စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ရခိုင်ကမြို့နယ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများသာမက စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များလည်း လစာမရဖြစ်နေကြရ

စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ရခိုင်ကမြို့နယ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများသာမက စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များလည်း လစာမရဖြစ်နေကြရ

ရခိုင်က စစ်ကောင်စီ လက်အောက်တွင် ရှိနေဆဲဖြစ်သည် မြို့နယ် ၅ ခုခန့်တွင်  ဌာနဆိုင်ရာ ဝန်ထမ်းများသာမက စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များလည်း လစာမရဖြစ်နေကြသည်ဟု သတင်းရရှိသည်။

ထိုသို့ လစာမရဖြစ်နေကြရခြင်းမှာ တိုက်ပွဲများကြောင့် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများအားလုံး ပြတ်တောက်နေ၍ ဖြစ်သည်ဟု ဌာနဆိုင်ရာ ဝန်ထမ်းများက ပြောကြားသည်။

တိုက်ပွဲတစ်ကြိမ်တခါမှမဖြစ်သေးသော်လည်း စစ်ရိပ်စစ်ငွေ့သန်းလာသည့်  မာန်အောင် မြို့နယ်တွင်လည်း စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး လစာမရကြသေးကြောင်း ဌာနဆိုင်ရာဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

" ကျွန်မသိရသလောက် လက်နက်ကိုင်အဖွဲ့ (စစ်တပ်၊ရဲတပ်ဖွဲ့)တွေကလည်း မရဘူး။ ဘာဖြစ်လို့ မရတာလဲဆိုတော့ နေဗီတွေ ဒီမှာမရှိဘူး။ ဒီမှာက စီးပွားရေးဘဏ်တွေမှာ ငွေမရှိတော့ဘူး။ လစာငွေကို နေဗီကနေတဆင့် လာပို့တယ်။ အခုက နေဗီနဲ့ အဆက်သွယ်မရဘူးလို့ကြားတယ်။ နေဗီတွေက တခြားနေရာတွေကို စစ်ကူဖို့သွားနေရတဲ့ ပုံစံမျိုးကြားနေရတယ်" ဟု သူမက ပြောသည်။

လစာမရသည့် အထဲတွင် သာမန် ဝန်ထမ်းများသာမက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)အခြေစိုက်ရာ အမ်းမြို့နှင့် စကခ(၅)အခြေစိုက် တောင်ကုတ်မြို့ရှိ တပ်ရင်းများလည်း ပါဝင်သည်ဟု စစ်တပ်မိသားစုနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

" တပ်ကလူတွေမှာတော့ ရိက္ခာတွေတော့ ထောက်ပံ့ပေးတယ်။ လစာကတော့ မရသေးဘူး။  ဇူလိုင်လစာနဲ့ ဩဂုတ်လ လစာကို အခု ဩဂုတ်လ တတိယပတ်အထိ မပေးသေးပါဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက စားနပ်ရိက္ခာလောက်သာ ထောက်ပံ့ပေးနိုင်ပြီး လစာမရကြသဖြင့် အဆင်မပြေဖြစ်နေကြသည်ဟု တောင်ကုတ်မြို့ခံ တစ်ဦးက ပြောသည်။

အလားတူ တောင်ကုတ်မြို့နယ်ရှိ ပညာရေးဌာနအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ အားလုံးသည်လည်း ဇူလိုင်လအတွက် လစာကို ယခုထိမရရှိသေးကြောင်း သူက ဆက်ပြောသည်။

" ဌာနဆိုင်ရာတွေ ဘယ်သူမှ လစာမရကြသေးဘူး။ အခုထိ ဇူလိုင်လစာကိုတောင် မရကြသေးတာပါ"ဟု ပြောသည်။

ရခိုင်တွင် စစ်ရေးအခြေအနေတင်းမာနေသည့်ကြားမှ စစ်ကောင်စီ၏ ထိန်းချုပ်ရာ မြို့နယ်များတွင် ဌာန ဆိုင်ရာဝန်ထမ်းများမှာ မဖြစ်မနေတာဝန်ထမ်းဆောင်ရန် ဖိအားပေး ခြိမ်းခြောက်ခံနေရပြီး အထူးသဖြင့် ပညာရေးဝန်ထမ်းများဆိုလျှင် တာဝန်မထမ်းဆောင်လျှင် လုပ်ငန်းတာဝန်မှ ရပ်ဆိုင်းသည်အထိ ဖိအားပေးခံနေရခြင်းဖြစ်သည်။

ထိုသို့ဖိအားများဖြင့် တာဝန်ထမ်းဆောင်နေရသော်လည်း လုပ်ခလစာများမရရှိ၍ အထူး စိတ်ပျက်နေကြောင်း တောင်ကုတ်မြို့နယ်မှ မူလတန်းပြကျောင်းဆရာတစ်ဦးက ပြောသည်။

" လစာမရတဲ့ခါ ကျနော်တို့ လုပ်ငန်းခွင်ဝင်ချင်စိတ်မရှိတော့ဘူး။ ကျောင်းတွေမှာလည်း တချို့ဆရာ/ဆရာမတွေ ကျောင်းမလာကြတော့ဘူး။ နယ်မှာကျနေတဲ့ဆရာ/ဆရာမတွေဆိုရင် အသွားအလာခရီးစရိတ်၊ နေရေးထိုင်ရေးစရိတ်၊ စားစရိတ်တွေကအစ လစာမရတဲ့အခါ အလုပ် ဆက်မလုပ်နိုင်တော့ဘူးလေ" ဟု ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်အမ်းမြို့တွင်လည်း ဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံးသည် ဇူလိုင်လအတွက် လစာကို ယခုထိ မရရှိသေးသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း လစာမရကြသေးဟု အမ်းမြို့အခြေအနေကိုသိရှိသည့် မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

"ပညာရေးဝန်ထမ်းတွေကအစ ဌာနဆိုင်ရာတွေ ဘယ်သူမှလစာမရကြသေးဘူးလို့ သိရတယ်။ စစ်တပ်တပ်ဖွဲ့ဝင်တွေတောင် မရကြသေးဘူးလို့ သူတို့မိသားစုပြောနေဆိုနေသံကြားတယ်" ဟု ပြောသည်။

ရခိုင်တွင် မြို့နယ် ၁၇ မြို့နယ် ရှိရာတွင် စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ မာန်အောင်နှင့် ဂွမြို့ ပေါ်တို့သာ စစ်ကောင်စီ လက်ထဲတွင် ကျန်နေပြီး အဆိုပါ မြို့ပေါ်တွင်လည်း တိုက်ပွဲများကြောင့် ဆက်သွယ်ရေးလမ်းများ ပြတ်တောက်နေ၍ စစ်တွေမြို့မှ အပ ကျန်မြို့များတွင် လစာရရန် အခက်အခဲကြုံနေကြရသည်ဟု သိရသည်။

ထိုသို့ ဝန်ထမ်းများ လစာမရဖြစ်လာရ ဖြစ်လာခြင်းမှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်စီးယိုင်နဲလာနေ၍ ဖြစ်ကြောင်း ပြောဆိသည်။

ထိုအခြေအနေများကြောင့် စစ်ကောင်စီအပေါ် ၄င်း၏ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် အယုံအကြည်ကင်းမဲ့လာကြောင်း ရခိုင်မှဌာနဆိုင်ရာဝန်ထမ်းတချို့က နိရဥ္စရာသတင်းဌာနသို့ ပြောဆိုကြသည်။

September 13, 2024
ရခိုင်ပြည်မြောက်ပိုင်းတွင် မိုးကြီးဦးမည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာရှင်များက ခန့်မှန်းထားသည်...
September 13, 2024
လူသားချင်းစာနာမှုအကူအညီ များပေးနေသည့် ရခိုင်ပြည်၊ မောင်တောမြို့၊ (၃) မိုင် နှင့်...
September 11, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ကျော်အတွက်...