စံကားဒေသ အလှူရှင်မရောက် ရေဘေးသင့် ကျေးရွာများ တစ်ရက် ထမင်းတစ်နပ်သာ စားနေရ

စံကားဒေသ အလှူရှင်မရောက် ရေဘေးသင့် ကျေးရွာများ တစ်ရက် ထမင်းတစ်နပ်သာ စားနေရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အလှူရှင်မရောက်သည့် ရေဘေးသင့်ကျေးရွာများ တစ်ရက်လျှင် ထမင်း တနပ်သာ စားသုံးနေရကြောင်း စုံစမ်းသိရသည်။

လက်ရှိ စံကားဒေသရှိ ကျောက်တန်း၊ သာယာကုန်း(တောင်နှင့်မြောက်)၊ ညောင်ပင်သာ၊ မြို့ဟောင်း၊ လုံးကန်းကျေးရွာများ ထံသို့ ရေဘေးကူညီရေးအတွက် အလှူရှင်များ မရောက်ရှိလာကြောင်း၊ ထို့ကြောင့် ရေဘေးဒုက္ခသည်များသည် ရိက္ခာများ ကုန်သွားမည် ကို စိုးရိမ်စိတ်နဲ့ တစ်ရက်ကို  ထမင်း တစ်နပ်သာ စားသုံးနေရကြောင်း ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ စံကားဒေသမှာရှိတဲ့ ကျေးရွာတွေကို အလှူရှင်တစ်ယောက်မှ မရောက်ဘူး။ တစ်ထပ်အိမ်ဆိုရင် အားလုံးမြှုပ်သွားတယ်။ အစာဆိုရင် တစ်ရက်ကို တစ်နပ်ပဲစားနေရတယ်။ အခု ဘုန်းကြီးကျောင်းနဲ့ နှစ်ထပ်အိမ်ရဲ့အပေါ်ထပ်တွေ မှာပဲခိုလှုံ နေရတယ်” ဟု ရေဘေးကြုံတွေ့နေရသည့်အမျိုးသားတစ်ဉီးက ပြောသည်။

စံကားဒေသအတွင်းရေကြီးရေလျှံမှုကြောင့် နေအိမ်မြှုပ်သွားသည့်သူများအတွက် ရေဘေးစခန်းမဖွင့်လှစ်နိုင်သည့်အပြင် ထိုသူများစားသုံးရန်အတွက်လည်း အလှူရှင်များရောက်ရှိခြင်းမရှိသေးပေ။

ထို့အပြင်ရေဘေးဒုက္ခသည်များအတွက် သောက်သုံးရေနှင့် ထမင်း၊ဟင်းချက်ရန်အတွက် ရေပြဿနာကိုလည်း စတင်ရင်ဆိုင်နေရသည်။

ထိုရေမြှုပ်နေသည့် ကျေးရွာများ၏ စားသောက်နေထိုင်ရန်အတွက်  ဒေသတွင်း ပရဟိတအဖွဲ့များ စုဆောင်းထားသည့် ရန်ပုံငွေထဲမှ  ဆန်၊ဆီ၊ဆားများဝယ်ပြီး ရေဘေးအရေးပေါ်ကြုံရသူများကို  ထောက်ပံ့နေရသည်။

မိုးများ ဆက်တိုက်ထပ်မံရွာသွန်းလာလျှင် အဆိုပါ ဒေသများအတွက် ပိုပြီး ခက်ခဲနိုင်ကြောင်း၊ အခြေခံ စားသောက် ကုန်ပစ္စည်း၊ ဆေးဝါးများလည်း အရေးပေါ်လိုအပ်နေကြောင်း ပရဟိတ ကူညီနေသူများထံ သိရသည်။

“ အခု ကျနော်တို့ ပရဟိတက ရန်ပုံငွေရှိသလောက် ကူညီပေးနေတယ်။ ဆန်၊ဆီ၊ဆား လိုအပ်တဲ့ စားစရာနည်းနည်းပါးပါး လောက်ပဲ ကျနော်တို့ ကူညီနိုင်တာ။ အလှူရှင်တွေတော့ ဆက်သွယ်ထားတယ် မရောက်လာသေးဘူး “ ၎င်းကပြောသည်။

အလားတူ ညောင်ရွှေမြို့ပေါ်တွင်လည်း မြို့တဝက်ခန့် ရေနှစ်မြုပ်ခဲ့ပြီး ခရမ်းချဉ်သီးပွဲရုံများတွင် ခရမ်းချဉ်သီး ပိဿာထောင်နှင့်ချီ ဆုံးရှုံးခဲ့ရသည်။

အင်းလေးကန်တွင်းသို့ စီးဝင်နေသည့် ရေလမ်းကြောင်းများစွာရှိပြီး အင်းလေးကန်မှ ရေပြန်ထွက်ရန် ဘီလူးချောင်း မိုးဗြဲရေကာတာ တစ်ခုသာရှိသောကြောင့် မိုးဗြဲရေကာတာဖွင့်ချလိုက်လျှင် ကရင်နီဒေသတွင် ရေကြီးမှုအန္တရာယ််လည်း စိုးရိမ်နေရကြောင်းလည်းသိရသည်။

အင်းလေးဒေသတွင် ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ကျေးရွာပေါင်း ၄၄၅ ရွာရှိပြီး ထိုအထဲမှ ကျေးရွာ ၁၇၁ ရွာ ရေနစ်မြှုပ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းသင့် ပြည်သူ ၅သိန်းခန့် ကို အရေးပေါ်စားနပ်ရိက္ခာများကို ထောက်ပံ့ ကူညီရန် အတွက် ဆန်၊ အားဖြည့်ဘီစကစ်၊ အာဟာရအထောက်အပံ့ပါဝင်သည့် တစ်လစာ စားနပ်ရိက္ခာကို တိုက်ရိုက် ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း (စက်တင်ဘာလ ၁၈ ရက်)တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ထုတ်ပြန်ထားသည်။

Most read this week

September 25, 2024
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများထံသို့...
September 25, 2024
သျှမ်-ကရင်နီ နယ်စပ် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တို့တွင် ရေဘေးသင့်နေသည့်ကျေးရွာများအတွင်း...
September 24, 2024
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့်...
September 23, 2024
သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့်...