ကျောက်ဖြူဒေသခံများ မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာရမှု များပြားလာ

ကျောက်ဖြူဒေသခံများ မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာရမှု များပြားလာ

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ရေးတင်းမာနေသည့် တရုတ်စီမံကိန်းရှိရာ ကျောက်ဖြူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဒေသခံများ မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာရမှုများ တိုးလာနေသည်။

ယမန်နေ့ (စက်တင်ဘာ ၁၇) နံနက် ၈ နာရီတွင် ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်မှ အမျိုးသမီးတစ်ဦးမှာ မြို့အစွန် အောင်စေတီကျေးရွာအနီးရှိ ဒေသအခေါ် (ငကာကျောက်ကာရီ)တွင် ဟင်းခူးနေစဉ် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း သိရသည်။

အသက် (၂၆)နှစ်အရွယ် မမှဲ့ဆွေမှာ ကျောက်ဖြူဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံး သွားခဲ့သည်။

“သွားကြတာကတော့ မမှဲ့ဆွေ၊ သူ့အမေနဲ့ သူ့တူလေး၊ မိသားစု သုံးယောက်ပါတယ်။ သူတို့က မှိုဟင်း (ငှက်ကြီးတောင်ဟင်း) သွားခူးကြတာ။ အဲဒီမှာ မမှဲ့ဆွေက မိုင်းထိပြီးတော့ ညာဘက်ဒူးဆစ်အောက်ကနေ ပြတ်ထွက်သွားတယ်။ ဒါပေမဲ့ ဆေးရုံကိုရောက်တာအချိန် နောက်ကျတော့ သွေးထွက်လွန်ပြီး ဆုံးသွားတာပါ” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ မြေမြှုပ်မိုင်းပေါက်ကွဲသည့် နေရာ ၂ ဖာလုံကျော် ဒေသအခေါ် (တောင်ရှည်တောင်)တွင် စစ်ကောင်စီတပ်စခန်းရှိပြီး ယင်းမိုင်းများကိုလည်း စစ်ကောင်စီက ထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အောင်စေတီကျေးရွာသား တစ်ဦးက “မိုင်းထောင်ထားတဲ့အကြောင်းကို ဗီနိုင်းနဲ့စာရေးပြီး သစ်ပင်တွေမှာ ကပ်တာမျိုး၊ ပြီးတော့ မိုင်းထောင်ထားတာကြောင့် အောင်စေတီရွာရဲ့အနီးအနား တစ်ဝိုက်ကနေရာတွေကို မသွားလာကြဖို့ စစ်ကောင်စီက ပြောဆိုထားတာလည်းရှိတယ်။ ဒါပေမဲ့လည်း ထောင်ထားတဲ့နေရာတွေက အများကြီးဆိုတော့ ဟင်းရှာ၊ ငါးရှာရင်း မိုင်းပေါက်ကွဲလို့ ဒဏ်ရာရတဲ့လူတွေ မကြာခဏဆိုသလိုဖြစ်နေတယ်” ဟု ပြောသည်။

အဆိုပါ အောင်စေတီကျေးရွာအနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ၊ မတ်လနှင့် ဇူလိုင်လအတွင်းကလည်း မိုင်းပေါက်ကွဲမှုကြောင့် ကုလာဘာတောင်၊ စေတီတောင်ကွင်း၊ အရာရှိရပ်ကွက်တို့မှ ဒေသခံအမျိုးသား ၃ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှ အသက် ၅၈ နှစ်အရွယ် ဦးမောင်ထွန်းရွှေမှာ ပြီးခဲ့သည့် စက်တင်ဘာ၈ ရက်နေ့တွင် ရွာမြောက်ဘက်ရှိ နဂါးတောင်တွင် နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းနင်းမိသဖြင့် ညာဘက်ခြေမျက်စိအောက် ပြတ်ထွက်ဒဏ်ရာရှိခဲ့သည်။

အဆိုပါမြေမြှုပ်မိုင်းများမှာ စစ်ကောင်စီကထောင်ထားခဲ့သည့် မိုင်းများဖြစ်ပြီး ကျောက်ဖြူမြို့ တပ်ရင်းများ၊ ဓညဝတီရေတပ်ဌာနချုပ်နှင့် အနီးတဝိုက်တွင် မိုင်းထောင်ထားမှုအများအပြားရှိနေကြောင်း ဒေသခံများက ဆိုသည်။

“ကျောက်ဖြူဒေသဟာ တိုက်ပွဲပြင်းထန်တာ မရှိသေးပေမယ့် မိုင်းအန္တရာယ်ကတော့ အရမ်းစိုးရိမ်နေရတယ်။ အဓိက ကျောက်ဖြူမြို့ကို AA ဝင်တိုက်လာရင် ကာကွယ်လို့ စစ်ကောင်စီက မိုင်းတွေထောင်ထားတာ နေရာတိုင်းပဲ။ တော်တော်များတယ်။ ဒီအထဲမှာ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရာမှာ ထိခိုက်ဒဏ်ရာရတာများလာတယ်” ဟု ကျောက်ဖြူဒေသခံ လူမှုရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ကျောက်ဖြူမြိုနယ်အတွင်း င/လပွေ့၊ တောင်ရင်း၊ စေတီယျရပ်ကွက်အပါအဝင် အောင်စေတီ၊ စိုင်ခြုံ၊ ဂုံးချွိန်၊ အုန်းတော၊ မလကျွန်း၊ ပြိုင်းစေ့ကေ၊ မင်းတပ်တောင်၊ နှမ်းဖဲတောင်၊ ကုလာဘာ စသည့်ကျေးရွာ ၂၀ ခန့်တွင် မြေမြှုပ်မိုင်းများကို ထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

၂၀၂၃ နိုဝင်ဘာလကစပြီး DMG က ကောက်ယူထားသည့် စာရင်းများအရ ကျောက်ဖြူမြို့နယ်ရှိ အောင်စေတီ၊ စိုင်ခြုံ၊ အုန်းတော၊ ကုလာဘာ၊ မလကျွန်း၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင် ကျေးရွာတို့တွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃ ဦးအထိ ရှိလာနေသည်။

လက်ရှိ‌ ကျောက်ဖြူမြို့ပေါ်နှင့် စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များကို AA က ပိတ်ဆို့ထားပြီး နှစ်ဘက်စစ်ရေးတင်းမာနေသည့် အနေအထားရှိသော်လည်း တရုတ်စီမံကိန်းတည်ရှိသဖြင့် နှစ်ဘက်စလုံးက စစ်ရေးဖော်ဆောင်ရန် အကန့်အသတ်များလည်းရှိနေကြောင်း ကျောက်ဖြူဒေသခံများက သုံးသပ်နေကြသည်။

Most read this week

September 17, 2024
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း လူမှုကွန်ယက်ပေါ်တွင် စစ်ကောင်စီအား...
September 17, 2024
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်ရှိ ကျေးလက်ဒေသမှ အမျိုးသမီးငယ်များမှာ အလုပ်အကိုင်အခွင့်အလမ်း...
September 16, 2024
အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးကျပ်တည်းမှုကြောင့် မလေးရှားနိုင်ငံသို့ သွားရောက်ပြီး...
September 13, 2024
စစ်ကောင်စီသည် ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ပြည်သူ့စစ်များကို လစာပေးရန်အတွက် မွတ်ဆလင်...