ပန်ဝါမြို့ပေါ်နဲ့ မြို့အနီး သတ္တုလုပ်ငန်းခွင်ထဲမှာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းပို့နေ

ပန်ဝါမြို့ပေါ်နဲ့ မြို့အနီး သတ္တုလုပ်ငန်းခွင်ထဲမှာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းပို့နေ

ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်၊ လူလတ်ပိုင်းတွေကို ပြည်သူ့စစ်တပ်က တပ်သားသစ်စုဆောင်းနေပြီး ရှေ့တန်းပို့နေတယ်လို့ ပန်ဝါဒေသခံတွေပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်မျက်နှာဟာ ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ပန်ဝါမြို့ဘက်ကို ဦးတည်လာနေချိန် ပြည်သူ့စစ်တပ်ဖွဲ့ဟာ မြို့ပေါ်တည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ တပ်သားသစ် အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတယ်လို့ ပန်ဝါဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။

“ပန်ဝါမြို့ထဲမှာ ဆိုင်ထိုင်လည်းမရ ဆိုင်ထိုင်လည်းလိုက်ဖမ်းတယ်။ တည်းခိုခန်းတွေမှာလည်း လိုက်ဖမ်းတယ်။ ပြီးတော့ သတ္တုဆိုက်တွေမှာလည်း လိုက်ဖမ်းတယ်။ ဘာသင်တန်းမှမပေးဘဲ ခုတိုက်ပွဲဖြစ်နေတဲ့ ၁၁ မိုင်ဘက်ကို ပို့နေတာ။ဘာသင်တန်းမှလည်း မပေးဘဲ အဲလိုလုပ်နေတယ်”လို့ ပြောပါတယ်။

ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့ကိုလက်လွှတ်လိုက်ရတဲ့နောက် ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ တပ်သားသစ်စုဆောင်းမှုဟာ ပိုဆိုးရွားလာတယ်လို့ သူကဆက်ပြောပါတယ်။

လတ်တလော ပန်ဝါမြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်နဲ့မြို့ပေါ် ဖမ်းဆီးခံရတဲ့ လူဦးရေတွေဟာ  ၂ ရက်အတွင်း ၅၀ ထက်မနည်းရှိနိုင်တယ်လို့သိရပြီး အသက် ၃၀ ဝန်းကျင်အများဆုံးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ချီဖွေ၊ပန်ဝါ၊ဆော့လော်ဘက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မြစ်ကြီးနား– ချီဖွေ– ပန်ဝါ ကားလမ်းမတစ်လျှောက် လက်နက်ကိုင်နှစ်ဖွဲ့တပ်

စလုံး သွားလာခွင့် ပိတ်ထားတာကြောင့် အခြေခံစားသောက်ကုန်ဝယ်ယူဖို့ခက်ခဲလာတယ်လို့ ပန်ဝါမြို့ခံပြည်သူတွေပြောပါတယ်။

ဒါကြောင့် သတ္တုလုပ်ငန်းခွင်တစ်ချို့ ရိက္ခာဝယ်ယူဖို့ခက်ခဲလာပြီး လုပ်ငန်းခွင်တစ်ချို့ ရပ်နားလိုက်ရတာရှိသလို တပ်သားစုဆောင်းမှုများလာတာကြောင့် အလုပ်လုပ်ကိုင်သူတွေ အဖက်ဖက်ကနေ ခက်ခဲလာနေတယ်လို့ သိရပါတယ်။

“ချီဖွေနဲ့ ပန်ဝါလမ်းမှာ ပြည်သူ့စစ်စောင့်ဘက်ကလည်း ဂိတ်တွေပိတ်ထားတယ်။ KIA ဘက်ကလည်း ပိတ်ထားတော့ ရိက္ခာတွေဝယ်ယူဖို့ခက်လာတယ်။ လောလောဆယ် မြို့နဲ့နီးတဲ့နေရာတွေကတော့ အများပိုင်းလုပ်နေသေးတယ်”လို့ ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်အထက်ပိုင်း ဆဒုံး–ကန်ပိုင်တီ–ဆော့လော်တစ်ခုလုံးကို ပြီးခဲ့တဲ့ မေလအတွင်း ထိန်းချူပ်ထားလိုက်ပြီးနောက် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ချီဖွေ၊ပန်ဝါဒေသမှာ ဩဂုတ်လ ၃ ရက်နေ့စပြီး တပ်သားသစ်စတင်စုဆောင်းနေတာလည်းဖြစ်ပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ကစပြီး ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ချီဖွေမြို့နဲ့ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။

ချီဖွေ၊ဆော့လော်၊ပန်ဝါဒေသဟာ တရုတ်နယ်စပ်ဒေသမှာရှိပြီး မြေရှားသတ္တုအများဆုံးထုတ်ယူနေတဲ့ နေရာတွေဖြစ်ပါတယ်။

Most read this week

October 9, 2024
တစ်လအကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ Lucky Men Hotel ထဲက...
October 7, 2024
ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ စစ်ကောင်စီတပ်က အောက်တိုဘာလဆန်းပိုင်းကစပြီး...
October 7, 2024
ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမကြီးပေါ်ရှိ မန်ပန်ရွာ၊...
October 4, 2024
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ကိုသိမ်းပိုက်ပြီးနောက်...