စစ်ဘောင်ကျယ်လာချိန် မွန်ညီညွတ်ရေးပါတီ ဘယ်လိုရှေ့ဆက်မလဲ

စစ်ဘောင်ကျယ်လာချိန် မွန်ညီညွတ်ရေးပါတီ ဘယ်လိုရှေ့ဆက်မလဲ

မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်တာကြောင့် စစ်ဘောင်ကျယ်ပြန့်လာတဲ့ အခြေအနေမှာပါတီအနေနဲ့ ဘယ်လိုရှေ့ဆက်မလဲဆိုတာ မေး ခွန်းတွေ ရှိနေပါတယ်။

စစ်အာဏာရှင်စနစ်ကို နိုင်ငံအနှံ့ ဝိုင်းဝန်းဖြိုချလို့ အရေးနိမ့်မှုတွေ ဆက်တိုက်ကြုံလာချိန်မှာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နှစ်ခွဲကျော် စောင့်ဆိုင်းထားတဲ့ မွန်ညီညွတ်ရေးပါတီကို ပါတီမှတ်ပုံတင်ခွင့် ပြုခဲ့ပါတယ်။

မွန်ညီညွတ်ရေးပါတီကို စက်တင်ဘာ ၉ ရက်နေ့ကစပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုခဲ့တာဖြစ်ပြီး ပါတီရဲ့ မှတ်ပုံတင်အမှတ်မှာ ၅၂ ဖြစ်တယ်လို့ စစ်ကောင်စီကော်မရှင်က အဲဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီခွင့်ပြုချက်နဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ကျသွားတဲ့အပေါ် မွန်ညီ ညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက သံလွင်တိုင်းမ်ကို အခုလိုပြောပါတယ်။

“အဓိကကတော့ ကျွန်တော်တို့ မှတ်ပုံတင်ကျတယ်ဆိုတာ တရားဝင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံ ရေးအခြေအနေတွေရော၊ အားလုံးကို ပြည်သူလူထုကို ကျွန်တော်တို့ ချပြလို့ရတယ်။ ထိတွေ့ဆက် ဆံလို့ရတယ်။ နောက်ပြီးတော့ ပြည်သူလူထုကို ပါတီအနေနဲ့ ရှေ့ဆက်ဘယ်လိုလုပ်ဆောင်သွားရမယ်ဆိုတာ ကျွန်တော်တို့ အကြံဉာဏ်ရယူလို့ရတာပေါ့”လို့ ဆိုပါတယ်။

ပါတီရဲ့ လုပ်ငန်းစဉ်တွေအပါအဝင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတာ ဗဟိုကော်မတီအစည်းအဝေးခေါ်ယူပြီးမှသာ ဆုံးဖြတ်သွားမယ်လို့ သူကဆက်ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ မွန်လူမျိုးအခြေပြု အင်အားကြီး တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး အာဏာမသိမ်းခင်ကာလမှာ မွန်လူထုတွေရဲ့ အားပေးထောက်ခံမှုကို အပြည့်အဝရရှိခဲ့တာပါ။

ဒါပေမယ့် အာဏာသိမ်းချိန်မှာတော့ စစ်ကောင်စီအဖွဲ့ထဲ ဗဟိုနဲ့ ပြည်နယ်အဆင့်မှာ ကိုယ်စားလှယ်နှစ်ဦးပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီကို ကမ်းလှမ်းခဲ့မှုအပေါ် ပါတီကလက်ခံခဲ့ပြီး လက်ရှိအချိန်ထိ ပါဝင်နေဆဲဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့် ပါတီအပေါ် မွန်လူထုတွေရဲ့ ထောက်ခံမှု သိသိသာသာလျော့ကျလာခဲ့ပြီး မွန်နိုင်ငံရေးရဲ့ အခန်းကဏ္ဍကလည်း တစ်စထက်တစ်စ မှေးမှိန်လာခဲ့ရတယ်လို့ မွန်နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီရဲ့ အာဏာစက်အောက်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ကျလာတာဟာ အချိန်မရွေး အာဏာသိမ်းမှုဖြစ်စေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ဆက်ပေးသလိုမျိုး သက်ရောက်စေခဲ့ပါတယ်။

ဒီအပေါ် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့  (NMSP-AD) ရဲ့ သဘောထားကို သံလွင်တိုင်းမ်က မေးမြန်းရာမှာတော့ ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ နိုင်ဗညားမွန်က အခုလိုတုံ့ပြန်ပါတယ်။

“၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပျက်သုဉ်းပျက် ပြယ်ပြီလို့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးက သဘောထားချမှတ်ထားတယ်။ ကျွန်တော်တို့ သဘောထားက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းတဲ့ လုပ်ရပ်မှန်သမျှကို ကျွန်တော်တို့ ဆန့်ကျင်ပြီး တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။ အဲဒါက အခုပြောပြောနေတဲ့ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာလုပ်ငန်း အပါအဝင်ပေါ့”လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အာဏာသိမ်းမှုကြောင့် ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားလူထုတွေနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ အင်အားစုတွေက ဖျက်သိမ်းကြောင်းနဲ့ ပျက်ပြယ်သွားပြီလို့ လက်ခံထားကြတာပါ။

ဒါကြောင့် တော်လှန်ရေးအင်အားစုတွေက စနစ်ပြောင်းတော်လှန်ရေးအဖြစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်နည်းလမ်းနဲ့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ကျိုက်ထို၊ဘီးလင်း၊သထုံ၊ကျိုက်မရော၊ မုဒုံ၊သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့ဟာ စစ်‌ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ ဒေသတွေပါ။

နိုင်သန်းရွှေကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကျကတည်းက စိန်ခေါ်မှုတွေအများကြီးရှိပြီး လူထုနဲ့ဆက်ဆံခွင့် ပိုရလာတဲ့အတွက် သွားလာရေးလုံခြုံရေးကအစ အခက်အခဲရှိမယ်လို့ ပြောပါတယ်။

“စိန်ခေါ်မှုတွေက အများကြီးပေါ့၊ နိုင်ငံရေးပါတီမှတ်ပုံတင်ကျတယ်ဆိုကတည်းက အခုလောလော ဆယ်အနေနဲ့ ကျွန်တော်တို့ ဗဟိုကော်မတီကလည်း ဘာမှလည်း (အစည်းအဝေး) မထိုင်ရသေးဘူးဆိုတော့ အတိအကျတော့မသိဘူး။ ဒါပေမယ့် သေချာတာတစ်ခုက ကျွန်တော်တို့က ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံခွင့်က ပိုရလာမယ်။ အဲဒီတော့ သွားရေးလာရေး လုံခြုံရေးကအစ အဲဒါကျတော့ အခက်အခဲတော့ အနည်းအကျဉ်းရှိမယ်လို့ သေချာတယ်”လို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုတဝန်းစည်းရုံးမယ့်ပါတီအဖြစ် တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ် ၁၂ နေရာ အနိုင် ရရှိခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီ ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် တစ်ဆင့်နိမ့်ကာ မွန်ပြည်နယ်အတွင်း စည်းရုံးမယ့်ပါတီအဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီနှောင်းပိုင်းမှာ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာပါ။

လက်ရှိမှာတော့ မွန်နိုင်ငံရေးပါတီတွေထဲမှာ ပြည်ထောင်စုတဝန်းစည်းရုံးမယ့် ပါတီအဖြစ် အမျိုးသမီးပါတီ (မွန်) အပါအဝင် မွန်ပြည်နယ်အတွင်း စည်းရုံးမယ့် မွန်ညီညွတ်ရေးပါတီနဲ့ ကရင်ပြည်နယ်အတွင်း စည်းရုံးမယ့် မွန်တိုးတက်ရေးပါတီတို့ ရှိနေပါတယ်။

Most read this week

September 17, 2024
လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ...
September 16, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးသူ...
September 14, 2024
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီစခန်းကို စက်တင်ဘာ ၁၂ ရက်နေ့...
September 13, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့်...