ရွာမှ နှင်ထုတ်ခံခဲ့ရသည့် စစ်တွေ ရွှေပြည်သာရွာသား ၂၀၀ ကျော် နေရာထိုင်းခင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ရွာမှ နှင်ထုတ်ခံခဲ့ရသည့် စစ်တွေ ရွှေပြည်သာရွာသား ၂၀၀ ကျော် နေရာထိုင်းခင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်းရှိ ရွှေပြည်သာကျေးရွာမှ နှင်ထုတ် ခံခဲ့ကြရသည့် ရွာသူ၊ ရွာသား ၂၀၀ ကျော်အတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ပြောကြသည်။

ရွှေပြည်သာကျေးရွာသားများမှာ စက်တင်ဘာ ၁၅ ရက်၊ ညနေ ၅ နာရီမထိုးခင် အထုပ်အပိုး ကိုယ်စီနှင့် ရွာမှ ထွက်ပေးခဲ့ကြရပြီး စစ်တွေမြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း၊ အသိနေအိမ်၊ ဆွေမျိုးနေအိမ်များနှင့် မင်းဂံရထားလမ်းဘေးရှိ ကျူးကျော်တဲများတွင် ဝင်ရောက် နေထိုင် နေကြရသည်ဟု ရွှေပြည်သာကျေးရွာသားတစ်ဦးက ပြောသည်။

သို့သော် တချို့ကျေးရွာသားများမှာ ယခုအချိန်အထိ နေထိုင်စရာမရှိသေး၍ စစ်တွေမြို့အနှံ့တွင် နေထိုင်၍ရမည့်နေရာများကို လိုက်လံရှာဖွေနေသူများလည်း ရှိသေးကြောင်း သူက ပြောသည်။

“ အခုထိ အိမ်တွေရှာမရသေးတဲ့ သူတွေရှိပါသေးတယ်။ ဘုန်းကြီးကျောင်းတွေမှာ သွားနေဖို့ကလည်း လက်မခံတဲ့ ကျောင်းတွေ လက်မခံပါဘူး။ ကျောင်းမှာလည်း အရင် နှင်ထုတ်ခံထားရတဲ့ ရွာတွေက လူတွေပြည့်နေလို့ လက်မခံဘူးပြောကြတယ်။ အခုသူတို့တွေ ခဏတာတော့ အသိရှိတဲ့အိမ်တွေမှာ ကပ်နေကြတယ်။ အိမ်တွေလည်း လိုက်ရှာနေကြတယ်” ဟုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်၊ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်သား ၃ ဦးနှင့် ကျေးရွာလူကြီးတစ်ဦးက ရွှေပြည်သာကျေးရွာမှ နေအိမ်များကို တစ်အိမ်ချင်းစီဝင်ရောက်ပြီး တိုင်းပြည်အခြေအနေမကောင်းခြင်းနှင့် ကျေးရွာထဲ၌ ဗုံးလာကျခြင်းများရှိနိုင်၍ဟုဆိုကာ ပစ္စည်းများသိမ်း၍ စက်တင်ဘာ ၁၅ ရက်တွင် ရွာသားများအားလုံး ထွက်သွားကြရန် နှင်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက နိရဥ္စရာကို ပြောသည်။

ရွှေပြည်သာကျေးရွာသားတစ်ဦးက “ရွာက ထွက်သွားခိုင်းတော့ စစ်သားတွေကို မေးကြပါတယ် ရွာသားတွေက။ ဘယ်နားမှာ နေကြရမလဲဆိုပြီးတော့။ မင်းတို့မှာ နေချင်တဲ့နေရာမှာ သွားနေဆိုပြီး ပြောပါတယ်။ လောလောဆယ်တော့ ထွက်သွားပေးရမယ်။ တနင်္လာမှာ လူကြီးတွေလာဖို့ရှိတယ်။ တနင်္လာနေ့မှာ လူတွေဘာတွေတွေ့ရင် ဖမ်းမယ်ဆိုပြီး ပြောပါတယ်။ ညဆိုရင်လည်း ပစ်မိန့်ထုတ်ထားတယ်ပြောတယ်” ဟုပြောသည်။

ရွှေပြည်သာကျေးရွာမှ အိုးအိမ်စွန့်ခွာလာခဲ့ကြရသော အိမ်ထောင်စုမှာ ၈၀ ခန့်ရှိပြီး လူဦးရေမှာ ၂၀၀ ခန့်ရှိသည်ဟု ရွာသားများက ပြောကြသည်။

လက်ရှိ စစ်တွေမြို့ပေါ်ကို ရောက်ရှိနေကြသော ရွှေပြည်သာကျေးရွာသားများမှာ စားနပ် ရိက္ခာများနှင့် နေထိုင်စရာ နေရာများ အရေးပေါ်လိုအပ်လျက်ရှိနေသည်ဟု ကာယကံရှင်များက ပြောသည်။

ရွှေပြည်သာကျေးရွာမှ အမျိုးသမီးကြီးတစ်ဦးကလည်း “အန်တီတို့မှာ အလုပ်လည်းမရှိ၊ အကိုင်လည်း မရှိဘူး။ ခံစားရတာပေါ့။ စားဖို့သောက်ဖို့လည်းမရှိ။ ဟိုလက သူ့အမေဆုံးသွားတဲ့ မြေးလေးကိုလည်း နို့ဘူးတိုက်နေရတယ်။ လက်ထဲမှာ ပိုက်ဆံလည်း မရှိဘူး။ ရွာမှာနေတုန်းက ငါးလေးတစ်နပ်စာ၊ ဟင်းရွက်လေးတစ်နပ်စာ ရှာစားတယ်။ မရရင် ကန်စွန်းရွက်တွေဘာတွေ ရှာပြီးစားတယ်။ ကိုယ့်အိမ်ကိုယ့်ယာကို ထားခဲ့ပြီးတော့ သူများအိမ်မှာ အခုကပ်နေကြရတယ်။ ကိုယ့်အိမ်ကိုပဲ ပြန်ချင်တယ်” ဟုပြောသည်။

သူတို့ကို ရွာမှနှင်ထုတ်ထားသော စစ်ကောင်စီအနေဖြင့် နေရာထိုင်ခင်းများ စနစ်တကျ စီစဥ် ပေးစေလိုသည်ဟုလည်း စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

“ သူတို့(စစ်တပ်) ကိုယ်တိုင်ကလည်း သွားချင်သလိုသွား၊ နေချင်သလိုနေဆိုပြီး နှင်ထုတ် လိုက်တော့ ရွာသားတွေက ဘယ်သူ့ကို အကူအညီတောင်းရမယ်မှန်းလည်း မသိဘူး။ ဖြစ်တာလည်း ရွာတစ်ရွာကို နှင်ထုတ်ရင် ကားတစ်စီးနဲ့တင်ပြီး ဒီဘုန်းကြီးကျောင်းမှာ နေဆိုပြီးလည်း အပ်တာမဟုတ်ဘူး။ ဖြစ်သလို၊ သွားချင်တဲ့ နေရာသွားဆိုပြီး နှင်လိုက်တော့ အခက်အခဲဖြစ်နေကြတယ်။ တစ်မြို့လုံးမှာ ဟိုနေရာမှာ မိသားစုတစ်စု၊ ဒီနေရာမှာ တစ်စုဖြစ်နေကြတော့ သူတို့ အကူအညီအထောက်အပံ့တွေလည်း မရဘူးဖြစ်နေကြတယ်”ဟု ပြောသည်။

လက်ရှိတွင် ရွှေပြည်သာကျေးရွာသားများမှာ ရွာမှ နှင်ထုတ်ခံလိုက်ရသည့်အတွက် ရွာမှ နေအိမ်များကို စစ်တပ်က ဖြိုဖျက်ပြီး ထင်းအဖြစ်ရောင်းစားမည်ကိုလည်း စိုးရိမ်နေသည်ဟု နောက်ထပ် ကျေးရွာသားတစ်ဦးက ဆိုသည်။

“အိမ်တွေကို ဖြိုဖျက်လိုက်မှာစိုးရိမ်ပါတယ်။ ဗျိုင်းဖြူရွာက အိမ်တွေကိုဆိုလည်း သူတို့ ဖြိုပြီးရောင်းကြပါတယ်။ ထင်းလုပ်ပြီး။ မွတ်ဆလင်တွေ ဝယ်ကြတယ်။ ရခိုင်သား ထင်းရောင်း သမားတွေ ဝယ်ကြတယ်။ ကားတစ်စီးစာကို ၇ သောင်းနဲ့ ရောင်းပါတယ်။ ကျနော်တို့ အိမ်တွေကိုလည်း ဒီလိုလုပ်လိုက်မှာ စိုးရိမ်ပါတယ်”ဟု ဆိုသည်။

ထို့အပြင် ရွှေပြည်သာကျေးရွာသားများ ရွာမှ နှင်ထုတ်မခံရမီ ၁၀ ရက်ခန့်ကလည်း အဆိုပါ ကျေးရွာအနီးမှ ကျေးတောကျေးရွာနှင့် ကျေးတောပိုက်ဆိပ်ကျေးရွာမှ အိမ်ထောင်စု ၂၀ ခန့် လူဦးရေ ၈၀ ခန့်ကို စစ်ကောင်စီက ရွာမှ နှင်ထုတ်ခဲ့သေးသည်။

အလားတူ စစ်တွေမြို့နယ်ရှိ ဗျိုင်းဖြူကျေးရွာမှရွာသားများကိုလည်း စစ်ကောင်စီက ပြီးခဲ့သည့် မေလအတွင်း ကျေးရွာမှနှင်ထုတ်ပြီး ရွာသား ၇ဝ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ ရွာသားရာနှင့်ချီကိုလည်း ပုဒ်မအမျိုးမျိုးတပ်၍ ထောင် ၃ နှစ်စီ ချမှတ်ထားသည်ဟု သိရသည်။

Most read this week

September 18, 2024
စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် မကြာခဏ ဗုံးကြဲနေ...
September 18, 2024
မဒေးကျွန်း ဆိပ်ကမ်းသို့ တရုတ်ရေနံ သင်္ဘောများဝင်ထွက်ရာ ရခိုင်ပြည်၊ ကျောက်ဖြူ မြို့နယ်အတွင်းမှ...
September 17, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ လူပေါင်း ၇၀ ကျော်အထဲမှ အမျိုးသမီးများနှင့်...