ရေးမြောက်ပိုင်းက ရော်ဘာခြံလုပ်သားများ အထောက်အထားမျိုးစုံဖြင့် အလုပ်လုပ်နေရ

ရေးမြောက်ပိုင်းက ရော်ဘာခြံလုပ်သားများ အထောက်အထားမျိုးစုံဖြင့် အလုပ်လုပ်နေရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းက ရော်ဘာလုပ်ငန်း လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားနှင့် ခြံရှင်တို့က စစ်ကောင်စီတပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့မှ လုပ်ခိုင်းသည့် အထောက်အထားများဖြင့် အလုပ်လုပ်နေရသည်ဟု သိရသည်။

ရေးမြောက်ပိုင်းရှိ မော့ကနင်၊ သောင်ပြင်၊ ကော့ဒွတ်၊ လမိုင်း အစရှိသည့်ဒေသက ခြံပိုင်ရှင်များနှင့် ခြံလုပ်သားများ  ဥယျာဉ်ခြံသွား အလုပ်လုပ်နိုင်ရန် မော့ကနင်ကျေးရွာအခြေစိုက် ခလရ (၁၀၆) တပ်ရင်းထံတွင် ဥယျာဉ်ခြံသွားခွင့်ကဒ် လုပ်ဆောင်ရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

တစ်ဖက်တွင်လည်း ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကလည်း လုံခြုံရေးအထောက်အထားဟုဆိုကာ ဒေသတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများကို စာရွက်စာတမ်း ပြုလုပ်ခိုင်းနေသည်လည်း ရှိနေသည်။

“ဥယျာဉ်ခြံသွားလာခွင့်ကဒ်က စစ်ကောင်စီကနေ လုပ်ရတာရှိမယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်က လုပ်ထားတဲ့ကဒ်လဲရှိတယ်။ နှစ်ခုစလုံးလုပ်နေရတဲ့သူတွေက ပြဿနာရှိနိုင်တယ်။ ဥပမာ- တော်လှန်ရေးတပ်ဖွဲ့တွေက စကစကနေ လုပ်ထားပေးတဲ့ကဒ်ကိုမြင်ရင် ပြဿနာရှိနိုင်တယ်။ စကစကလည်း တော်လှန်ရေးအဖွဲ့ရဲ့ကဒ်ကို မြင်သွားမှာကိုလည်း ကျွန်တော်တို့စိုးရိမ်ရတယ်” ဟု ရေးမြောက်ပိုင်း ဒေသခံတစ်ဦးက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့်နေရာမှာတော့ တော်လှန်ရေးတပ်ဖွဲ့တို့မှ လုပ်ခိုင်းသည့် အထောက်အထားကိုသာ လုပ်ရကြောင်း စစ်ကောင်စီက လုပ်ခိုင်းသည့်အထောက်အထား မလုပ်ဆောင်ရကြောင်းလည်း ဆိုသည်။  

ခြံသွား အလုပ်လုပ်ရန်အတွက် အထောက်အထားကို စစ်ကောင်စီတပ်က ခြံတစ်ခြံကို ကျပ် ၅၀၀၀ နှုန်းဖြင့် ကောက်ခံနေပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ခြံကိုလုပ်ခိုင်းတာမဟုတ်ပဲ၊ အခြားဒေသက ရွှေ့ပြောင်းလာရောက်အလုပ်လုပ်သူများကိုသာ လုပ်ခိုင်းကြောင်း အလုပ်သမားတစ်ဦးလျှင် ၃၀၀၀၀ ကျပ်ဝန်းကျင်ပေးရကြောင်း သိရသည်။

“ ရွှေ့ပြောင်းအလုပ်သမားထည့်မယ်ဆိုရင် အထောက်အထားလုပ်ကိုလုပ်ရမယ်။ ကိုယ်ရဲ့အလုပ်သမားက ခိုးတာပဲဖြစ်ဖြစ်၊ တစ်ခုခုလုပ်ရင် ကိုယ်ကတာဝန်ယူရတယ်။ ဒီကဒ်ကိုတော့ သူတို့မေးတဲ့ အခါကျရင် ပြပေးရတယ်။ ဒါပေမဲ့ စစ်ကောင်စီတွေတွေ့ရင် အရေးယူမယ်။ ဖမ်းမယ်ဆိုတော့ မတွေ့မိအောင်လည်း ဝှက်ထားရတယ်” ဟု ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကတော့ ခြံသွားလာခွင့် ကဒ်ကို အတင်းလုပ်ခိုင်းပြီး မလုပ်ပါက စစ်ဆေးတွေ့ရှိသည့်အခါ PDF ဆိုပြီး သတ်မှတ်မည်ဟု ဒေသခံခြံပိုင်ရှင်၊ ခြံလုပ်သားတို့ကို ခြိမ်းခြောက်ထားသည်ဟုလည်း ဆိုသည်။

ရေးမြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေသည့်အပြင် ဖမ်းဆီး စစ်ဆေးမှုလည်းများသည့်အတွက် ဒေသခံတို့က ရော်ဘာလုပ်ငန်းအပြင် ဥယျာဉ်ခြံလုပ်ငန်းများ ကောင်းကောင်းလည်ပတ်နိုင်သည့်အခြေအနေမရှိပေ။

လက်ရှိတွင်လည်း မွန်ပြည်နယ်ဈေးကွက်အတွင်း ရော်ဘာဈေးကောင်းရနေသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် ရော်ဘာစိုက်တောင်သူများ အခက်အခဲကြုံတွေ့နေကြရသည်။

January 24, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဆောက်လုပ်ရေးပစ္စည်း ဈေးကွက်အတွင်း ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၃၀,၀၀၀...
January 23, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဆည်မြောင်ဦးစီးဌာနမှ ရေမပေးသည့်အတွက် ဘီးလင်းမြို့နယ် အနောက်ပိုင်းရှိ...
January 22, 2025
မွန်ပြည်နယ်၊ ရေးတောင်ပိုင်းဒေသနှင့် မွန်ပြည်ပါတီ ထိန်းချုပ်နယ်မြေဒေသတို့တွင် စစ်ကောင်စီတပ်က...
January 21, 2025
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်သည့် သံဖြူဇရပ် - ဘုရားသုံးဆူ...