ပုသိမ်းထောင်မှ အကျဉ်းသား ၃၀၀ ခန့်ကို မြောင်းမြသို့ ပြောင်းရွှေ့

ပုသိမ်းထောင်မှ အကျဉ်းသား ၃၀၀ ခန့်ကို မြောင်းမြသို့ ပြောင်းရွှေ့

ဧရာဝတီတိုင်းအတွင်း စစ်ရေးအရ တိုက်ပွဲများ ဖော်ဆောင်လာမည်ကို စိုးရိမ်သဖြင့် ပုသိမ် အကျဉ်းထောင်မှ အကျဉ်းသား ၂၇၅ ဦးကို မြောင်းမြ အကျဉ်းထောင်သို့ စစ်ကောင်စီက ပြောင်းရွှေ့လိုက်သည်ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် PPNM က ပြောသည်။

နိုင်ငံရေးအကျဉ်းသား ၂၅ ဦး အပါအဝင် ဥပဒေပုဒ်မ အမျိုးမျိုးနှင့် ဖမ်းဆီးခံထားရသည့် အခြားရာဇဝတ် အကျဉ်းသား စုစုပေါင်း ၂၇၅ ဦးကို မြောင်းမြ အကျဉ်းထောင်ကို ဩဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၈ နာရီ ဝန်းကျင် တွင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု PPNM က ကိုသိုက်ထွန်းဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင်း အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများဆင်နွှဲလျက် ရှိနေသော ကြောင့် နီးကပ်စွာ တည်ရှိသည့် ဧရာဝတီတိုင်းထဲသို့ ထိုးစစ်များ ဝင်ရောက်လာမည်ကို စစ်ကောင်စီဘက်က စိုးရိမ်သဖြင့် ထောင်ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

“မြောင်းမြထောင်ကလည်း လူ့အခွင့်အ‌ရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်။ မြောင်းမြထောင်ရဲ့ နိုင်ငံရေး အကျဉ်သားတွေ အပေါ်မှာ ပုံစံဆိုတဲ့ ဒီစကားကို အသုံးပြုပြီးမှ ဒီထောင်တွင်း နေထိုင်ရမဲ့ဟာကို သင်ကြား ပေးတယ်ဆိုတာကို အကြောင်းပြပြီးတော့မှ ငွေညှစ်တာမျိုးတွေ ရှိခဲ့တယ်။ အဲ့အတွက်လည်း ကျနော်တို့ မြောင်းမြထောင်ကို ပြောင်းသွားတဲ့ သူတွေအပေါ်မှာ ဘယ်လိုဖိနှိပ်မှုတွေနဲ့ ချုပ်ချယ်မှုတွေ ပြုလုပ်နေလဲ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူတွေပေါ်မှာ ဘယ်လိုပုံစံမျိုး ထပ်ပြီးတော့ ဖိနှိပ်နေလဲ ဆိုတာ ကျနော်တို့ စောင့်ကြည့်နေကြပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မြောင်းမြ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရသည့် အကျဉ်းသားများ အပေါ် ထောင်အာဏာ ပိုင်များ၏ လူ့အခွင့်အရေးချိူး ဖောက်မှုများကို ဆက်လက်စောင့်ကြည့်နေ‌သည်ဟု ကိုသိုက်ထွန်းဦးက ပြော သည်။

ယခင်က ထောင်ပြောင်းရွှေ့မှုရာတွင် အကျဉ်းထောင်တွင်း သတ်မှတ်လူဦးရေထက် များပြားသည့် အချိန်၊ ထောင်ဖောက်ရန်ကြံစည်ခြင်း၊ လုံခြုံရေး ချိုးဖောက်ခြင်း စသည့် အချက်များပေါ် မူတည်၍ ပုံမှန်အားဖြင့် ထောင်အပြောင်းအရွှေ့တို့ကို လုပ်ဆောင်လေ့ရှိသည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်ပြောင်းရွှေ့မှုကို နိုင်ငံရေး ဖိနှိပ်မှု တစ်ရပ်အနေဖြင့်သာ လုပ်နေကြသည်ဟု ကိုသိုက်ထွန်းဦးက ယခုကဲ့သို့ ပြောသည်။

“ဒီအာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူတွေကို ဒီနိုင်ငံရေး ဖိနှိပ်မှု တစ်ရပ် အနေနဲ့ မိသားစုနဲ့ဝေးတဲ့ ထောင်တွေကို အပြစ်မကျူးလွန်ထားသည့် တိုင်အောင် ပို့ဆောင်ခြင်းခံရတယ်။ ဒီထောင်ပြောင်းရွှေ့မှု တော်တော်များများကတော့ ထောင်တွင်းမှာ ထောင်အာဏာပိုင်တွေရဲ့ အုပ်ချုပ်မှုတွေကို အမြဲတစေ ဆန့်ကျင်တဲ့သူမျိူး ထောင်တွင်း ကမ်ပိန်းတွေ လှုပ်ရှားမှု ဆောင်ရွက်မှုတွေကို ပြုလုပ်နေတဲ့ သူမျိုး ပေါ့နော် နောက်တစ်ခုကတော့ ထောင်တွင်းမှာရှိတဲ့ ဖိနှိပ်ခံ အကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ သူတွေ ဒီလို လူတွေကိုတော့ အဓိကရွေးချယ်ပြီးမှ သူတို့ ထောင်ပြောင်ရွှေ့မှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။”

ယခု ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတဝှမ်း၌ ထောင်ပြောင်းရွှေ့မှု အကြိမ်ရေ အနည်းဆုံး ၆ ကြိမ် လုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အပါအဝင် အနည်းဆုံး အကျဉ်းသားစုစုပေါင်း ၁၅၀၀ ဝန်းကျင်ခန့်ရှိသည်ဟု PPNM က ပြော သည်။

ထို့အပြင် ဩဂုတ်လကုန်ပိုင်းတွင်လည်း ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အခြား အကျဉ်းသားများကို ထပ်မံပြောင်းရွှေ့မှု ပြုလုပ်ရန်ရှိသည်ဟု အချက်အလက်အချို့ရရှိထားကြောင်း PPNM ဆိုသည်။

Most read this week

September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...