ဆိုင်းတောင်တိုက်ပွဲမှာ အပြစ်မဲ့အရပ်သားပြည်သူတွေ ဖမ်းဆီး ပစ်သတ်ခံနေရ

ဆိုင်းတောင်တိုက်ပွဲမှာ အပြစ်မဲ့အရပ်သားပြည်သူတွေ ဖမ်းဆီး ပစ်သတ်ခံနေရ

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့ ဖမ်းဆီးပစ်သတ်ခံနေရပြီး သေဆုံးမှုထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေး PDF တွေလည်းပါဝင်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၆ ရက်ည ဆိုင်းတောင်ကျေးရွာထဲ စစ်တပ်ကဝင်ရောက်စစ်ကြောင်းထိုးလာရာကနေ ဒီနေ့အထိ နှစ်ဖက်စစ်တပ် အပြန်အလှန်ပိတ်ဆို့တိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးတစ်ဦးက KNG ကိုပြောပါတယ်။

“ဆိုင်းတောင်တိုက်ပွဲက စစ်တပ်နဲ့ KIA တပ်တွေက ပိတ်ဆို့ရေးတွေလုပ်ပြီး တိုက်ပွဲကဖြစ်နေဆဲပါပဲ။ အဲကြောင့် ဆိုင်းတောင်ဘက်ကို ဘယ်သူမှ ဝင်လို့မရဘူး။ အဲလိုဘဲ ဆိုင်းတောင်ဘက်ကိုသွားတဲ့ ဝင်ပေါက်လမ်းကြောင်းတွေအကုန်လုံးပိတ်ထားတယ်။ တစ်ချိုဆိုရင် အပြင်ရောက်နေလို့ ကိုယ့်ရွာထဲကို ကိုယ်ပြန်ဝင်လို့မရသေးဘူး”လို့ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက်(၂)မှာရှိတဲ့ Lucky Men Hotel တဝိုက်မှာဖြစ်ပြီး နှစ်ဖက်စစ်တပ်က ဆိုင်းတောင်နဲ့ ယူမာလမ်း အဝင်အထွက်လမ်းတွေပိတ်ဆို့ပြီး အပြန်အလှန်ပစ်ခတ်နေကြာတာဖြစ်တယ်လို့ သိရပါတယ်။

ခုလို ဆိုင်းတောင်ကျေးရွာမှာ တိုက်ပွဲပိုပြီးပြင်းထန်လာတာဟာ စက်တင်ဘာလ ၇ ရက် မနက်ပိုင်း ၁ နာရီဝန်းကျင်  Lucky Men Hotel ထဲမှာရှိနေတဲ့ KIA နဲ့ PDF တပ်တွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စတင်လာတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဟိုတယ်ထဲဝင်ရောက်စီးနင်းခဲ့တဲ့  စက်တင်ဘာလ ၇ ရက်နေ့ မနက်မှာ ဟိုတယ်ထဲရှိနေတဲ့ အရပ်သားတစ်ချို့နဲ့ KIA တပ်ဖွဲ့ဝင်တစ်ချို့အပါအဝင် ၁၀ ဦးကျော်ကို  ဖမ်းဆီးသွားတဲ့အပြင် ဟိုတယ်ထဲမှာလည်း ၇ ဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောပြပါတယ်။

“Lucky Men Hotel မှာတစ်ချို့က ဖမ်းဆီးခံရသလို ပစ်သတ်ခံရတဲ့ သူတွေလည်းရှိပါတယ်။ အဲထဲမှာ အရပ်သားပြည်သူတွေလည်းပါသလို KIA၊ PDF လည်းပါတယ်။ ဒါပေမယ့် အခုချိန်အထိ ဘယ်သူဘယ်ဝါဆိုပြီး အတည်ပြုလို့မရသေးဘူး။ အဆက်သွယ်တွေလည်းခက် ပြီးရင် ဘယ်သူမှ သွားလို့မရဘူး။ လမ်းတွေလည်း ပိတ်ထားတယ်ဆိုတော့”လို့ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဘက်က Lucky Men Hotel က ဖမ်းဆီးသွားတဲ့ ၁၀ ဦးကို ကြိုးတုတ်ပြီး နေပူလှန်းတာတွေ၊ ရိုက်နက်တာတွေလုပ်ဆောင်နေပြီးတော့ လမ်းပိတ်ထားတဲ့နေရာမှာ လမ်းပေါ်သွားလာတဲ့ပြည်သူတွေလည်း သေနတ်ပစ်သတ်တာတွေလည်းရှိနေပြီး အရပ်သားပြည်သူတစ်ချို့ လမ်းပေါ်သေဆုံးနေတာတွေလည်းရှိတယ်လို့ သူက ပြောပြပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့မှာ KIA နဲ့ PDF အဖွဲ့တွေ Lucky Man Hotel မှာ ပစ်ခတ်ခံရပြီးနောက် အဲဒီ စစ်ကြောင်း ၃ ခုနဲ့ လာရောက်ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကိုလည်း KIA ဘက်ကနေ ရွာပတ်ပတ်လည်ထပ်မံပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဖားကန့် ဆိုင်းတောင်ရွာမှာ စက်တင်ဘာလ ၁၀ ရက်နေ့အထိ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

ဒါကြောင့် ဆိုင်းတောင်နဲ့ ယူမာ၊ မမုန်၊ ဖားပြင် စတဲ့ ကျေးရွာက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ နောက်ထပ်ဖားကန့် ဒေသမှာရှိနေတဲ့ ပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

“စစ်ကောင်စီ စစ်ကြောင်တွေ ဝင်လာကတည်း လက်နက်သံတွေက နေ့တိုင်းလိုလို ကြားရတယ်။ ၅ ရက်လောက်ရှိလာပြီ ဆက်တိုက်ကြားရတာ။ မနေ့ညမှာလည်း ၁၀ နာရီနဲ့ ၁၁ နာရီလောက်ကနေ ပြန်ကြားနေရပြီ။ ဒီကနေ့မှာလည်း အဲဒီတိုက်ပွဲဖြစ်တဲ့ လက်နက်ကြီးကျလို့ Lucky Man Hotel အနောက်ဘက်မှာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်”လို့ပြောပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ဆိုင်းတောင်နဲ့ ယူမာ ကျေးရွာမှာရှိကြတဲ့ ပြည်သူတွေအားလုံးကို KIA ပူးပေါင်းတပ်တွေ တိမ်းရှောင်ကြဖို့ ပြောဆိုထားတယ်လို့ ဆက်သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်နေတာကြောင့်  နေအိမ်တစ်ချို့လက်နက်ကြီးကျပေါက်ကွဲပြီးမီလောင်ပျက်စီးတာတွေ နေ့တိုင်းရှိနေတာလည်းဖြစ်ပါတယ်။

လက်ရှိ ဖားကန့်မှာ ဖြစ်နေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့က စစ်တပ်နဲ့ KIA နှစ်ဖက်ကို ညှိနှိုင်းဆောင်ရွက်တာတွေရှိနေပေမယ့် ညှိနှိုင်းမှုမရသေးဘူးလို့လည်း ဖားကန့်ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့မှာ PCG အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးယွပ်ဇော်ခေါင်ကိုယ်တိုင် သွားရောက်ညှိနှိုင်းမှုမှာ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ဦးယွပ်ဇော်ခေါင်ရဲ့ ပေါင်တစ်ဖက်ခြမ်းမှာ လက်နက်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဖားကန့်မှာ ဩဂုတ်လ နောက်ဆုံးအပတ်ကနေ စစ်တပ်က စစ်ရဟတ်ယာဉ်နဲ့ ဗျူဟာကုန်းမှာ စစ်အင်အား ၃ ရက်ဆက်တိုက်ဖြည့်တင်းပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့စပြီး မရှိီကထောင်၊စက်တင်ဘာလ ၆ ရက်နေ့ကစပြီး ဆိုင်းတောင်ရွာအနီး စစ်ရေးစတင်လှုပ်ရှားလာတာလည်း ဖြစ်ပါတယ်။

Most read this week

September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...
September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...
September 12, 2024
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်...