ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် မြို့နယ်ရှိ ကျေးရွာများတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်၍ ပြည်သူ့ လုံခြုံရေးအဖွဲ့ကို စတင်ဖွဲ့စည်းရန် နာမည်စာရင်း ကောက်ယူမှုများ ပြုလုပ်နေပြီး ကျေးရွာလုံခြုံရေးအတွက် ရွာအဝင်အထွက် နေရာများကို ခြံစည်းရိုးနှင့် ဂိတ်၊ ကင်းတဲများကို စတင်ဆောက်လုပ်နေပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ပြည်သူ့လုံခြုံရေး နှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့က စတင်ဖွဲ့ စည်းလိုက်ပြီးနောက် ယခုလို ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့များကို စတင်အကောင်အထည်ဖော် ဖွဲ့စည်း လာခြင်းဖြစ်သည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများ ကိုယ်တိုင်ဦးဆောင်၍ သက်ဆိုင်ရာ ကျေးရွာရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဆယ်အိမ်ထောင်တစ်စုကို တစ်ဦးနှုန်းဖြင့် နာမည်စာရင်းနှင့် မှတ်ပုံတင်နံပါတ်များကောက်ယူ စာရင်းပြုစုကာ သက်ဆိုင်ရာ မြို့နယ်သို့ နာမည်စာရင်း ပေးပို့ရကြောင်း အမည်မဖော်လိုသူ ပန်းတနော်မြို့နယ် ဒေသခံတစ်ဦးက ယခု လိုပြောသည်။
“ ရွာက ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ အကုန်လက်မှတ်ထိုးထားလိုက်ရပြီး။ အများစုကတော့ ဆယ်အိမ်မှူးတို့၊ ရာအိမ်မှူးတို့ ပါတယ်။ အခု ရွာအဝင်အထွက်တွေမှာ ခြံခတ်ပြီးတော့ ဂိတ် ကင်းတဲ လေးတွေ ဆောက်နေကြပြီး။ နာမည်စာရင်းကိုတော့ မြို့နယ်ကို တင်ရတယ်လို့ကြားတယ်။” ဟု ၎င်းဒေသခံက ကေအိုင်စီ သို့ ပြောသည်။
စစ်ကောင်စီ၏‘ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့’ ၏ လုပ်ငန်းတာ ဝန်များတွင် နေပြည်တော်အပါအဝင် တိုင်း၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ကြီးကြပ် ကွပ်ကဲရေးအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်းပြီး ရပ်ကွက်၊ ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းရန်နှင့် လက်နက်များ တပ်ဆင်ခြင်းများကို ကွပ်ကဲရန် စသည့် အချက် ၁၃ ချက် ပါရှိသည်။
သို့သော် လက်ရှိ စတင်ဖွဲ့စည်းလိုက်သည့် ကျေးရွာလုံခြုံရေးအဖွဲ့များကို လက်နက်တပ်ဆင်ပေးခြင်း ရှိ၊ မရှိ မသိရသေးသော်လည်း နာမည်စာရင်းပါဝင်ထားသူများအနေဖြင့် သက်ဆိုင်ရာ နယ်မြေခံရဲနှင့် စစ်သားများက လာရောက်ပို့ချပေးမည့် သင်တန်းများကို တက်ရောက်ရမည်ဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။
ထို့အပြင် ယခုလို ဖွဲ့စည်းလိုက်သည့် ရပ်ကျေးလုံခြုံရေးအဖွဲ့များအနေဖြင့် သင်တန်းများ တက် ရောက်ပြီးပါက ကျေးရွာအတွင်း အလှည့်ကျကင်းစောင့်ပေးရမည် ဖြစ်သလို ညအချိန် ကျေးရွာသားများ ကျေးရွာ ပြင်ပထွက် ခြင်းကိုလည်း ကန့်သတ်သွားမည်ဟု သိရကြောင်း နောက်ထပ် ဒေသခံ လူငယ်တစ်ဦးက ပြောသည်။
၎င်းက “သူတို့က အရင် (မဆလ) ခေတ်တုန်းကလို အလားသဏ္ဍာန်တူတဲ့ ပုံစံ။ ရွာတစ်ရွာလုံးကို ခြံခတ်တာမျိုးတော့ မဟုတ်ဘူး။ ရွာအဝင်အထွက်လမ်းတွေမှာ ခြံပုံစံခတ်လိုက်ပြီး အဝင်အထွက်တွေကို စိစစ်မယ့်သဘောပေါ့။ ပြီးတော့ ညဘက် အပြင်ထွက်တာတွေကိုလည်း ကန့်သတ်သွားမယ်လို့ ကြားမိတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။
၎င်းဖွဲ့စည်းသတ်မှတ်လာသည့် ပြည်သူ့လုံခြုံရေးအဖွဲ့တွင် အသက် (၃၅) နှစ်မှ (၆၅) နှစ်အထိ အကျုံးဝင်သူများ အားလုံးပါဝင်ရမည်ဟု စစ်ကောင်စီက ပြောဆိုသော်လည်း စစ်တပ်ထောက်ခံသူ အများစုသာ ပါဝင်လိုကြပြီး ကျန်ဒေသခံအများစုမှာ မပါဝင်လိုကြကြောင်းလည်း ဒေသခံများက ဆိုသည်။
အလားတူ စစ်မှုထမ်းဥပဒေကို ပြဌာန်းသတ်မှတ်ပြီး စစ်သားသစ် စုဆောင်းရာတွင်လည်း ဧရာဝတီတိုင်း အတွင်းရှိ အုပ်ချုပ်ရေးမှူးများက စစ်မှုမထမ်းလိုသူများအတွက် ကျေးရွာအတွင်း ငွေကြေး ကောက်ယူ မှုများ ပြုလုပ်ကြသလို ယခင်စစ်မှုထမ်း အပတ်စဉ်များတွင် နာမည်စာရင်းဖြင့်မဲနှိုက်ရသော်လည်း ယခု အပတ်စဉ်များအတွက် နာမည်စာရင်းဖြင့် အတင်းအဓမ္မလိုက်လံ ခေါ်ဆောင်နေကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခြင်းနှင့် ငွေကြေးအဓမ္မကောက်ခံသည်ဟု နာမည်ထွက် ပေါ်လာသော အုပ်ချုပ်ရေးမှူးအချို့မှာ ခြိမ်းခြောက်ခံရမှုနှင့် ပစ်ခတ်ရှင်းလင်းခံရမှုများ ကြုံတွေ့ ရသောကြောင့် အုပ်ချုပ်ရေးမှူးအချို့မှာ နုတ်ထွက်ရန်အထိပါ ဆန္ဒရှိလာကြကြောင်း အုပ်ချုပ်ရေး နှင့် နီးစပ်သူများက ပြောသည်။
ဧရာဝတီတိုင်းတွင် ခရိုင်(၆) ခရိုင် နှင့် မြို့နယ်ပေါင်း (၂၆) မြို့နယ်ဖြင့်ဖွဲ့စည်းထားပြီး မြို့ပြဒေသထက် ကျေးလက်ဒေသ နေထိုင်သူဦးရေ ပိုမိုများပြားသည်။ လက်ရှိကာလတွင် တော်လှန်ရေးအင်အားစုများ လက်လှမ်းမီဝင်ရောက်နိုင်မှု မရှိသောကြောင့် ကျေးရွာများတွင် စစ်တပ်ထောက်ခံအားပေးသူများ ပိုမို ဩဇာအာဏာပြဖိနှိပ်မှု များလုပ်ဆောင်နေကြကြောင်း ဒေသခံများက ပြောဆိုကြသည်။
လတ်တလောတွင်လည်း ကျေးရွာ ပြည်သူ့လုံခြုံရေး စတင်ဖွဲ့စည်းခြင်းကို ပန်းတနော်မြို့နယ်မှအပ ကျန်မြို့နယ်အများစုတွင် စတင်ခြင်းမျိုး မကြားသိရသေးကြောင်းလည်း ဒေသခံများထံမှသိရသည်။