မူဆယ်မြို့ ရှိ တပိုင်တနိုင် ကုန်သယ်သည့် တရုတ်နယ်စပ် ဆင်ဖြူဂိတ် အချိန်လျော့ ဖွင့်လှစ်ပေး

မူဆယ်မြို့ ရှိ တပိုင်တနိုင် ကုန်သယ်သည့် တရုတ်နယ်စပ် ဆင်ဖြူဂိတ် အချိန်လျော့ ဖွင့်လှစ်ပေး

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က အချိန်လျော့ပြီး ဖွင့်လှစ်ပေးနေကြောင်း စုံစမ်သိရသည်။

အဆိုပါဂိတ်သည် ယခင်တွင် နံနက် ၈ နာရီ မှ ညနေ ၆နာရီထိ ဖွင့်လှစ်ခဲ့ရာ ယခုတွင် နံနက် ၁၀နာရီမှ ညနေ ၄နာရီထိ အချိန်လျော့ ဖွင့်လှစ်နေကြောင်း တပိုင်တနိုင်လုပ်ဆောင်နေသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အချိန်ကန့်သတ်တာ ၃ရက် ၄ရက်ရှိပြီ။ အချိန်လျော့ပြီးဖွင့်တော့ ကုန်သွင်းဖို့က အခက်ကြုံတာပေါ့။ အချိန်မီမရောက်နိုင်တဲ့ အသီးအရွက်တွေ ပုတ်သိုးကုန်တယ်။ ညအိပ်စောင့်ရတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

ထိုဆင်ဖြူဂိတ်တွင် အဓိကအားဖြင့် တရုတ်နိုင်ငံဘက်မှ ဟင်းသီးဟင်းရွက်များ၊ တပိုင်တနိုင် ကုန်ပစ္စည်းများကို သယ်ယူသည့်နေရာဖြစ်ကြောင်း၊ ထို အချိန်လျော့ကန့်သတ်လိုက်သည့်အတွက် ကုန်စိမ်းသည်များအတွက် မူဆယ်ဘက်သို့ သွားရောက်မည့် စျေးသည်များအတွက် အခက်အခဲများစွာ ဖြစ်နေကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသမီး တစ်ဉီးက ပြောသည်။

 ဒီဂိတ်က ကုန်စိမ်းတွေ နောက်ကုန်ပစ္စည်းတွေ တပိုင်တနိုင် သယ်ထုတ်တဲ့နေရာပါ။ မြန်မာပြည်ဘက်ကို သွားလို့လည်း မရတော့ တရုတ်ပြည်ကို အားကိုးပြီး နေရတာ။ တရုတ်ပြည်ဘက်ကနေ ကုန်စိမ်းတွေ လာရောင်းမယ့်သူအတွက် အရမ်းခက်တာပေါ့။ မနက်၁၀နာရီမှ ဖွင့်တော့ စျေးသည်တွေရော ကုန်ပစ္စည်းလုပ်တဲ့သူရော ခက်ကုန်တယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

မူဆယ်မြို့သည် ၂၀၂၃ခုနစ် အောက်တိုဘာ ၂၇ ရက်တွင် ညီနောင်မဟာမိတ် တို့ဖော်ဆောင်ခဲ့သည် “၁၀၂၇စစ်ဆင်ရေး” ကြောင့် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပြတ်တောက်သွားခဲ့သဖြင့် တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့် ကုန်စည်များကိုသာ အားကိုးနေရသည့် ဒေသတစ်ခုဖြစ်သည်။

“ တရုတ်ဘက်တော့ ပေးဖြတ်တယ်။ အခုလို လုပ်တာတော့ စားသောက်ကုန်တွေ ပြတ်လပ်အောင်လုပ်တဲ့သဘောပဲ။ ဘက်ပေါင်းစုံက ကျပ်တည်းနေချိန် ကုန်စိမ်းရောင်းသူတွေ အတွက်ပိုခက်အောင်လုပ်သလို ပြည်သူတွေကို ဒုက္ခကြီးအောင်ပိုလုပ်တယ်လို့ ယူဆတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

တဖက်တွင်လည်း မူဆယ်မြို့နယ် ပတ်ပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ရေး တင်းမာနေသည့် ဒေသဖြစ်သည့်အလျောက် မြို့တွင်း တိုက်ပွဲဖြစ်ပွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...
September 18, 2024
ယခုရက်ပိုင်းအတွင်း ရေဘေးကူညီရန်အတွက် ငွေလွဲသည့် KBZ Pay အကောင့်များနှင့် ပြည်သူများ၏...
September 16, 2024
သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...