဆောင်ရခက်တဲ့ အရာတွေမှာ အိမ်ထောင်ပြုခြင်းလည်း...
November 29, 2024
အဲဒီနေ့တုန်းက အစ်မဖြစ်သူရဲ့ မင်္ဂလာဆောင်နေ့မို့ “အောင်ငဲ” တယောက် ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ပြီး...
November 29, 2024
လွိုင်ကော်မြို့နယ်ထဲက ကျေးရွာတချို့ဟာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် တိမ်းရှောင်နေကြရပြီး...