ကရင်အမျိုးသားရဲတပ်ဖွဲ့သို့ လူငယ်များလာရောက်ပူးပေါင်းပါဝင်ရန် ဗဟိုရဲချုပ် ဖိတ်ခေါ်

ကရင်အမျိုးသားရဲတပ်ဖွဲ့သို့ လူငယ်များလာရောက်ပူးပေါင်းပါဝင်ရန် ဗဟိုရဲချုပ် ဖိတ်ခေါ်

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ကိစ္စရပ်များအတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) အတွင်းသို့ စိတ်ပါဝင်စားသည့် လူငယ်များ အနေဖြင့် လာရောက် ပူးပေါင်းပါဝင်နိုင်ကြောင်း KNPF ၏ ဗဟိုရဲချုပ်မှ ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက ဖိတ်ခေါ်လိုက်သည်။

ယခုအချိန်သည် တော်လှန်ရေး ကာလဖြစ်၍ နိုင်ငံတော် အေးချမ်းသာယာရေး၊ နယ်မြေငြိမ် ဝပ်ပိပြား ရေး နှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ရန် ရဲတပ်ဖွဲ့ဝင်များတွင် တာဝန်စွာရှိသောကြောင့် ရဲတပ်ဖွဲ့ဝင် အင်အားအတွက် လူငယ်များ၏ ပါဝင်လိုအပ်နေကြောင်း ယခုလ ၁၂ ရက်နေ့က ကေအိုင်စီနှင့် အင်တာဗျူးတွင် ဗိုလ်မှူးကြီး စောအယ်ကလူဖိုးက ယခုလို ပြောသည်။

 “ဒီလုပ်ငန်းမှာ ပါဝင်နိုင်မယ်ဆိုရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်။ ပြည်သူတွေကလည်း ကျနော်တို့နဲ့ပူးပေါင်းပါဝင်လာနိုင်မယ်။ အဲ့ဒါမှသာလျှင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို လက်မနှေး အမြန်ရောက်ရှိနိုင်မယ်လို့ ယူဆတဲ့အတွက်ကြောင့် လူငယ်အားလုံးကို တိုက်တွန်းဖိတ်ခေါ်ပါတယ်။” ဟု ဗိုလ်မှူးကြီး စောအယ်ကလူဖိုးက ကေအိုင်စီသို့ ပြောသည်။

KNPF အနေဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းနှင့် နယ်မြေအတွင်း ဖြစ်ပေါ်လာသည့် မှုခင်းဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီး အထူးသဖြင့် ရာဇဝတ်မှုနှင့် ပတ် သက်သော တိုင်တန်းချက်များကို လုပ်ဆောင်နေသည်ဟု ဗိုလ်မှူးကြီး စောအယ်ကလူဖိုး က ဆက်ပြောသည်။

ထို့အပြင် ဖြစ်လာပေါ်လာသည့် မှုခင်းပြဿနာများကိုလည်း ဖြေရှင်းရာတွင် သက်ဆိုင်ရာ ကေအဲန်ယူ၏ တရားရေးဌာန နှင့် လက်တွဲဆောင်ရွက်နေသလို လက်ရှိတွင်လည်း KNPF ၏ ရဲလုပ်ငန်းဆိုင်ရာသင်တန်းနှင့် မှုခင်းဆိုင်ရာ သင်တန်းများကိုပို့ချလျက်ရှိသည်ဟု သိရသည်။

ယခုလို လူငယ်များကို ဖိတ်ခေါ်ခြင်းနှင့်ပတ်သက်ပြီး KNPF သည် KNU ထိန်းချုပ်နယ်မြေအတွင်း ပြည်သူများ၏ လုံခြုံရေးနှင့် နယ်မြေအေးချမ်းသာယာရေး ကိစ္စများအတွက် မရှိမဖြစ်အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု အသက် ၂၉ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။

၎င်းက “KNPF က လူငယ်တွေကိုခေါ်တဲ့အပေါ် ကျနော့်အနေနဲ့ကတော့ ကောင်းတယ်လို့ မြင်တယ်။ တချို့က ဒီရဲတပ်ဖွဲ့ထဲကို ဝင်ချင်တယ်။ တကယ်စိတ်ပါဝင်စားသူတွေလည်းရှိတယ်။ တချို့ကျတော့ ဘယ်ကနေဘယ်လို ဝင်ရမလဲ မသိတဲ့သူတွေအတွက်ကျတော့ အခုလို တရားဝင်ခေါ်တော့ သူတို့အတွက် အဆင်ပြေသွားတာပေါ့။ KNPF အနေနဲ့လည်း တကယ်လည်း လူငယ်တွေကို လိုအပ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ KNPF အနေဖြင့် သာမန်အမှုအခင်းထက် ပိုကျယ်ပြန့်သည့် ကျားဖြန့်အွန်လိုင်းငွေ လိမ်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်ကဲ့သို့ အမှုအခင်းများကို ကိုယ်တွယ်ဖြေရှင်းနိုင်ရန်အတွက် လက်ရှိတွင် ရဲအကယ်ဒမီသင်တန်းကျောင်းအဆင့်အထိ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်းလည်း KNPF က ဆိုသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF ကို ၁၉၉၁ ခုနှစ်တွင် ကျင်းပသည့် ကေအဲန်ယူ၏ (၁၀)ကြိမ်မြောက် ကွန်ဂရက်၌ စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ်၊ ကေအဲန်ယူ၏ (၁၆)ကြိမ်မြောက်ကွန်ဂရက်၌ စက်တင်ဘာ ၉ ရက်နေ့ကို KNPF အနေ့ အဖြစ် အတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ (KNPF)ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ (၃၃) နှစ်ရှိပြီးဖြစ်ကာ ယခုလ စက်တင်ဘာ ၉ ရက်နေ့ကလည်း KNPF နေ့ အခမ်းအနားကို ကေအဲန်ယူ၏ တပ်မဟာ ခရိုင်အလိုက် ပြုလုပ် ကျင်းပကြသည်။  အဆိုပါ အခမ်းအနားတွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့မှုများ ပြုလုပ်လေ့ရှိသည်။

Most read this week

September 18, 2024
မြန်မာပြည်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးကြုံတွေ့နေရသည့် မြန်မာပြည်သူများကို နိုင်ငံ...
September 17, 2024
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ...
September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...
September 16, 2024
မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အများစုရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေသည့်နေရာများသို့...