ဗန်းမော်နဲ့ မိုးမောက်မြို့ကြားမှာ KIA နဲ့ စစ်ကောင်စီတို့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေဆဲ

ဗန်းမော်နဲ့ မိုးမောက်မြို့ကြားမှာ KIA နဲ့ စစ်ကောင်စီတို့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေဆဲ

ကချင်ပြည်နယ်၊ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ ဒီကနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

 မိုးမောက်မြို့က ခမရ ၄၃၇ တပ်စခန်းကြီးကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီဘက်က ခြေလျင်စစ်ကြောင်း ပြန်းထိုးတဲ့အပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ 

ဒီကနေ့မနက် ၅ နာရီဝန်းကျင်မှာတော့ မိုးမောက်နဲ့ ဗန်းမော်မြို့ကြားမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။ 

"လေယာဉ်နဲ့ နှစ်ခေါက် လာပစ်တာရှိတယ်။ အဲဒါပြီးတဲ့နောက် နေ့လယ်လောက်အထိတော့ ငြိမ်နေတာပေါ့။ ဘာတိုက်ပွဲမှ မရှိဘူး။ ညနေပိုင်း သတင်းကိုတော့ မကြားရသေးဘူး"လို့ ပြောပါတယ်။

 မိုးမောက်ဘက်က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၂ ရက်နေ့ကလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့တဲ့အပြင် ဒရုန်း၊လက်နက်ကြီးနဲ့ပါ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ခြေလျင်စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်ပါ KIA ဘက်က ခုခံတိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ ဗိုလ်မှူကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။

 မိုးမောက်မြို့က ခမရ ၄၃၇ တပ်စခန်းကြီးနဲ့ မံစီမြို့အနီးက ကောင်ဂျာယန် စစ်ကောင်စီတပ်စခန်းငယ်တို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ သိမ်းပိုက်ပြီးနောက် သုံးရက်လောက်အကြာမှာ စစ်ကောင်စီဘက်က စစ်ကြောင်းပြန် ထိုးလာတဲ့အတွက် စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။

 ဗန်းမော်မြို့ ဘက်ကနေ အင်အားအလုံးအရင်းနဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လတ်တလော လက်လွှတ်လိုက်ရတဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းက ခမရ ၄၃၇ တပ်စခန်းကြီးဘက် စစ်ကြောင်းပြန်ထိုးလာနိုင်ဖွယ် အခြေအနေရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

 ဩဂုတ်လ ၂၃ ရက်နေ့ကနေစပြီး ဗန်းမော်နဲ့ မိုးမောက်မြို့ကြားမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့အပြင် ကောင်ဂျာယန်ဘက်မှာလည်း စစ်ကြောင်းထိုးလာတဲ့အတွက် ခုခံတိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်နေဆဲလည်း ဖြစ်ပါတယ်။ 

ဗန်းမော်မြို့ကို လုံခြုံရေးယူပေးနေတဲ့ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခမရ ၄၃၇ တပ်စခန်းကြီးကို တစ်လနီးပါး တိုက်ခိုက်ခဲ့ရပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာတော့ KIA ကနေ အပြီး သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ခမရ ၄၃၇ တပ်စခန်းကြီး အနီးအနားမှာတော့ စစ်ကောင်စီတပ်စခန်းတွေ မရှိတော့ပေမဲ့ မိုးမောက်နဲ့ ဗန်းမော်ကြားမှာတော့ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။ 

အထက်ပါ စစ်ကောင်စီ ခမရ ၄၃၇ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့နေ့ ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းမှာပဲ ကောင်ဂျာယန်တပ်စခန်းငယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဩဂုတ်လ ၂၀ ရက်နေ့ညနေပိုင်းမှာတော့ နယ်မြေရှင်းလင်းရေး အပြီးသတ် လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

Most read this week

September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...