စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၍ မောင်တောရှိ UN ရုံး အဆောက်အအုံများ ရစရာမရှိအောင် ပျက်စီးသွား

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၍ မောင်တောရှိ UN ရုံး အဆောက်အအုံများ ရစရာမရှိအောင် ပျက်စီးသွား

လူသားချင်းစာနာမှုအကူအညီ များပေးနေသည့် ရခိုင်ပြည်၊ မောင်တောမြို့၊ (၃) မိုင် နှင့် ဝေသာလီရွာအတွင်းရှိ ကမ္ဘာ့ကုလသမဂ္ဂရုံး(UN) အဆောက်အအုံတို့အား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရစရာမရှိအောင် ပျက်စီးသွားခဲ့သည်ဟု သိရသည်။

အဆိုပါ UN အဆောက်အအုံများကို စစ်ကောင်စီက စက်တင်ဘာ ၉ ရက်၊ ည (၈) နာရီခွဲခန့်တွင် လေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အာရက္ခတပ်တော်(AA)က စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

AA ပြောခွင့်ရသူ ဦးခိုင်သုခကလည်း "အဲဒီမှာတော့ လုံးဝ တစ်ခုမကျန် ပြိုပျက်ပြီးတော့ အရမ်းပျက်စီးသွားတယ်၊ UN ရုံးတွေလေ။ UNHCR ရုံး၊ တခြားတခြားသော ရုံးတွေပေါ့လေ။ အားလုံးပျက်စီးသွားတာရှိတယ်"ဟု နိရဥ္စရာကို အတည်ပြုပြောဆိုသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရုံးခြံတွင်းရှိ ပင်မအဆောက်အအုံအပါအဝင် ဝန်ထမ်းဆောင်များ၊ လူနေအဆောင်များနှင့် ရုံးခြံအနီးရှိ လူနေအိမ်အချို့လည်း ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

UN ရုံးဝန်ထမ်းများအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့များ၊ ဝန်ထမ်းများသည် မောင်တောမြို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ချိန်မှစတင်ပြီး ရုံးများကိုပိတ်ကာ ဘေးလွတ်ရာသို့ ရွေ့ပြောင်းတိမ်းရှောင်သွားခဲ့ကြသည်။

တိုက်ပွဲအတွင်း မောင်တောမြို့ပေါ်တွင် ပိတ်မိကျန်နေခဲ့ကြသည့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့များနှင့် ဝန်ထမ်းများကိုလည်း AA က ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့သည်ဟုလည်း သိရသည်။

ယင်းကြောင့် ယခုတိုက်ခိုက်မှုအတွင်း လူအထိအခိုက်မရှိခဲ့ဟု ဦးခိုင်သုခက ပြောသည်။

UN ရုံးသည် မောင်တောခရိုင်အတွင်း ကမ္ဘာ့ကုလသမဂ္ဂလုပ်ငန်းများ၊ ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု သိရသည်။

UN ရုံးအဆောက်အအုံကို စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ်မှကာကွယ်နိုင်ရန် ရုံးခေါင်မိုးပေါ်တွင် အပြာရောင်အောက်ခံ၌ အဖြူရောင်ဆေးများဖြင့် ''UN''စာလုံးအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ မြင်သာအောင်ရေးသားထားခဲ့သေးသည်။

ယင်းသို့ မြင်သာအောင် ထင်ထင်ရှားရှား ရေးသားထားခဲ့သော်လည်း ယခုလို ဗုံးကြဲတိုက်ခိုက်လာမှုမှာ UN အဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုအကူအညီပေးနေမှုများကို စစ်ကောင်စီက လက်မခံလို၍ဟု ဦးခိုင်သုခက ရှုမြင်သုံးသပ်သည်။

"ဒီ UN အဖွဲ့အစည်းတွေရဲ့ ရုံးတွေ၊ အဆောက်အအဦတွေကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာက သူတို့ စစ်ကောင်စီကနေပြီးတော့ UN အဖွဲ့အစည်းတွေကို လက်မခံတော့ဘူးဆိုတဲ့သဘောကို ဖော်ပြတာဖြစ်တယ်။ နောက်တစ်ခုကတော့ ဒီ UN အဖွဲ့အစည်းတွေက လူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ ဆိုတော့ ဒီဟာကိုကြည့်ရင် အကြမ်းဖက် စစ်ကောင်စီက လူသားချင်းစာနာမှုအကူအညီတွေပေးတာကိုလည်းပဲ သူတို့က လုံးဝလက်မခံဘူးဆိုတဲ့သဘောကိုဖော်ပြတာလို့ပဲ ကျနော်ကတော့ အဲလိုပဲမြင်ပါတယ်"ဟု ပြောသည်။

UN အဆောက်အအုံများကို စစ်ကောင်စီက ပစ်ခတ်ခဲ့ပြီးနောက် ယင်းနေ့ည ၉ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီက AA သိမ်းပိုက်ထားသည့် မောင်တောမြို့၊ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့(နခခ-၂)ရှိ AA ၏ ယာယီအကျဥ်းစခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

အကျဥ်းစခန်းအတွင် စစ်သုံ့ပန်းများအပါအဝင် လူဦးရေ ၅၀ ကျော် ပွဲချင်းပြီးသေဆုံးပြီး ၇၀ ကျော်ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟုလည်း AA က ထုတ်ပြန်ထားသည်။

Most read this week

September 17, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ လူပေါင်း ၇၀ ကျော်အထဲမှ အမျိုးသမီးများနှင့်...
September 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာမှ ကျေးရွာသူ/သားများကို စစ်ကောင်စီတပ်က...
September 16, 2024
စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဆေးရုံကြီး၌ တာဝန်ကျနေသော ဆရာဝန်ကြီးတချို့...