ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားခံရမှုကြောင့် ကချင်ပြည်နယ်အတွင်းမှာ စက်သုံးဆီစျေးတစ်ဖြည်းဖြည်းမြင့်တက်လာနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကန်ပိုက်တည်မြို့ကို လုံခြုံရေးယူပေးထားတဲ့ ဦးဆခုန်တိန့်ယိန်းဦးဆောင်တဲ့ NDA-K နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကို သိမ်းပိုက်ပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။
ဒါကြောင့် ဝိုင်းမော်မြို့မှာတော့ မကြာသေးမီရက်ပိုင်းတွေမှာ (95)တစ်လီတာကို ကျပ်(၇၀၀၀)သာ ရှိနေပေမယ့် ယခုရက်တွေမှာတော့ ကျပ်(၈၀၀၀)နီးပါးဝယ်ယူနေကြတယ်လို့ မြို့တွင်းနေထိုင်သူများက ဆိုကြပါတယ်။
“ ဘယ်နေ့ပြန်ဖွင့်ပေးမယ်ဆိုတာကို တိတိကျကျတော့မသိထားဘူး ဒါပေမယ့် တစ်ချို့ကောလဟာလအရတော့ (၂၅)ရက်နေ့ကိုတော့ ပြန်ဖွင့်မယ်ကြားထားတယ် သေတော့မသေချာဘူးလေ’ဟု ဝိုင်းမော်မြို့က ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဒီရက်တွေမှာတော့ စက်သုံးဆီပြတ်လတ်တာမျိုးဖြစ်ပေါ်ခြင်းမရှိသေးပေမယ့် ဒီထက်ရက်တိုးကြာမြင့်နေပါက စျေးအဆမတန်မြင့်တက်လာခြင်းနဲ့ ရှားပါးခြင်းတွေဖြစ်ပွားလာနိုင်တယ်လို့ ၎င်းတို့က ဆိုကြပါတယ်။
ကချင်ပြည်နယ်အတွက်စက်သုံးဆီများကို ယခုနှစ် ဇူလိုင်လကနေစပြီး ကံပိုင်တည်နယ်စပ်ဂိတ်တစ်ခုတည်းကနေသာ တင်သွင်းခွင့်ပြုခဲ့တာဖြစ်ကာ ရန်ကုန်ဆိပ်ကမ်းကနေသယ်ယူဖြန့်ဖြူးနေတဲ့ မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်ကိုတော့ ဇွန်လလယ်မှာပင် စစ်ကောင်စီကပိတ်ပင်ထားခဲ့ပြီးလည်းဖြစ်
ပါတယ်။
ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်း ၊ ရွှေတူးဖော်မှုလုပ်ငန်း တွေအများဆုံးလုပ်ကိုင်ကြပြီး စက်သုံးဆီလိုအပ်ချက် နေ့စဉ် ဂါထောင်ထောင်နှင့်ချီရှိနေပြီး ၂၀၂၄ ခုနှစ်လယ်ကစပြီး စက်သုံးဆီရှားပါးမှု ၊ စျေးနှုန်းကြီးမြင့်မှုတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့မှာ KIA ထိန်းချုပ်လိုက်တဲ့ နယ်စပ်မြို့ ပန်ဝါမြို့ ၊ ဧပြီလ က ထိန်းချုပ်ထားတဲ့ လွယ်ကျယ်မြို့နယ်စပ်ဂိတ် နဲ့ KIA ရဲ့ နယ်မြေထဲက လိုင်ဇာ ၊ မိုင်ဂျာယန်၊ ခါရှန် စတဲ့နယ်ဂိတ်တွေအားလုံးကို အခုရက်ပိုင်းမှာ တရုတ်နိုင်ငံဘက်က ပိတ်လိုက်တာလည်းဖြစ်ပါတယ်။