မွန်ပြည်နယ်မှာ သန်းခေါင်စာရင်း စကောက်ဖို့ စစ်ကောင်စီပြင်ဆင်

မွန်ပြည်နယ်မှာ သန်းခေါင်စာရင်း စကောက်ဖို့ စစ်ကောင်စီပြင်ဆင်

မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ နိုင်ငံအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ ရွေး‌ကောက်ပွဲကျင်းပနိုင်ရေးအတွက် သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာ သန်းခေါင်စာရင်းစတင်ကောက်ယူဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

သန်းခေါင်စာရင်း စတင်ကောက်ယူဖို့အတွက် သြဂုတ် ၁၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြကြိုင် ဦးဆောင်ပြီး သန်းခေါင်စာရင်း ကောက်ယူရေး တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် ကောက်ကွက်ပေါင်း ၃၆၀၀ ကျော်နဲ့ ဖွဲ့စည်းထားသလို စာရင်းစစ်၊ စာရင်းကောက်သူ ၁၂၀၀ နီးပါးနဲ့ ကောက် ယူဖို့ လျာထားတာပါ။

ဒါပေမယ့် လုံခြုံရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်မှု ခက်ခဲတဲ့ဒေသတွေကို သန်းခေါင်စာရင်း ကောက်ယူရာမှာ ရက်ထပ်မံတိုးမြှင့်ဖို့နဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဦးမြကြိုင်ကညွှန်ကြားခဲ့ပါတယ်။

မွန်ပြည်နယ်ဒေသခံတစ်ဦးကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲအပြင် စစ်မှုထမ်းအတွက်ပါ လူဦးစာရင်း အတိအကျရရှိဖို့ ကောက်ခံတာလို့ သူ့အမြင်ကို ပြောပါတယ်။

“ကျွန်တော်တို့ စိတ်ထဲမှာ ထင်တာပေါ့နော်။ ဟို၂၀၀၈ နာဂစ်တုန်းကလိုပဲ သေတဲ့လူဦးရေစာရင်းတွေနဲ့ သူ့ဟာသူ ရွေးကောက်ပွဲလုပ်၊ သူ့ဟာသူထောက်ခံပြီးတော့ အဲဒီလူတွေထောက်ခံပါတယ်ဆိုပြီးတော့ သူလုပ်မယ့်အကွက်မျိုးကို ကျွန်တော်တို့က စိတ်ထဲကသံသယဖြစ်တယ်ပေါ့နော်။ အ ကယ်၍ အိမ်ထောင်စုစာရင်း တိတိကျကျကောက်တဲ့အခါမှာ အမျိုးသားဦးရေ များရင်များသလိုပေါ့နော်။ အမိန့်တွေ ထပ်မံထုတ်ပြီးတော့ စစ်မှုထမ်းအတွက် သူဒီဟာကို ဦးတည်ပြီးတော့ လုပ်မယ်ဆိုတဲ့ဟာကို တော်တော်များများ ယူဆနေကြတာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်ရဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုတော့ လာမယ့် အောက်တိုဘာ ၁ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူသွားဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့် မွန်ပြည်နယ်မှာတော့ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ သန်းခေါင်စာရင်း အပြည့်အဝ ကောက်ယူနိုင်ဖို့ အခက်အခဲရှိနေတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ကောင်စီအနေနဲ့ တရားဝင်အစိုးရ ဖြစ်နိုင်ဖို့ ရွေးကောက်ပွဲလုပ်ဖို့အတွက် သန်းခေါင်စာရင်းကောက်ယူတာဖြစ်ပြီး ရွေးကောက်ပွဲ အ ထမြောက်အောင် လုပ်ပေးမယ့် နိုင်ငံရေးသမားတွေကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ သတိ ပေးပါတယ်။

“သူတို့ကတရားဝင်အစိုးရ ဖြစ်နိုင်ဖို့အတွက် ဘက်ပေါင်းစုံက ပြင်ဆင်ပြီးတော့ အခုလိုရွေးကောက် ပွဲလုပ်ဖို့ သန်းခေါင်စာရင်းတွေ စကောက်လာတယ်လို့ ကျွန်တော်မြင်တယ်။ ဒီရွေးကောက်ပွဲ အထ မြောက် အောင်မြင်ဖို့အတွက် လော်ဘီဝိုင်းလုပ်ပြီးတော့ ဆော်ဩပေးမယ့် နိုင်ငံရေး အချောင်သ မားတွေကို ကျွန်တော်နည်းနည်းလေး သတိပေးချင်တာက ပြည်သူတွေနဲ့တော်လှန်ရေးအဖွဲ့အစည်း တွေက ခင်ဗျားတို့ကို လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့တော့ ကျွန်တော်ပြောကြားလိုတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူပြီး ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ သူတို့အာဏာကို ဆက်ထိန်းဖို့အတွက် လုပ်ဆောင်တာ ဖြစ်တာကြောင့် တရားမျှတမှုရှိမှာ မဟုတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်တာမလုပ်ဖို့ သူကမေတ္တာရပ်ခံထားပါတယ်။

နိုင်ငံတဝန်း ခုခံတော်လှန်စစ်တွေကြောင့် မြို့ပေါင်း ၈၀ နီးပါး လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင် စီဟာ သန်းခေါင်စာရင်း ကောက်ယူပြီးပါက လာမယ့် ၂၀၂၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါပေမယ့် လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြင်း ထန်လာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်းရှိ လူဦးရေသုံးသန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရပါတယ်။

မွန်ပြည်နယ်မှာတော့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး စစ်ကောင်စီ လက်ထက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ခန့်မှန်း လူဦးရေစာရင်းအရ အမျိုးသားနဲ့ အမျိုးသ မီးပေါင်း ၁ ဒသမ ၉ သန်းကျော် ရှိနေပါတယ်။

September 13, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့်...
September 12, 2024
မွန်ပြည်နယ် ရေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထံ ငွေကြေးထောက်ပံ့တာတွေ လုပ်...
September 11, 2024
မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်တာကြောင့်...
September 10, 2024
စစ်တပ်ကနေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဥပဒေအရ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ...