ကရင်နီပြည်က စစ်ရှောင်စခန်းလေးတွေဆီကိုရောက်ရင် “အိမ်နောက်ဖေးစျေးဆိုင်တည်ပါ” ဆိုတဲ့ စကားပုံအတိုင်း တဲအိမ်လေးတွေရဲ့ လွတ်တဲ့မြေနေရာလေးတွေမှာ အနည်းဆုံး မီးဖိုဆောင်အတွက် သီးပင်စားပင်တွေကို တနိုင်တပိုင်လေး ကိုယ်စီစိုက်ပျိုးထားတာကို တွေ့ရှိရပါတယ်။
မိုးသည်းနေတဲ့ နေ့တနေ့မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတဲ့ စစ်ရှောင်စခန်းတနေရာကို ရောက်သွားခိုက်၊ နှမ်းခင်းပြင်ကြီးရဲ့ ဘေးကပ်လျှက်က တဲအိမ်လေးထဲက ဝါရံတာမှာထိုင်နေတဲ့ စစ်ရှောင်အမျိုးသမီး မော်တာမယ်က စာရေးသူကို အလည်လာဖို့ ဖိတ်ခေါ်စဉ် သူမနဲ့ အဲ့ဒီစစ်ရှောင်စခန်းက အခြေအနေလေးတွေကို စကားစမြည်ပြောဖြစ်ကြပါတယ်။
နေ့ခင်းထမင်းစားနားချိန် ဖြစ်တာကြောင့် ကျောင်းကနေ ပြန်လာတဲ့ သား၊ သမီးတွေကလည်း နေ့လယ်စာ စားနေကြပါတယ်။ သူမတို့ မိသားစုရဲ့ စစ်ရှောင်နေရတဲ့ အခြေအနေတွေကို ဆက်ပြီး မေးမြန်းလိုက်ပါတယ်။
သူမတို့ တဲအိမ်လေးရှေ့ကနှမ်းခင်းပြင်ကြီးက သူမတို့ မိသားစုအပိုင်လားလို့ မေးကြည့်ရာမှာ မဟုတ်ကြောင်းနဲ့ သူမတို့ တနိုင်တပိုင်စိုက်ထားတဲ့ နှမ်းခင်းက မိနစ် ၃၀ ဝန်းကျင် ခြေလျင်နဲ့ သွားရကြောင်းကို ပြန်ပြောပါတယ်။ သူမဟာ နှမ်းခင်းအပြင် မိသားစုစားဖို့ အတွက် စပါးခင်းအနည်းငယ်ကိုလည်း စိုက်ပျိုးထားပါတယ်။
သူမဟာ အသက် ၄၀ ဝန်းကျင်ရှိပြီး ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာကနေ စစ်ဘေးရှောင်စခန်းကို လာရောက်တိမ်းရှောင်နေသူပါ။ သူမ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်စခန်းမှာ သူမတို့မိသားစု နှမ်းစိုက်ပျိုးထားပြီး ရောင်းလို့ရတဲ့ငွေနဲ့ ဝမ်းစာကို ဖြေရှင်းနေပါတယ်။
“လယ်က လုပ်နိုင်သလောက်လုပ်မယ်။ စပါးလည်း ထွက်သလောက်လေးပေါ့။ တနပ်စာဆိုလည်း တနပ်စာ။ နှစ်နပ်စာဆိုလည်း နှစ်နပ်စာပေါ့။” လို့ မော်တာမယ် က လက်ရှိမှာ သူမ စစ်ရှောင်နေရင်း တတ်နိုင်တဲ့ စိုက်ပျိုးရေးကို လုပ်ကိုင်ဆောင်ရွက်ထားပုံကို ပြောပြပါတယ်။
မိသားစုငါးယောက် ရှိတဲ့ သူမအဖို့ တနေ့တာအတွက် အပူပန်ရဆုံးဟာ စားရေးသောက်ရေးပါဘဲ။ နေထိုင်ဖို့ကိုတော့ ရောက်တဲ့နေရာမှာ အဆင်ပြေသလို နေထိုင်လို့ရပေမဲ့ သား၊သမီးတွေရဲ့ စာရေးသောက်ရေးအတွက်တော့ အမြဲပူပန်နေရတယ်လို့ ဆိုပါတယ်။
ပွန်ချောင်းအနီးတဝိုက်က စစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ ဒီးမော့ဆိုမြို့နယ်အတွင်းက ဒေသခံတွေ အများစုဖြစ်ကြပြီး ဘောလခဲ၊ ဖားဆောင်း၊ ရွာသစ် က ဒေသခံတွေလည်း နေထိုင်ကြပါတယ်။ စစ်ရှောင်မိသားစုတိုင်း စားဝတ်နေရေး အထောက်အကူဖြစ်စေဖို့ နှမ်းနဲ့ စပါး အနည်းငယ်စီကို တနိုင်တပိုင် စိုက်ပျိုးကြပါတယ်။
စိုက်ပျိုးထားတဲ့ အရင်းအနှီးတွေ ကုန်ကျစရိတ်တွေဟာ ပြန်လည်ရရှိလာတဲ့ သီးနှံအထွက်နှုန်းနဲ့ ယှဉ်ရင် မမျှပေမဲ့ တနိုင်တပိုင် စိုက်ပျိုးတာကနေ ဝမ်းရေးဖူလုံအောင် လုပ်ဆောင်နေရခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ မတတ်နိုင်တဲ့အဆုံး အလှူရှင်ကိုသာ တဖန်မျှော်ကိုးကြရတာပါ။ ဝမ်းတထွာအတွက် သူတို့မှာ ရှိတဲ့အား၊ ရှိတဲ့အရင်းအနှီးစိုက်ထုတ်ပြီး ဆောင်ရွက်နေကြတာ ရှိသလို အန္တရာယ်တွေကြားက လုပ်ကိုင်နေကြရင်း အရင်းအနှီးတွေကိုပါ လက်လွတ်ဆုံးရှုံးသွားရသူတွေလည်း ရှိနေပါတယ်။
“အမြဲတမ်း ရှုံးတယ်။ အရင်နှစ်တွေဆို အားလုံးနီးပါး ရှုံးတယ်။ ကုန်သွားတဲ့ အရင်းအနှီးနဲ့ ပြန်ရတာကတော့ ပြန်တွက်ရင် မကိုက်ဘူးလေ။ တချို့တလေဘဲ ရတယ်။” လို့ စခန်းကော်မတီ တာဝန်ခံတဦးဖြစ်တဲ့ ခူးတီရယ်က ပြောပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့လည်း လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်း ရှိသေးတဲ့ စစ်ဘေးရှောင်လူထုတွေအနေနဲ့ မိမိရှိတဲ့နေရာမှာ ကြိုးစားလုပ်ကိုင်ပေးကြဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားတာ ရှိပါတယ်။
“ကျနော်တို့လည်း ပြောကြတယ်လေ။ အလှူရှင်တွေကိုဘဲ မျှော်ကိုးနေမယ်ဆိုရင် သူတို့လည်း ခက်ခဲလာနေပြီ။ အဲ့ဒါကြောင့် လုပ်နိုင်ကိုင်နိုင်တဲ့သူတွေ ရှိရင် လုပ်မယ်။ အငှားရှိရင် အငှားရှာလိုက်ပြီး ဝယ်လို့ရတာ ဝယ်ပေါ့။” လို့ စစ်ရှောင်စခန်းကော်မတီဝင် ခူးတီရယ်က ဆက်ပြောပါတယ်။
စစ်ဘေးရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ အလှူရှင်တွေကို အမြဲလိုလို အကူအညီတောင်းနေရတာကြောင့် သိမ်ငယ်တာ၊ မျက်နှာငယ်တာ၊ စိတ်အားငယ်တာ၊ ရှက်ရွံ့တာတွေကိုလည်း ခံစားလာရတယ်လို့ ဆိုလာပါတယ်။
အသက် ၆၀ အရွယ်အမျိုးသားတဦးကလည်း ဝေးလံတဲ့ တောင်ယာခင်း၊ လယ်ယာခင်းထဲကို ကိုယ်တိုင်မသွားနိုင်တော့ပါဘူး။ ဒါပေမဲ့ စစ်ရှောင်နေတဲ့ တဲအိမ်ရဲ့အနီးအနားမှာ နှမ်းခင်းလေးတွေ တနိုင်တပိုင် စိုက်ထားပါသေးတယ်။
သူကတော့ ဒီးမော့ဆိုမြို့နယ် တနီးလားလဲ ကျေးရွာကနေ စစ်ဘေးတိမ်းရှောင်လာသူ ဖြစ်ပါတယ်။
“ကျနော့်အနေနဲ့ဆိုရင်တော့ လုပ်နိုင်သလောက်တော့ လုပ်ရမယ်။ အလုပ်လုပ်နိုင်သေးရင် လုပ်ရမယ်။ အလှူရှင်ဘဲ အားကိုးရင် မရတော့ဘူးလို့ ထင်တယ်။ အခုလည်း ကြာပြီတော့ ၂ နှစ်၊ ၃ နှစ်ရှိပြီ စစ်ရှောင်တာ။ အလှူရှင်ကိုဘဲ အားကိုးလို့ မရတော့ဘူး။ ကိုယ်လုပ်နိုင်သလောက် လုပ်နိုင်တာလုပ်မှ စားရမယ်လို့ဘဲ စိတ်ထဲမှာ တွေးတယ်။” လို့ အဆိုပါ အမျိုးသားက ဆိုပါတယ်။
သူတို့မိသားစုဟာ စစ်ရှောင်ကာလ ၃ နှစ်ဝန်းကျင်အတွင်း ဆန်ပြတ်လပ်တာကို မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး ရင်းနှီးတဲ့ ဘဝတူ စစ်ဘေးရှောင် မိတ်ဆွေတွေဆီမှာ ခေတ္တချေးယူစားသောက်ရပါတယ်။ နေ့စားအငှားလိုက်ရတဲ့အချိန် ( သို့မဟုတ် ) အလှူရှင်တွေက လာရောက်ပံ့ပိုးတဲ့အချိန်တွေမှာ ချေးယူထားတာတွေကို ပြန်ဆပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
သူက “စိတ်ထဲမှာတော့ တချို့ ကျနော်တို့လိုမျိုးဖြစ်ရင် ဘယ်လိုနေတော့မလဲ စဉ်းစားတာပေါ့။ တချို့လူက နည်းနည်းပါးပါး ရှိသေးလို့ တော်သေးတာပေါ့။ ချေး(ငှား)စားလို့ရတာ တော်သေးတယ်။” လို့ သူတို့မိသားစုဆီကို စားစရာ ချေးငှားပေးသူတွေကို ကျေးဇူးတင်ကြောင်း ပြောရင်း အထက်ပါက စကားကို ပြောလိုက်တာ ဖြစ်ပါတယ်။
တောတောင်ထဲ တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်လူထုတွေ အနေနဲ့ကတော့ စိုက်စားစရာ မြေနေရာ ရှိရင် အတတ်နိုင်ဆုံး စိုက်ပျိုးလုပ်ကိုင်ကြပြီး၊ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ဝေးတဲ့ ကျေးရွာတွေဆီကို ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်လူထုတွေကတော့ ဒေသခံတွေရဲ့ မြေနေရာ ငှားရမ်းပြီး စိုက်ပျိုးကြပါတယ်။ တချို့နေရာတွေမှာ အဖိုးအခပေးပြီး ငှားရမ်းကြသလို တချို့နေရာတွေမှာလည်း အခမဲ့စိုက်ပျိုးခွင့် ရထားကြပါတယ်။
ဒါ့အပြင် အလျင်းသင့်ရင်သင့်သလို နေရပ်ကိုပြန်ပြီး စိုက်ပျိုးလုပ်ကိုင်ကြသူတွေလည်း ရှိပါတယ်။ နေရပ်ကို ပြန်လာနေထိုင်လို့မရသေးပေမဲ့ စိုက်ပျိုးရေးလုပ်ကိုင်ဖို့ ခေတ္တပြန်လာကြတာပါ။
ဒီတနှစ်မှာတော့ ဒီးမော့ဆိုမြို့နယ်ထဲက ပြန်လာစိုက်ပျိုးထားကြသူတွေဟာ တဖန်ထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် ဆုံးရှုံးသွားမှာကို စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ တတိယပတ်ကစလို့ လွိုင်ကော်မြို့ကနေ လွိုင်ကော် – ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးတလျှောက် လူအင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒေါပိုးစီ ၊ စံပြ ၆မိုင် ၊ ၅မိုင် ကျေးရွာနဲ့ တခြားကျေးရွာက စိုက်ပျိုးထားတဲ့ လယ်ယာ စပါးတွေ မရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေကြတာပါ။
ပွန်ချောင်းစစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြသူတွေကတော့ သူတို့တနိုင်တပိုင် စိုက်ပျိုးထားတဲ့ နှမ်းတွေကို နွားလှည်းနဲ့သယ်ပြီး သွားရောင်းကြရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာအပြင် ကား၊ ဆိုင်ကယ်တွေ မရှိတဲ့အတွက် သယ်ယူဖို့လည်း ခက်ခဲနေတာကြောင့်ပါ။
အခက်အခဲ၊ အန္တရာယ်တွေ မျိုးစုံလှတဲ့ စစ်ဘေးရှောင်လူထုတွေမှာလည်း တတ်နိုင်တဲ့ နည်းလမ်းတွေကနေ အလှူရှင်တွေ၊ ပေးကမ်းလှူဒါန်းကြမဲ့ လက်တွေ့သက်သာစေဖို့ ကြိုးစားလုပ်ကိုင်နေကြပါတယ်။
မော်တာမယ်ကတော့ “အခုက နိုင်ငံရေးကလည်း မကောင်းဘူး။ ပြီးရင် ကျမတို့ စစ်ဘေးရှောင်ဆိုလည်း တောထဲတောင်ထဲ နေရထိုင်ရ၊ ပြီးတော့အလုပ်အကိုင်ဆိုလည်း အဆင်မပြေတော့ အလှူရှင်တွေလိုအပ်နေဆဲလို့ထင်တယ်။” လို့ သူမရဲ့ အခြေအနေကို ပြောပြသွားပါတယ်။