အလုပ်ရုံကြီးများမှ အလုပ်သမားများ အခြေခံ လုပ်အားခ ဘတ် ၄၀၀ အထိ တိုးမြှင့်မည်

အလုပ်ရုံကြီးများမှ အလုပ်သမားများ အခြေခံ လုပ်အားခ ဘတ် ၄၀၀ အထိ တိုးမြှင့်မည်

အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ အလုပ်သမားများအား နေ့စဉ် အခြေခံလုပ်အားခ ဘတ် ၄၀၀ သတ်မှတ် ပေးသွားမည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဖီဖတ်ရချာကစ်ပရာခန် Phiphat Ratchakitprakarn က ပြောဆိုလိုက်သည်။

အနည်းဆုံး အခြေခံ လုပ်ခလစာကို ဘတ် ၄၀၀ ထိ တိုးပေးသွားမည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဖီဖတ် ရချာကစ်ပရာခန် Phiphat Ratchakitprakarn ၏ ပြောဆိုချက်ကို စက်တင်ဘာလ ၉ ရက်နေ့ Bangkok Post သတင်းစာတွင် ပြောဆိုထားသည်။

အဆိုပါ အစီအစဉ်ထဲတွင် ရွှေ့ပြောင်း အလုပ်သမားများ အပါအဝင် အလုပ်သမားအားလုံး၌ အကျုံးဝင်သည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောသည်။

ရာသီအလိုက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် လုပ်သားများ၊ ရေလုပ်သားများကိုလည်း အလုပ်စံချိန်စံညွှန်းများနှင့် အညီ လုပ်ခတိုးမြင့်ပေးသွားမည်ဟု ဆိုသည်။

သို့သော် ယခုတစ်ကြိမ် တိုးပေးသည့်ပုံစံမှာ ပုံမှန်တိုးပေးသော ပုံစံများနှင့် မတူဘဲ အနည်းဆုံး အလုပ်သမား အယောက် ၂၀၀ ရှိသည့် ကုမ္ပဏီများနှင့် စက်ရုံများတွင် ကျင့်သုံးရန် ဖြစ်သည်ဟု ထိုင်းအလုပ်သမား ဝန်ကြီး က ပြောဆိုထားသည်။

ထိုသို့ ဒီလိုခွဲခြားပြီး တိုးပေးခြင်းမျိုး မဟုတ်ဘဲ လုပ်သားအားလုံးကို တန်းတူညီမျှ တိုးပေးသင့်သည်ဟု ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ တာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောသည်။

“အဲ့လိုမျိုး ခွဲခြားသတ်မှတ်တဲ့ ပုံစံမျိုးဆိုတော့ ကျနော်တို့က ဒါကို လက်ခံပေးလို့ မရဘူးပေါ့နော်။ အားလုံးက အလုပ်သမားတွေ ဖြစ်တဲ့အတွက် လုပ်အား စိုက်ထုတ်တာခြင်းလည်း အတူတူပဲ ဆိုတော့က ကျနော်တို့ ရပိုင်ခွင့် က ရသင့်ရထိုက်တာကိုတော့ ရရမယ်ပေါ့လေ။ အဲ့ဒီအပေါ်မှာ လူဦးရေ ဘယ်လောက်ကျော်မှ ဘယ်လောက် သတ်မှတ်မယ်ဆိုတာ ကျနော်တို့အနေနဲ့ ဒါက လက်ခံပေးလို့ မရဘူးပေါ့။”

အချို့သော လုပ်ငန်းခွင်များတွင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် လက်ရှိ သတ်မှတ်ထားသည့် လုပ်ခလစာကိုပင် အပြည့်အဝ မရကြဟု မြန်မာရွှေ့ပြောင်း အလုပ်သမားများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင်လည်း လုပ်ငန်းခွင်အချို့၌ ထိုင်းအစိုးရက သတ်မှတ်ပေးထားသည့် အခြေခံလစာထက် များစွာ လျော့နည်းနေသေးသည်ဟု ကိုပြည့်ဖြိုးကျော်က ပြောသည်။

“ဥပဒေ ပြဌာန်းထားတဲ့အတိုင်း ရရမယ်ပေါ့နော သို့သော်ဒေသအတွင်း အခြေအနေတွေကြောင့် ရတဲ့ရုံတွေ ရှိသလို မရတဲ့ရုံတွေလည်း ရှိနေပါသေးတယ်။ လက်ရှိမှာ ၃၄၅ ဘတ် အနေအထားမှာ တောင်မှပဲ အားလုံးနီးပါး မရနေဘူး။ အလုပ်သမား တစ်ချို့တွေဆိုရင် ၂၀၀ ဝန်းကျင်နဲ့ လုပ်နေတာတွေ ရှိတယ်။ တစ်ချို့သော အိမ်ရုံတွေ မှာကလည်း ၂၀၀ အောက်တွေ ရှိတယ်။”

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အလုပ်သမား အယောက် ၅၀ ခန့်ရှိသော အလုပ်ရုံတစ်ရုံတွင် အခြေခံ လုပ်သား များကို ဘတ် ၄၀၀ သတ်မှတ်ပြီး တိုးပေးမည်ဟု ပြောဆိုထားသော်လည်း မည်သည့်အချိန်တွင် တိုးပေးမည်ကိုမူ မသိရသေးဘူးဟု အဆိုပါ အလုပ်ရုံတွင် အလုပ်လုပ်နေသော ကရင်နီရွှေ့ပြောင်း လုပ်သား ဖိုးကယားက ပြော သည်။

“လွန်ခဲ့တဲ့နှစ်လ သုံးလလောက်ကတော့ တော်တော်ကျယ်ကျယ် လောင်လောင်ပဲ ကျနော့် သူဌေးလည်းပြော တယ်။ ဒီ ၁၀ လပိုင်းသူများတွေ ပိုက်ဆံတိုးပေးရင် သူတို့လည်း လိုက်တိုးပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် သတင်းက ပြောရမယ်ဆိုရင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတယ်။ အရင်ကလည်း ဘတ်လုပ်ပေးမယ်ပြောပြီး ဘတ်သတင်း ငြိမ်နေသလိုမျိုးပေါ့။”

ထိုင်းနိုင်ငံတွင် အလုပ်လာရောက် လုပ်ကိုင်နေသည့် လုပ်သက် ၁၅ နှစ်တာ ကာလအတွင်း အခြေခံ လုပ်ခလစာ တိုးမြင့်ပေးခြင်းမျိုးကို အကြိမ်ကြိမ် ကြုံခဲ့ဖူးသော်လည်း လုပ်ခတိုးလာသည်နှင့်အမျှ ကုန်ဈေးနှုန်းများပါ မြင့်တက်လာခြင်းမျိုးနှင့် အမြဲကြုံနေရသောကြောင့် ယခုအကြိမ်သည်လည်း ထိုကဲ့သို့သာ ဖြစ်လာနိုင်သည်ဟု ဖိုးကယားက ဆိုသည်။

ယခင်နှစ်တွင် ထိုင်းအစိုးရက အနည်းဆုံး လုပ်ခလစာ ၂ ဒဿမ ၃၇ ရာခိုင်နှုန်း ဘတ် ၃၃၀ မှ ဘတ် ၃၇၀ ထိ တိုးမြင့်ထားပြီး ၀န်ကြီးချုပ်ဟောင်း ထာဝိဆင် Srettha Thavisin က နည်းသည်ဟု ယူဆပြီး ဘတ် ၄၀၀ ထိ တိုးမြင့်ပေးရန် ပြောဆိုလာခြင်း ဖြစ်သည်။

Most read this week

September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...
September 12, 2024
စစ်ကိုင်းတိုင်း၊ ကျွန်းလှနှင့် ကန့်ဘလူက စစ်ရှောင်ပြည်သူများ ရာသီတုတ်ကွေးများ ဖြစ်နေကြပြီး ဆေးဝါး...