စစ်မှုထမ်းအတွက် အမျိုးသမီးများကို စုဆောင်းနေ

စစ်မှုထမ်းအတွက် အမျိုးသမီးများကို စုဆောင်းနေ

မွန်ပြည်နယ်အတွင်း မြို့နယ်များတွင် သာမက အခြားပြည်နယ်နှင့် မြို့နယ်များရှိ အမျိုးသမီးများအား စစ်ကောင်စီက စစ်မှုထမ်းသင်တန်း တက်ရောက်ရန် စုဆောင်းမှုတို့ကို အတင်းအကြပ် ဖိအားပေး လုပ်ဆောင် လျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကောင်စီက သတ်မှတ်ထားသော အသက်ရွယ်အလိုက် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဆိုသည့် ဥပဒေကို ထုတ်ပြန်ခဲ့ပြီး အမျိုးသမီးများကိုပါ အပတ်စဉ် ၅ မှ စတင်၍ ခေါ်ဆောင်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ပြီးနောက် လွန်ခဲ့သည့် ဇူလိုင်လ ပထမအပတ်ထဲတွင် မွန်ပြည်လူ့အခွင့်အ‌ရေး ဖောင်ဒေးရှင်း၏ စစ်တမ်းကောက်နေသည့် နယ်မြေများတွင် အမျိူးသားများကို သာမက အမျိုးသမီးများကိုပါ စာရင်း ကောက်ခံ နေသည်ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

မွန်ပြည်လူ့အခွင့်ရေးဖောင်ဒေးရှင်းက တာဝန်ရှိသူ နိုင်အဲမွန်က “ကျနော်တို့ကြားတာ ဒီတစ်လခွဲ နှစ်လ ပတ်ဝန်း ကျင်ပဲ ပြီးခဲ့တဲ့ ဇူလိုင်အစလေးမှာ အချက်အလက်တွေ စပြီးတော့ ရတယ်။ ကျနော်တို့ ဇူလိုင် First week မှာ ကျနော်တို့ ပထမဦးဆုံး နှစ်မှု၊ သုံးမှု ရတယ်။ သံဖြူဇရပ် နဲ့ ပေါင် နောက်ပြီးတော့ တစ်ချို့ဆိုလို့ရှိရင် ဘီးလင်း မှာရှိတဲ့ တစ်ချို့နယ်မြေတွေမှာ အမျိုးသမီးတွေကို စာရင်းကောက်တာ ဇူလိုင် second week ပြီးလို့ရှိရင် အခုဆိုရင် ဒီသံလွင် အရှေ့ခြမ်းဘက်ကို ရောက်လာတယ် တဖြည်းဖြည်းနဲ့ ရောက်လာတယ်” ဟု ပြောသည်။စာရင်းကောက်ခံရာတွင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနက တာဝန်ရှိသူများ အပါအဝင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး စသည့် ဌာနများမှ တာဝန်ရှိသူများက အိမ်ထောင်စု စာရင်းကောက်ယူပြီး စစ်မှုထမ်းရန် အသက်ပြည့်သည့် လူငယ်များအား စိစစ် စစ်ဆေးမှုများ တင်းကြပ်စွာ ဖိအားပေး လုပ်ဆောင်နေသည် ဟု နိုင်အဲမွန် က ဆိုသည်။

ထိုကဲ့သို့ တင်းကြပ်စွာ ဖိအားပေး လုပ်ဆောင်နေရခြင်းသည် စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အဆင့်ဆင့် ဖိအားပေး လုပ်ဆောင်နေသည့် စီမံချက်တစ်ခု ဖြစ်သည်ဟု နိုင်အဲမွန် က သုံးသပ်သည်။

“အခုသွားနေတဲ့ ပုံစံက ကျနော်တို့ သိတဲ့ အတိုင်း ဒီစစ်အင်အား အမြဲလိုနေတယ်။ နောက်တခုက သတ်မှတ် အင် အား မပြည့်ဘူး။ သတ်မှတ်အင်အား မပြည့်မီတဲ့ခါကြတော့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က နေပြီးတော့ တပ်ရင်း တပ်ဖွဲ့တွေကို ဖိအားပေးပုံရတယ်။ အဲ့ကနေတစ်ဆင့် ထွေအုပ်တွေ၊ အုပ်ချူပ်ရေးမှူးတွေ၊ မြို့နယ် ကျေးရွာအုပ်စု၊ တိုက်နယ်ကျေးရွာ၊ ရပ်ကွက် အဆင့်ထိ အဆင့်ဆင့် ဆင့်ကဲ ဆင့်ကဲ ဖိအားပေးပုံရတယ်။”

မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ၏ စစ်တမ်းကောက်ယူ ရရှိမှုများအရ မုဒုံ၊ သံဖြူဇရပ်၊ ရေး မြို့နယ် မြောက်ပိုင်း၊ ကျိုက်မရော၊ ဘားအံ၊ ဘီးလင်း၊ ပေါင်မြို့နယ်နှင့် ထားဝယ်ဘက်တွင်လည်း လောင်းလုံးနှင့် ရေဖြူမြို့နယ်ထဲတွင် နေထိုင်သည့် အမျိုးသမီးများအား စစ်မှုထမ်းရန် စာရင်းများ ကောက်ယူနေသည်ဟု ဆို သည်။

စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် နိုင်ငံတစ်ဝှမ်းတွင် လူငယ် အများစုသည် စိုးရိမ်ကြောင့်ကြမှု ကြီးစွာဖြင့် ရှောင်တိမ်းနေကြရသည်။ 

Most read this week

September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...