စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ အလုပ်သမားရှာမရတဲ့အထိ ဖြစ်လာ

စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ အလုပ်သမားရှာမရတဲ့အထိ ဖြစ်လာ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ပြည်ပရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိနေတဲ့ မွန်ပြည်နယ်မှာ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ကဏ္ဍပေါင်းစုံ အလုပ်သမားရှာမရတဲ့ အခြေအနေအထိ ရောက်ရှိလာတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အားပြုန်းတီးမှုကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေ ၉ လနီးပါးအကြာ မွန်ပြည်နယ်ရဲ့ ကဏ္ဍပေါင်းစုံမှာ လုပ်သားရှားပါးတဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာသွားတာ၊ စစ်မှုထမ်းဆင့်ခေါ်ခံရတာ၊ အတင်းအဓမ္မ ဖမ်းဆီးခံရမှုတွေကြောင့် တိမ်းရှောင်သွားတဲ့အတွက် လုပ်သားရှားပါးမှု ပြဿနာနဲ့ ကြုံလာရတာပါ။

ရော်ဘာခြံလုပ်ငန်းရှင်တစ်ဦးက စစ်မှုထမ်းဥပဒေကြောင့် ဒီနှစ်ရော်ဘာရာသီအစမှာပဲ လုပ်သားဌားရမ်းလို့မရတော့တဲ့အတွက် ရော်ဘာခြံအများစု လုပ်ငန်းရပ်နားရမယ့် အခြေအနေနဲ့ ကြုံနေရပြီလို့ ပြောပါတယ်။

“လုပ်သားပြဿနာက အရင်ကငှားလို့မရတာ တစ်ခါမှမရှိဘူး။ ဒီတစ်ခါတော့ ငှားလို့ကို မရတော့ဘူး။ အလုပ်သမားမရလို့ အစေးမခြစ်ရတဲ့ ခြံတွေလည်းရှိလာပြီ။ ကျွန်မတို့မှာဆိုရင် မနှစ်ကအလုပ်သမား ၁၆ ယောက်ရှိတာ။ ဒီနှစ် ၉ ယောက်ပဲ ကျန်တော့တယ်။ ထပ်ခေါ်လို့လည်း မရဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် ရော်ဘာကျွမ်းကျင်လုပ်သားတွေကို အရင်နှစ်ကထက် အခကြေးငွေတိုးမြှင့်ပေးပြီး ခေါ်ဆောင်ပေမယ့် ဒေသတွင်းက လုပ်သားတွေအပြင် တခြားဒေသတွေက လုပ်သားတွေပါ လာရောက်လုပ်ကိုင်တာ မရှိကြတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ဆားတောင်သူတစ်ဦးကလည်း စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတဲ့အတွက် လုပ်ငန်းလည်ပတ်လို့ မရတော့တဲ့အတွက် ဆားထုတ်လုပ်ဖို့ပင် အခက်အခဲရှိတယ်လို့ ပြောပါတယ်။

“ အလုပ်သမားက ရှားပါးဆိုတော့ ဆားတောင်သူတွေ ဘယ်လိုမှလှည့်ပတ်လို့ မရဖြစ်နေတယ်။ ဆိုတော့ ဆားတောင်သူတွေက အလုပ်သမားတွေ အားကိုးတယ်။ အလုပ်လုပ်ရတာ အခုဆားဈေးနှုန်းကလည်း မတက်ဘူး။ ကျွန်တော်တို့ ဆားတောင်သူတွေအနေနဲ့ နည်းနည်းအခက်အခဲမဟုတ်ဘူး။ အများကြီးအခက်အခဲ ဖြစ်သွားတာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းက စိုက်ပျိုးရေးလုပ်ငန်းတွေ၊ မွေးမြူရေးလုပ် ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း အပါအဝင် လုပ်ငန်း အားလုံးနီးပါးမှာ လုပ်သားရှားပါးမှုပြဿနာနဲ့ အကြီးအကျယ်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အလုပ်သမားအရေး ကူညီနေသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လက်ရှိမှာလည်း လူငယ်တွေအနေနဲ့ ကြောက်လန့်ပြီး ပြည်ပထွက်ဖို့ ကြိုးစားနေကြသလို တဖက်မှာလည်း ပြည်ပက ဖမ်းဆီးခံရပြီး ပြန်ရောက်လာတဲ့သူတွေကို စစ်မှုထမ်းခိုင်းနေတာကြောင့် လုပ်သားရှားပါးရတာဖြစ်တယ်လို့ ပြောပါတယ်။

“လူငယ်တွေကလည်း ရှင်းရှင်းပြောရင် ကြောက်လန့်ပြီးတော့ အပြင်ထွက်ဖို့လောက်ပဲ ပြည်ပထွက်ဖို့လောက်ပဲ ကြိုးစားနေတယ်။ ဥပမာအားဖြင့် မလေးရှားနိုင်ငံကို ထွက်လိုက်တယ်။ ထွက်ပြီး အလုပ်လုပ်တော့ ဟိုဘက်ကနေပြီးတော့ အဖမ်းအဆီးခံလို့ ပြန်ပြီးတော့မှ ဒီဘက်ကို ကော့သောင်းဘက်ကို ပြန်လွတ်ရင်တောင်မှပဲ။ ဒီဘက်ကနေ ဖမ်းပြီးတော့ စစ်ဥပဒေကိုထမ်းဖို့ ဆိုပြီးတော့ ခေါ်နေတာတွေ ရှိတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့အတွက် ခေါ်ဆောင်နေတာကြောင့် အများစု ပြည်ပထွက်ခွာနေကြတဲ့အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ပိုမိုဆုံးရှုံးလာတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတဲ့အတွက် တချို့လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ထက် ပုံမှန်လည်ပတ်ဖို့တောင် အခက်အခဲရှိလာသလို  တချို့လုပ်ငန်းတွေကတော့ ပုံမှန်မလည် ပတ်နိုင်တော့ဘဲ လျော့ချလုပ်ကိုင်ရတာ၊ ရပ်နားရတာတွေအထိ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ပြီးခဲ့တဲ့အောက်တိုဘာလအထိ စစ်မှုထမ်းအပတ်စဉ် ၆ အထိ သင်တန်းဖွင့်လှစ်ထားပြီး စစ်သားစုဆောင်းခံရသူ ၁၅၀၀ နီးပါး ရှိနေပါတယ်။

January 23, 2025
ဓာတ်ပုံ - Social Media အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့...
January 22, 2025
နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကြောင့် တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေချိန် စစ်ကောင်စီက...
January 21, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက...
January 21, 2025
မင်းဘူး ရွှေစက်တော်ဘုရား ဖွင့်ဖို့အတွက် စျေးသည်တွေကို စစ်ကောင်စီ ဖိအားပေးခိုင်းစေတာတွေ...