ကျုံဒိုးဒေသရှိ စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များ အလစ်ငိုက်တိုက်ခိုက်ခံရမည်စိုး၍ အင်အားတိုး ခံစစ်ပြင်ဆင်နေ

ကျုံဒိုးဒေသရှိ စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များ အလစ်ငိုက်တိုက်ခိုက်ခံရမည်စိုး၍ အင်အားတိုး ခံစစ်ပြင်ဆင်နေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့နေရာများအား ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပါင်းတပ်များမှ အလစ်အငိုက် ဝင်ရောက် တိုက် ခိုက်ခြင်း၊ ဒရုန်း၊ ရှော့ခ်တိုက်ဒုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း မရှိစေရေးအတွက် စစ်ကူအင်အားဖြည့် တင်းကာ ခံစစ်ပြင်ဆင်နေကြကြောင်း ဒေသခံများက ပြောသည်။

“ကျုံဒိုး တပ်ရင်း ခမရ ၅၄၅/၅၄၆ ပေါ့၊ တပ်ရင်းမှူးတွေ ညဘက်ဆို နေရာရှောင်အိပ်၊ ပြောင်းအိပ်ကြတယ်။ ဂျိုင်း တံတား တဘက်ကမ်း ရိုးမဟာ ဘက်ကိုသွားနေကြတယ်။ ကရင်အဖွဲ့တွေ PDF တွေ ဒရုန်းနဲ့ ဗုံးချမှာ ရှော့ခ် တိုက်ဒုံးနဲ့ ပစ်ခံရမှာ ကြောက်နေတယ်။ BGF တွေနဲ့တော့ နေရာစုံလူချင်းပေါင်းပြီး ဂိတ်ချစစ်နေတာပဲ။ နဘူး ဘက်က ၅၄၇ တပ်လည်း စစ်ကူတွေ ပို့ထားတာ အများကြီး တွေ့နေတယ်။ တောင်ပေါ်ဘယ်တော့ စစ်ကြောင်း တက်မလဲတေ့မသိဘူး ”ဟု ကျုံဒိုးဒေသ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ယခု ဩဂုတ်လအတွင်း ကော့ကရိတ်၊ ကျုံဒိုးဒေသကို စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ပို့ဆောင်နေသလို KNLA မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားသည့်နေရာများသို့ လက်နက်ကြီး လှမ်းပစ်ခတ်မှုများ နေ့စဉ်လုပ်ဆောင်လျက်ရှိသည်ဟု သိရှိရသည်။

၎င်းအပြင် ကျုံဒိုး၊ နဘူးအခြေစိုက် နယ်ခြားစောင့်တပ်-BGF ဗိုလ်သံလုံး တပ်ဖွဲ့မှ စစ်ကောင်စီ နှင့် ပူးပေါင်းပြီး ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်စစ်ဆေးခြင်းနှင့် စစ်မှုထမ်းစစ်သားသစ်စုဆောင်းမည့်သတင်းများ ထွက်ပေါ်နေသည့်အတွက် ကျေးရွာများညဘက်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်မိသားစုများ၊ စစ်မှုထမ်း အရွယ် လူငယ်၊ လူလတ်များ ကြိုတင်ရှောင်တိမ်းနေကြကြောင်း နဘူးဒေသခံပြောဆိုချက်အရ သိရသည်။

နဘူးဒေသခံတစ်ဦးက “နဘူးက BGF ဗိုလ်သံလုံး အဖွဲ့တွေ ၅၄၇၊ ၅၄၈ တပ်က စစ်သားတွေနဲ့ ကျေးရွာတွေ ဘက် ကွင်းဆင်းမယ်၊ သတင်းပြောနေကြတယ်။ ကျုံဘိုင်းတို့၊ ချောင်းဖျားတို့ ၊ မြပတိုင်ဖို့၊ နောင်တပွဲ တို့ဘက်ကို ပေါ့ ၊ စစ်တပ်က စစ်မှုထမ်းဟောင်းတွေရွာမှာ နေတာ စာရင်းပြန်ကောက် နေတယ်။ စစ်သားစုဖို့လည်း လူထည့်ဖို့ တောင်း နေတာ ၂ခါ ရှိပြီ။ ရွာကကလေးတွေတော့ တောင်ပေါ်(ထိုင်းနိုင်ငံ)တက်ကုန်ပြီ။ ရွာမှာ မထား ရဲတော့ဘူး လေ ”ဟု ပြောသည်။

စစ်ကောင်စီတပ်က ကော့ကရိတ်၊ ကျုံဒိုး၊ နဘူးဒေသအတွင်း စစ်ရေးတိုးမြှင့်တိုက်ခိုက်ရန် လုပ်ဆောင်နေမှု ကြောင့် KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ဩဂုတ်လ ၁၅ ရက်မှ ယခု ဩဂုတ်လ ၂၃ ရက်နေ့အထိ ကော့ကရိတ် မိချောင်းအင်း၊ ရန်ကုတ်၊ အောက်ဘိုတဲ နေရာများ ဘက်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိနေကြောင်း စစ်ရေးနယ်မြေတာဝန်ရှိသူများ ပြောဆိုချက်အရ သိရသည်။

September 13, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ စစ်တောင်းမြစ်...
September 13, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်-၄၊ ရက်ကွက်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းခေါ်ယူနိုင်ရေး...
September 12, 2024
လက်ရှိ ကြားကာလအတွင်း စစ်ကောင်စီက လိင်အကြမ်းဖတ်မှုပေါင်း တစ်ရာကျော် ကျူးလွန်ထားသည်ဟု အမျိုး...
September 12, 2024
လာမည့် အောက်တိုဘာ ၁ ရက် သန်းခေါင်စာရင်း ကောက်ယူရာတွင် စာသင်ကျောင်းတစ်ကျောင်းလျှင် ဆရာ/ဆရာမ ၂ ဦး...