သံတွဲရှိ စစ်ဘေးရှောင် ၇၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေ

သံတွဲရှိ စစ်ဘေးရှောင် ၇၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေ

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ထိုစစ်ဘေးရှောင်များတွင် ဆန်ရိက္ခာကိုပင် ဖူလုံမှုမရှိဖြစ်နေကြသည်ဟု ၎င်းတို့အား ကူညီပေးနေသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။

" တိုက်ပွဲ စဖြစ်တုန်းက လူဦးရေ ၂၀၀၀ လောက်ကိုပဲတာဝန်ယူပြီးတော့ ကျွေးတာ။ အခုက တဖြည်းဖြည်း လူဦးရေ ၇၀၀၀ ကျော်လာတယ်။ စားနပ်ရိက္ခာ လုံလောက်မှုမရှိဘူး။ နံပါတ် ၁ က ဆန်ဖြစ်နေတော့ ကျန်းမာရေးက နောက်မှာထားဖြစ်နေတယ်။ ပြီးရင် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေက သိပ်အားနည်းတယ်။ သံတွဲစစ်ပွဲကလည်း ကာလအရှည်ဆုံးဆိုတော့ ပိုဆိုးတာပေါ့" ဟုပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်တွေ အတွက် တစ်ပတ်လျှင် ဆန်အိတ်ရေ ၁၇၀ ခန့် ကုန်ကျမှုအထိရှိနေပြီး ငွေကြေးပမာဏအားဖြင့် သိန်း ၂၀၀ ခန့်တန်ဖိုးအထိ ကုန်ကျစရိတ်ရှိနေကြောင်းလည်း သိရသည်။

ထိုထောက်ပံ့ကြေးများသည်လည်း ပြည်တွင်း၊ ပြည်ပစေတနာရှင်များ၏ အလှူဒါနကြောင့် ထောက်ပံ့ပေးနေရသော်လည်း ထပ်မံ၍ အလှူရှင်များ ဝိုင်းဝန်းကူညီမှုများ ပိုမို လိုအပ်နေသည်ဟုလည်း ကူညီနေသူများက ပြောသည်။

သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ သံတွဲမြို့အပါအဝင် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့မှ ဒေသခံများဖြစ်ကြသည်။

သူတို့ကို သံတွဲမြို့နယ်အတွင်း နေရာစုံတွင် ဖြန့်ကျက်ထားရကြောင်းလည်း သိရသည်။

သံတွဲမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်၊ နံနက် ၆ နာရီခန့်မှစတင်၍ အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်တပ်တို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့ကြောင့် သံတွဲမြို့ခံသားတချို့သည် ပြည်မနှင့် တခြားလွတ်မြောက်ရာသို့ ထွက်ပြေး တိမ်ရှောင်ကြခဲ့ကြပြီး တချို့သည်လည်း သံတွဲမြို့နယ်ရှိ ဘေးလွတ်ရာနေရာတွင် ခိုလှုံ၍ နေထိုင်သူများရှိကြသည်။

သံတွဲမြို့နယ်အတွင်း နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်ကို စက်တင်ဘာ ၄ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများရှိနေ၍ ဒေသခံများမှာ နေရပ်မပြန်နိုင်ကြသေးဟု သိရသည်။

အလားတူ ဂွမြို့နှင့် ကျိန္တလီကြားတွင်လည်း တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံများမှာ သံတွဲမြို့နယ်ထဲသို့ စစ်ဘေးတိမ်းရှောင်နေရသူများရှိနေသလို ရန်ကုန်နှင့်ဧရာဝတီတိုင်းဘက်သို့စစ်ဘေးရှောင်နေရသူများလည်းရှိနေကြသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကပင် ရခိုင်ပြည်မှ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး မပြုလုပ်နိုင်အောင် ကားလမ်း၊ ရေလမ်းများကို ပိတ်ဆို့ပြီး အပြစ်မဲ့ ရခိုင်ပြည်သူများအား အတိဒုက္ခရောက်ကာ အငတ်ဘေး ကျရောက်အောင်၊ ဆေးဝါးများ ပြတ်လပ်အောင် အစီအစဉ်ရှိရှိ ပိတ်ဆို့ဆောင်ရွက်ထားသည်။

ထို့ကြောင့် စစ်ဘေးရှောင်များအတွက် အဓိက ဆန်ရိက္ခာများ သယ်ယူပို့ဆောင်ရန် အခက်အခဲဖြစ်နေရသည့်အပြင် ဆေးဝါးများမှာလည်း ပြတ်လပ်နေကြောင်းလည်း သံတွဲရှိစစ်ဘေးရှောင်များအရေး ကူညီပေးနေသူက ဆက်ပြောသည်။

"ကုန်းလမ်း၊ ရေလမ်း ပိတ်လိုက်တာနဲ့ စားဝတ်နေရေး အဆင်မပြေဘူး။ ဆေးဝါးတွေ မရှိတော့ဘူး။ ကိုယ်ဝန်ဆောင်မိခင်အတွက် ဆေးတွေလည်း မရှိတော့ဘူး။ ဆီးချို၊ သွေးတိုးဆေးတွေလည်း မရှိတော့ဘူး။ ဒါပေမဲ့လည်း စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ ရအောင်ကြိုးစားပြီး လုပ်ပေးနေတယ်" ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်မှစတင်ပြီး ဧရာဝတီတိုင်းဘက်မှ ဂွမြို့နယ်သို့ ဆန် ၁၀ ပြည်နှင့် အထက် အပိုမသယ်ရဟု စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခဲ့သလို ဩဂုတ်လ တတိယ အပတ်ခန့်တွင်လည်း ဆန်သယ်ယူခွင့်လုံးဝ မရှိကြောင်း ကန့်သတ်ပိတ်ပင်ခဲ့သည်ဟု သိရသည်။

ဧရာဝတီဘက်မှလာသည့် ဆန်ရိက္ခာများကို ဂွနှင့် သံတွဲမြို့ခံတို့ အဓိကထား မှီခို စားသောက်နေကြရပြီး လက်ရှိတွင် ဆန်သယ်ယူခွင့်မရတော့၍ အလွန်ပင် အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။

Most read this week

September 17, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ လူပေါင်း ၇၀ ကျော်အထဲမှ အမျိုးသမီးများနှင့်...
September 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာမှ ကျေးရွာသူ/သားများကို စစ်ကောင်စီတပ်က...
September 16, 2024
စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဆေးရုံကြီး၌ တာဝန်ကျနေသော ဆရာဝန်ကြီးတချို့...