လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်းနှစ်ကြိမ်တိုက်ခိုက်ခံရ အမျိုးသား ၄ ဦးသေဆုံး

လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်းနှစ်ကြိမ်တိုက်ခိုက်ခံရ အမျိုးသား ၄ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရလို့ ဒေသခံအမျိုးသား ၄ ဦး သေဆုံးခဲ့ရတယ်လို့ လားရှိုးမြို့ခံတွေကပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်နဲ့ ညနေပိုင်း ၆ နာရီဝန်းကျင်မှာ လားရှိုးမြို့နယ် အီနိုင်းရွာနဲ့  မြို့ပြင် နားမခေါ်ကားကွင်းအနီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

အီနိုင်းရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝန်းထဲက ခန်းမဆောင်တစ်ခုနဲ့ ဖွင့်နေဆဲ မူကြိုကျောင်းတစ်ခုပျက်ဆီးခဲ့ရပြီး အမျိုးသမီးတစ်ဦးနဲ့ ၄ နှစ် အရွယ် ကလေးငယ် တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦး KNG ကို ပြောပါတယ်။

“အီနိုင်းရွာမှာက ဟိုအရင်ကတည်းက လက်နက်ကိုင်အဖွဲ့တွေအမြဲတမ်းသွားလာလှုပ်ရှားတဲ့ရွာဖြစ်တယ်။ ဒါပေမဲ့ သူတို့လှုပ်ရှားတယ်ဆိုပေမဲ့ ရွာထဲမှာနေတာမဟုတ်ဘူး။ ရွာနီးခြောက်စပ်တွေမှာနေတာဖြစ်တယ်။ ဆိုတော့ အီနိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတယ်ဆိုတဲ့ သတင်းကြောင့်မို့လုပ်လိုက်တာလို့ယူဆ လို့ရတယ် ဒါပေမဲ့ တကယ်တမ်းကျ ပြည်သူလူထုပဲထိသွားတာပေါ့”လို့ ပြောပါတယ်။

အီနိုင်းကျေးရွာဟာ လားရှိုးမြို့နဲ့ ၇ မိုင်လောက်သာကွာဝေးတဲ့ကျေးရွာဖြစ်ပြီး ကချင် နဲ့ တရုတ် လူမျိုးတွေ အများဆုံးနေထိုင်တဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာ ညနေပိုင်း ၆ နာရီဝန်းကျင်မှာ လေကြောင်းထပ်မံတိုက်ခိုက်ခံခဲ့ရတဲ့ လားရှိုးမြို့ပြင်က နားမခေါ် ကားကွင်းအနီးလေကြောင်းတိုက်ခိုက်ခံရမှုမှာတော့ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ယောက်ဒဏ်ရာရခဲ့ တယ်လို့ ဒေသခံတစ်ယောက်ကဆက်ပြောပါတယ်။

“ မနေ့ကညပိုင်းပေါ့ မြို့အထွက်ကားကြီးကွင်းနားလေးမှာ တစ်ခါပြန်ထပ်လာကြဲတော့ အဲ့မှာလည်း အမျိုးသား တစ်ယောက်သေတယ်။ တစ်ယောက်ဒဏ်ရာရတယ်ပေါ့နော်။ မနေ့ကတစ်ရက်တည်းမှာပဲ ၄ ယောက်သေပြီး ၃ ယောက်ဒဏ်ရာရခဲ့တာပေါ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ လေကြောင်းတိုက်ခိုက်မှုတွေအကြား ဒေသခံတွေစိုးရိမ်မှုမြင့်တက်နေပြီး အီနိုင်းကျေးရွာက ဒေသခံတစ်ချို့ကတော့ ဘေးလွှတ်ရာတွေမှာယာယီထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ကတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့ လူနေ အိမ်၊ စာသင်ကျောင်း၊ ဈေးနဲ့ ဘာသာရေးအဆောက်အဦးတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီး လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်တာ ၁၆ ကြိမ်တိတိရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

Most read this week

January 24, 2025
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မိုးမောက်မြို့သိမ်းတိုက်ပွဲမှာ KIA က သိမ်းပိုက်ရရှိခဲ့တဲ့...
January 22, 2025
ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့်...
January 21, 2025
ရှမ်းမြောက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ မုံးပေါ် ကျေးရွာအနီး၊ ဝိန်းဆိုင်ကျေးရွာ...
January 18, 2025
ပုံအညွှန်း - အင်းတော်ဒေသ ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့များ။ ကချင် -...