လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် လူဦးရေ ၂၀ ကျော်သေဆုံး

လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် လူဦးရေ ၂၀ ကျော်သေဆုံး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ လူဦးရေ ၂၀ ဦးကျော်ရှိကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် လွိုင်လင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေများကြောင့် မြေပြို၍ ခေါင်းနွဲ့ကျေးရွာ နှင့် အိမ်ခစ်ကျေးရွာတွင် သေဆုံးသူ လူဦးရေ ၂၀ ကျော်ကို တွေ့ရှိခဲ့ပြီး ပျောက်ဆုံးမှု နှင့် မယူနိုင်‌သေးသည့် အလောင်းများစွာ ကျန်ရှိနေသေးကြောင်း သွားရောက်ကူညီသည့် ပရဟိတ လူမှုကူညီရေးအသင်း တစ်ခုမှ  တာဝန်ရှိသူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျနော်တို့ တွေ့ရှိထားသလောက်က အလောင်းက ၂၀ ကျော်လောက်ရှိတယ်။ဒါက ၅ ရက်အတွင်း ရထားတဲ့အလောင်းတွေပေါ့။ အဲ့ထက်ပိုရင်လည်းပိုမယ်။ မြေပြိုတာနဲ့ ရောပြီး ကားက တောင်အောက်ကို ရောက်သွားတဲ့ဟာလည်း မယူရသေးတာရှိတယ်။ အိမ်ခစ်ဆိုရင် မယူရသေးတာလည်းရှိတယ် ”ဟု ပရဟိတလူမှုကူညီရေး တာဝန်ရှိ သူအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ အလောင်း၂၀ တွေ့ရှိထားပြီး လက်ရှိမှာလည်း ဆက်လက်ရှာဖွေနေသေးပြီး ခန့်မှန်းခြေ အလောင်း ၃၀ ခန့်ရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

မိုးသည်းထန်ရွာသွန်းမှုကြောင့် လွိုင်လင်-မိုင်းပွန် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မြေပြို၍ လမ်းများပျက်စီးကာ လမ်းများပိတ်ထားရသည်။

လက်ရှိတွင် မြို့ရှောင်လမ်းဖြစ်သည့် ကျောက်တန်းလမ်းကိုသာ အသုံးပြုနေရပြီး မိုင်းပွန်မြို့တွင် တွဲကားများကားကြီးများစွာ ဆက်လက်ပိတ်မိနေကြောင်း မိုင်းပွန်မြို့ ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြေပြိုနေတာကတော့ ရက်ကြာနေပြီ။ မြေပြိုကတည်းကပဲ လမ်းတွေ ပိတ်ထားတာ ၅ ရက်လောက်ရှိပြီ။ ကားတွေလည်းသွားလို့ မရဘူး။အခုကလည်း သွားလာရခက်နေတယ်။ ကျောင်းတန်းလမ်းဘက်ပဲ သွားလာနေရတာ။ကားကြီးတွေကလည်း သွားမရဘူး အတက်အဆင်းကြမ်းတယ်။ကားကြီးတွေကလည်း မိုင်းပွန်မှာ ပိတ်မိနေတာအများကြီးပဲ ”ဟု မိုင်းပွန်မြို့ ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

ယခုနှစ်သည်   သျှမ်းပြည် အရှေ့ပိုင်း နှင့် တောင်ပိုင်း တို့တွင် ရေကြီး၊ရေလျှံမှု အကြီးမားဆုံးဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုအများဆုံး ရင်ဆိုင်ရသည့် နှစ်ဖြစ်သည်။

သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်နှင့် ကျေးရွာတွင် ရာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် လူ ၁၄၀ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

တောင်ကြီးနှင့် လွိုင်လင်ခရိုင်အတွင်း ရေဘေးသင့်ဆဲ ကျေးရွာပေါင်း အနည်းဆုံး (၁၅၀) ကျော်ရှိပြီး လူဦးရေ ၁၀၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Most read this week

September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
ယခုရက်ပိုင်းအတွင်း ရေဘေးကူညီရန်အတွက် ငွေလွဲသည့် KBZ Pay အကောင့်များနှင့် ပြည်သူများ၏...
September 16, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က...
September 16, 2024
သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...